မန္တလေးမြို့တွင်  ဘဏ်မှ ငွေထုတ်ပြန်လာသူ အမျိုးသမီးအား  သေနတ်ဖြင့်ပစ်သတ်ပြီး ငွေလုယက် မှု ဖြစ်ပွား

မန္တလေးမြို့တွင်  ဘဏ်မှ ငွေထုတ်ပြန်လာသူ အမျိုးသမီးအား  သေနတ်ဖြင့်ပစ်သတ်ပြီး ငွေလုယက် မှု ဖြစ်ပွား
Published 11 July 2022

မန္တလေးမြို့တွင်  ဘဏ်မှငွေထုတ်ပြန်လာသူ အမျိုးသမီးအား  သေနတ်ဖြင့်ပစ်သတ်၍  ဓါးပြတိုက်မှု ဇူလိုင်လ ၁၁ ရက် မွန်းတည့် ၁၂နာရီဝန်းကျင်က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ချမ်းမြသာစည် မြို့နယ်၊ထွန်တုံးရပ်ကွက် ၊ မနော်ဟရီလမ်းနှင့် လမ်း ၅၀ အနီးရှိ နေအိမ်တစ်ခုတွင် နေထိုင်သည့် အသက်၆ဝနှစ်အရွယ်ခန့် အမျိုးသမီးသည်   ဘဏ်မှငွေထုတ်ပြီးအပြန်  အိမ်ရှေ့အရောက်တွင် ယခုကဲ့သို့ သေနတ်ပစ်ခတ်ခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။

" ဘဏ်ကနေ ငွေထုတ်ပြန်လာတာ။ သိန်းလေးရာလား လေးထောင်လားဝောာ့ မသိဘူး။ အရင်က တရားသူကြီး အငြိမ်းစားလို့ ပြောတယ်။ သူဘဏ်က အပြန်ထဲက ကပ်ပါလာပုံရတယ်။အိမ်ရှေ့အရောက် အမျိုးသားသုံးဦးလောက်က သေနတ်နဲ့ပစ်ပြီး ငွေတွေနဲ့ ကားကိုပါယူသွားတယ်လို့ သိရတယ်"ဟု အဆိုပါ အခင်းဖြစ်ပွားရာအနီး နေထိုင်သူတစ်ဦးက ပြောကြားသည်။

သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် အဆိုပါအမျိုးသမီးသည် သေနတ်ထိ ထိမှန်ဒဏ်ရာဖြင့် မန္တလေးပြည်သူ့ဆေးရုံသို့ပို့ဆောင်စဉ် သေဆုံးသွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ တာဝန်ရှိသူများကစုံစမ်းဆောင်ရွက်ခဲ့ရာ ဓါးပြတိုက်ပြီးယူဆောင်သွားခဲ့သောကားကို လမ်း၅ဝနှင့်၁ဝရလမ်းထောင့်တွင် တွေ့ရှိခဲ့ရသည်ဟု စုံစမ်းသိရသည်။