ဘဏ္ဍာသိမ်းမော်တော်ယာဉ်များ လေလံတင် ရောင်းချမည့်အစီအစဉ်မရှိကြောင်း စီမံ/ဘဏ္ဍာ အသိပေးကြေညာခြင်း၊ သီလဝါရှိ ဆူဇူကီးစက်ရုံ ပစ္စည်းတင်သွင်းရသည့်အခက်အခဲများကြောင့် ကားထုတ်လုပ်မှု ယာယီရပ်ဆိုင်းထားခြင်း

ဘဏ္ဍာသိမ်းမော်တော်ယာဉ်များ လေလံတင် ရောင်းချမည့်အစီအစဉ်မရှိကြောင်း စီမံ/ဘဏ္ဍာ အသိပေးကြေညာခြင်း၊ သီလဝါရှိ ဆူဇူကီးစက်ရုံ ပစ္စည်းတင်သွင်းရသည့်အခက်အခဲများကြောင့် ကားထုတ်လုပ်မှု ယာယီရပ်ဆိုင်းထားခြင်း
Published 11 July 2022

ဘဏ္ဍာသိမ်းမော်တော်ယာဉ်များ လေလံတင်ရောင်းချမည့်အစီအစဉ်မရှိကြောင်း စီမံ/ဘဏ္ဍာ အသိပေးကြေညာခြင်း

ဘဏ္ဍာသိမ်းမော်တော်ယာဉ်များ လေလံတင်ရောင်းချမည့် အစီအစဉ်မရှိကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက အသိပေးကြေညာချက် ထုတ်ပြန်ခဲ့သည်။

လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် နိုင်ငံတော်မှ နိုင်ငံပိုင် (ပြည်သူ့ဘဏ္ဍာ)အဖြစ် သိမ်းဆည်းထားသည့် မော်တော်ယာဉ်များကို လေလံစနစ်ဖြင့် ထုခွဲရောင်းချမည်ဆိုသော သတင်းများထွက်ပေါ်ခဲ့ ခြင်းဖြစ်သည်။

လက်ရှိအခြေအနေတွင် ဘဏ္ဍာသိမ်း မော်တော်ယာဉ်များ လေလံတင်ရောင်းချမည့်အစီအစဉ် မရှိကြောင်း အသိပေးကြေညာအပ်သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ဖမ်းဆီးရမိသည့် လိုင်စင်ရှိ၊ လိုင်စင်မဲ့ မော်တော်ယာဉ်များ အပါအဝင်ဖမ်းမိပစ္စည်းများကို အမှုများ အမြန်ဆုံးပြီးပြတ်အောင်ဆောင်ရွက်ပြီး လေလံပစ်ရောင်းချရမည်ဖြစ်ကြောင်း တရားမဝင်  ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောကြားသည်။

ပြီးခဲ့သည့် ဇွန်လကုန်ပိုင်းက ကျင်းပသည့်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးရမိကုန်စည်များကို လုပ်ထုံးလုပ်နည်းနှင့်အညီ ထုခွဲ ရောင်းချပြီး ရသင့်ရထိုက်သည့် အခွန်ဘဏ္ဍာများရရှိရန် လိုအပ်ကြောင်း၊ လေလံမပစ်မီ ဖမ်းဆီးရမိပစ္စည်းများ ပျက်စီးဆုံးရှုံးသွားလျှင် ဖမ်းဆီးပေးသူများ၏ ကြိုးပမ်းအားထုတ်မှုများ အချည်းနှီးဖြစ်ရသကဲ့သို့ နိုင်ငံဘဏ္ဍာရရှိမှုလည်း လျော့နည်းမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပုပ်သိုးပျက်စီးလွယ်သည့် ကုန်စည်များကို လုပ်ထုံးလုပ်နည်းနှင့်အညီ မြန်မြန်ဆန်ဆန် လေလံတင် ရောင်းချသွားရမည်ဖြစ်ကြောင်း၊ ဖမ်းဆီးရမိ လိုင်စင်ရှိ၊ လိုင်စင်မဲ့မော်တော်ယာဉ်များကိုလည်း ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ အမြန်ဆုံး အပ်နှံဆောင်ရွက်သွားကြရန်နှင့် အမှုများ အမြန်ဆုံးပြီးပြတ်နိုင်အောင်လည်း လုပ်ဆောင်ရမည်ဖြစ်ကြောင်း ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ဆိုသည်။

တရားမဝင်ကုန်သွယ်မှုကို တိုက်ဖျက်ရာတွင် သယ်ဆောင်မှုများ၊ သိုလှောင်မှုများကို ဖမ်းဆီးအရေးယူမှုများအပြင် တရားမဝင် ကုန်သွယ်မှုများ လျော့နည်းပပျောက်အောင် စီးပွားရေးလုပ်ငန်းရှင်များအပါအဝင်သက်ဆိုင်သူများနှင့်ဆွေးနွေးညှိနှိုင်းအဖြေရှာ ရမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

ထို့ပြင် အချို့တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ကုန်သွယ်မှုလမ်းကြောင်းများတွင် တရားမဝင်ကုန်သွယ်မှုကို ရနိုင်သမျှနည်းလမ်းများဖြင့် တားဆီးထိန်းချုပ်သွားကြရမည် ဖြစ်ကြောင်း၊ တရားမဝင်ကုန်သွယ်မှု စတင်ရာနေရာ၊ သိုလှောင်ထားရှိသည့်နေရာများနှင့်တင်သွင်းရောက်ရှိပြီး ဖြန့်ဖြူးရန်သိုလှောင်ထားသည့် နေရာများကိုပါ ပုံမှန်၊ ရှောင်တခင် ဝင်ရောက်စစ်ဆေးအရေးယူခြင်းများကို ဆောင်ရွက်ရမည် ဖြစ်ကြောင်း ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောကြားသည်။

သီလဝါရှိ ဆူဇူကီးစက်ရုံပစ္စည်းတင်သွင်းရသည့် အခက်အခဲများကြောင့် ကားထုတ်လုပ်မှု ယာယီရပ်ဆိုင်း

သီလဝါရှိ ဆူဇူကီးစက်ရုံ လတ်တလော ပိတ်သိမ်းခြင်း မရှိသေးဘဲ ပစ္စည်းတင်သွင်းရသည့် အခက်အခဲများကြောင့် လတ်တလောတွင် ကားထုတ်လုပ်မှု ယာယီ ရပ်ဆိုင်းထားရကြောင်း SUZUKI (MYANMR) MOTOR CO,.Ltd မှ Managing Officer ဦးမျိုးမင်းထွန်းက The Daily Eleven သတင်းစာသို့ ပြောကြားသည်။                          

ဆူဇူကီးအမှတ်တံဆိပ်မော် တော်ယာဉ်များကို ရန်ကုန်တိုင်း သန်လျင်မြို့ရှိ သီလဝါစက်မှုဇုန်တွင် စက်ရုံတည်ထောင်ကာ မော်တော်ယာဉ်များကို ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။

“စက်ရုံကတော့ အခုထိ ပိတ်တယ်လို့ မကြေညာသေးပါဘူး။ ထုတ်လုပ်မှုအပိုင်းမှာ ထုတ်စရာပစ္စည်းက မရှိသလောက် ဖြစ်နေတယ်။ ပစ္စည်းမရဘူး ဆိုရင်တော့ ဆက်မထုတ်နိုင်တော့ဘူး”  SUZUKI (MYANMR) MOTOR CO,.Ltd မှ Managing Officer ဦးမျိုးမင်းထွန်းက The Daily Eleven သတင်းစာသို့ ပြောကြားသည်။       

လက်ရှိတွင် မော်တော်ယာဉ် အပိုပစ္စည်း တင်သွင်းမှုများမှာ ဦးစားပေးအဆင့်တွင် ပါဝင်ခြင်းမရှိသဖြင့် ပစ္စည်းတင်သွင်းရာတွင် အခက်အခဲများရှိနေကြောင်း သိရသည်။

“တိုင်းပြည်ရဲ့မူဝါဒအရ ဆေးပစ္စည်းတို့ဘာတို့ကိုဦးစားပေးတာကိုး။ ကျွန်တော်တို့က ဦးစားပေးထဲမှာမပါဘူးပေ့ါ”ဟု ဦးမျိုးမင်းထွန်းက ပြောကြားသည်။                            

အဆိုပါ ဆူဇူကီးစက်ရုံမှ မော်တော်ယာဉ်ထုတ်လုပ်မှု ယာယီ ရပ်ဆိုင်းခဲ့သည့်ဖြစ်စဉ်မှာ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် ဖြစ်ပွားခဲ့ပြီး ယင်းအချိန်က အင်တာနက်လိုင်းများ ခေတ္တချို့ယွင်းမှုကြောင့် ရပ်ဆိုင်းခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ပြီးခဲ့သည့် ၂၀၂၀ ပြည့် နှစ် နိုဝင်ဘာလက ကနဦး မော်တော်ယာဉ်မှတ်ပုံတင်ခြင်းလုပ်ငန်းများ ရပ်ဆိုင်းထားခြင်းကြောင့် ထုတ်လုပ်ပြီးကားအစီးရေ ၂၁၀၀ ကျော်ကျန် ရှိနေသဖြင့် သီလဝါနှင့် တောင်ဒဂုံစက်မှုဇုန်ရှိ ZUKI မော်တော်ယာဉ် ထုတ်လုပ်ရေးလုပ်ငန်းများ ယာယီရပ်နားထားခဲ့သည်။

ယခင်က ဆူဇူကီးမှ တစ်ရက်လျှင် မော်တော်ကား ၄၈ စီး တပ်ဆင် ထုတ်လုပ်လျက်ရှိပြီး ၂၀၁၈ ခုနှစ် အတွင်း မြန်မာနိုင်ငံစျေးကွက်တွင် မော်တော်ယာဉ်အစီးရေ ၁၁၆၉၁ စီး ထုတ်လုပ်ရောင်းချခဲ့ကာ ၂၀၁၉ သြဂုတ်လကုန်အထိ မော်တော်ယာဉ်စီးရေ ၁၀၄၂၈ စီး ထုတ်လုပ် ရောင်းချခဲ့ပြီးဖြစ်သည်။

SUZUKI (MYANMR) MOTOR CO,.Ltd ၏ မော်တော် ကားတပ်ဆင်ထုတ်လုပ်ခြင်း လုပ်ငန်းသည် ဂျပန်နိုင်ငံမှလာရောက် ရင်းနှီးမြှုပ်နှံခြင်းဖြစ်ကာ လက်ရှိတွင် စုစုပေါင်းလုပ်သား အင်အား ၃၀၀ ကျော်၊ ရင်းနှီးမြှုပ်နှံမှု  အမေရိကန်ဒေါ်လာ ၃၅ သန်းရှိကြောင်း သိရသည်။

SUZUKI (MYANMR) MOTOR CO,.Ltd မှ ထုတ်လုပ် သည့် မော်တော်ယာဉ်များမှာ ERTTIGA,SWIFT,CIAZ နှင့် CARRY Truck အမျိုးအစားများ  ဖြစ်သည်။

နိုင်ငံပိုင်မြန်မာအမျိုးသား လေကြောင်းလိုင်းက နိုင်ငံတကာခရီးစဉ်သစ်ပျံသန်းမှုအဖြစ် အင်ချွန်းမြို့နှင့် ကူမင်းမြို့များသို့ ခရီးစဉ်သစ်များ စတင်ပျံသန်း

နိုင်ငံပိုင်မြန်မာအမျိုးသားလေကြောင်းလိုင်းက နိုင်ငံတကာခရီးစဉ်သစ်ပျံသန်းမှုအဖြစ် ကိုရီးယား သမ္မတနိုင်ငံ၊ အင်ချွန်းမြို့သို့ လာမည့် ဇူလိုင် ၂၂ ရက်မှစတင်ကာ Boeing 737-800NG လေယာဉ်ဖြင့် ပျံသန်းမည်ဖြစ်ကြောင်း သတင်းရရှိသည်။နိုင်ငံပိုင်မြန်မာအမျိုးသားလေကြောင်းလိုင်းက နိုင်ငံတကာခရီးစဉ်သစ်ပျံသန်းမှုအဖြစ် တရုတ်ပြည် သူ့သမ္မတနိုင်ငံကူမင်းမြို့နှင့် ကိုရီးယားသမ္မတနိုင်ငံ၊ အင်ချွန်းမြို့များသို့ ခရီးစဉ်များ ပျံသန်းရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။

နိုင်ငံပိုင် မြန်မာအမျိုးသား လေကြောင်းလိုင်းက နိုင်ငံတကာ ခရီးစဉ်သစ်ပျံသန်းမှုအဖြစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံကူမင်းမြို့သို့ Boeing 737-800NG လေယာဉ်ဖြင့် စတင်ပျံသန်းခဲ့ကြောင်း သတင်းရရှိသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်းသည် နိုင်ငံတကာခရီးစဉ်သစ်ပျံသန်းမှုအဖြစ် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ကူမင်းမြို့သို့  ၂၀၂၂ ခုနှစ် ဇူလိုင် ၄ ရက်မှစ၍အပတ်စဉ် တနင်္လာနေ့တွင် ရန်ကုန်အပြည် ပြည်ဆိုင်ရာလေဆိပ် Terminal-1 မှ ပျံသန်းခဲ့ခြင်း ဖြစ်သည်။

မြန်မာအမျိုးသားလေကြောင်းလိုင်းသည်ရန်ကုန်-ကူမင်းခရီးစဉ်ကို UB-8006 အဖြစ် နံနက် ၁၁ နာရီတွင်လည်းကောင်း၊ ကူမင်း - ရန်ကုန်ခရီးစဉ်အား UB-8007 အဖြစ် ၁၆း၁၀ တွင်လည်းကောင်း ပျံသန်းသွားမည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ နိုင်ငံပိုင် မြန်မာအမျိုးသားလေကြောင်းလိုင်းအနေနဲ့ ပြည်ပခရီးစဉ်တွေအနေနဲ့ တရုတ်၊ ကူမင်းကို တိုးချဲ့ပြီး ပျံသန်းခဲ့တာဖြစ်ပါတယ်။ နောက် ဗုဒ္ဓဂယာဘုရားဖူးရာသီမှာ ဂယာကိုလည်း ပျံသန်းဖို့အတွက် စီမံဆောင်ရွက်လျက်ရှိပါတယ်။ ဒါ့အပြင် ဟောင်ကောင်နဲ့ ဒူဘိုင်းကိုလည်း ပျံသန်းနိုင်ဖို့ စီစဉ်နေပါတယ်။ ဟောင်ကောင်က လက်ရှိမှာ ကိုဗစ် စည်းမျဉ်း၊ စည်းကမ်းအရ ပြေးဆွဲလို့ မရသေးပါဘူး။ ဒါပေမဲ့လည်း သူတို့ဆီကနေ ဖြေလျှော့မှု တွေရှိလာရင် ပြန်လည် ပြေးဆွဲသွားမှာပါ။ ဒူဘိုင်းကို ပြေးဆွဲဖြစ်မယ်ဆိုရင် တစ်ပတ်ကိုနှစ်ခေါက်ပျံသန်းဖို့ စီစဉ်ထားပါတယ်”ဟု မြန်မာအမျိုးသား လေကြောင်းလိုင်း၏စီအီးအို  Capt ခုပ်ခန့်မုံက ဆိုသည်။

နိုင်ငံပိုင်မြန်မာအမျိုးသားလေကြောင်းလိုင်း၏ လေယာဉ်များကို မြန်မာနိုင်ငံတွင်းနှင့် အာရှပစိဖိတ်ဒေသများသို့ စင်းလုံးငှား ခရီးစဉ် ငှားရမ်းပျံသန်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

လေယာဉ်စင်းလုံးငှားခရီးစဉ်နှင့်ပတ်သက်သော အချက်အလက်များကို chater@flymna.com သို့ email ပေးပို့၍ အသေးစိတ်မေးမြန်းနိုင်ကြောင်း သိရသည်။

နိုင်ငံပိုင်မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) ၏ပြည်တွင်း ခရီးစဉ်များတွင် Mobile Application မှ တစ်ဆင့် Online Check-in ပြုလုပ်ပြီး E-Boarding Pass ထုတ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

Online Check-in သည် ပြည်တွင်းခရီးစဉ်များအတွက်သာဖြစ်ပြီး လေယာဉ်ထွက်ခွာချိန်မတိုင်မီ ၂၄ နာရီမှ ၇၅ မိနစ်အတွင်း အချိန်မရွေး Online Cheak-in ပြုလုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

Online Check-in ပြုလုပ်ပြီး ရရှိလာသော E-Boarding Pass အား Print ထုတ်ပြီး ယူဆောင်လာရ မည်ဖြစ်သည်။ Mobile Application ကို App Store နှင့် Google Play Store တို့တွင်  Download ပြုလုပ်ပြီး Mobile Application တွင် ခရီးစဉ်အချိန် ဇယားများရှာဖွေခြင်း၊ လေယာဉ်လက်မှတ်ဝယ်ယူခြင်း၊ ငွေပေးချေခြင်း၊ မိမိ၏ခရီးစဉ် အချက်အလက်များစစ်ဆေးခြင်း၊ Online Check-in ပြုလုပ်ခြင်းနှင့် E-Boarding Pass ရယူခြင်းအစရှိသော ခရီးစဉ်ဆိုင်ရာဝန်ဆောင်မှုများကို ရယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent