တပ်မတော်၏တာဝန်ထမ်းဆောင်မှုအပေါ် နိုင်ငံရေးအရ နာကြည်းမှုနှင့် သဘောထားကွဲလွဲမှုများ ယခုအချိန်အထိ ရှိနေသေးဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြောကြား

တပ်မတော်၏တာဝန်ထမ်းဆောင်မှုအပေါ် နိုင်ငံရေးအရ နာကြည်းမှုနှင့် သဘောထားကွဲလွဲမှုများ ယခုအချိန်အထိ ရှိနေသေးဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြောကြား
Published 5 July 2022

တပ်မတော်၏တာဝန်ထမ်းဆောင်မှုအပေါ် နိုင်ငံရေးအရ နာကြည်းမှုနှင့် သဘောထားကွဲလွဲမှုများ ယခုအချိန်အထိ ရှိနေသေးကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇူလိုင် ၄ ရက်တွင် အနောက်တောင်တိုင်း စစ်ဌာနချုပ်၊ ပုသိမ်တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် တွေ့ဆုံစဉ် ပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တပ်မတော်အနေဖြင့် နိုင်ငံတော်၏တာဝန်များကို မလွှဲသာမရှောင်သာသောအခြေအနေအရ လွှဲပြောင်းတာဝန်ယူ ဆောင်ရွက်ခဲ့ရသည်ကို အရာရှိ၊ စစ်သည်၊ ရဲမေမိသားစုများအနေဖြင့် မှန်မှန်ကန်ကန် သိရှိထားကြရန်လိုအပ်မည်ဖြစ်ကြောင်း၊ နိုင်ငံ၏သမိုင်းကြောင်း၊ ပထဝီအနေအထားနှင့် လက်ရှိဖြစ်တည်ချက်များအရ တပ်မတော်သည် နိုင်ငံတော်၏အမျိုးသားရေးကိစ္စရပ်များတွင် ပါဝင်နေရခြင်းဖြစ်သကဲ့သို့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင် ပါဝင်နေရကြောင်း၊ မိမိတို့နိုင်ငံရှိ နိုင်ငံရေးဆောင်ရွက်သူများအနေဖြင့် နိုင်ငံရေးရင့်ကျက်မှုနှင့် သဟဇာတဖြစ်မှုများရှိရန် လိုအပ်နေသေးသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ အိမ်နီးချင်းနိုင်ငံများတွင်လည်း တစ်နိုင်ငံနှင့် တစ်နိုင်ငံ နိုင်ငံရေးစနစ် မတူညီကွဲပြားမှုများရှိကြောင်း၊ အချို့သောနယ်စပ်ဒေသများတွင်လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ရှိနေကြောင်း၊ ထိုကဲ့သို့သော အခြေခံအချက်များအပြင် အခြားသော အချက်များစွာတို့အရ နိုင်ငံအနေဖြင့် နိုင်ငံရေးအရတည်ငြိမ်အေးချမ်းမှု၊ လုံခြုံရေးအရ တည်ငြိမ်အေးချမ်းမှုများ ယနေ့အထိ လိုအပ်လျက်ရှိကြောင်း၊ တည်ငြိမ်အေးချမ်းမှုများရှိရန်အတွက် မိမိတို့နိုင်ငံတွင် ခိုင်မာသည့် အင်စတီကျူးရှင်းလိုအပ်ကြောင်း၊ ထိုအင်စတီကျူးရှင်းမှာ တပ်မတော်သာဖြစ်ပြီး နိုင်ငံတော်၏ Guardian အနေဖြင့် နိုင်ငံတော်ကို ထိန်းသိမ်းဆောင်ရွက်ရမည်ဟု ပြောကြားသည်။

၁၉၈၈ ခုနှစ်၌ ပြည်သူလူထုအနေဖြင့် တစ်ပါတီအုပ်ချုပ်မှုကို မကြိုက်မနှစ်သက်ခြင်း၊ စီးပွားရေးကျဆင်းခြင်းတို့ကြောင့် တိုင်းပြည်၌ မငြိမ်မသက်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ ၎င်းအခြေအနေအပေါ် နိုင်ငံရေးအဖွဲ့အစည်းများ ပြည်ပနိုင်ငံများ၏ မြှောက်ပင့်သွေးထိုးမှုများကြောင့် နိုင်ငံတော်ကြီး ပြိုကွဲပျက်စီးတော့မည့် အခြေအနေသို့ ရောက်ရှိလာခဲ့သဖြင့် တပ်မတော်အနေဖြင့် နိုင်ငံတော်၏တာဝန်များကို ဝင်ရောက်ထိန်းသိမ်းခဲ့ရကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေအားဖျက်သိမ်း၍ စစ်အုပ်ချုပ်ရေးဖြင့် အုပ်ချုပ်ခဲ့ရကြောင်း၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ပြည်ထောင်စုကြီး စည်းစည်းလုံးလုံးဖြင့် တည်ငြိမ်မှုရှိစေရေး တင်းတင်းကြပ်ကြပ်ဆောင်ရွက်ခဲ့ရသဖြင့် တပ်မတော်၏ နိုင်ငံတော်၏ တာဝန်ထမ်းဆောင်မှုအပေါ် အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံရေးအရ နာကြည်းမှုများ၊ နိုင်ငံရေးအရ သဘောထားကွဲလွဲမှုများလည်း ဖြစ်ပေါ်ခဲ့ကြောင်း၊ ယင်းနာကြည်းမှုများမှာ ယခုအချိန်အထိ ကျန်ရှိနေသေးကြောင်း ၎င်းက ဆိုသည်။

Most Read

Most Recent