■ အင်တာမီလန်တွင် လူကာကူ ကျောနံပါတ် (၉၀) ဝတ်ဆင်မည်ဖြစ်ပြီး အိမ်ကိုပြန်လာရသကဲ့သို့ ခံစားရသည်ဟု ပြောကြား     

■ အင်တာမီလန်တွင် လူကာကူ ကျောနံပါတ် (၉၀) ဝတ်ဆင်မည်ဖြစ်ပြီး အိမ်ကိုပြန်လာရသကဲ့သို့ ခံစားရသည်ဟု ပြောကြား     
Photo: Inter
Photo: Inter
Published 1 July 2022

ချယ်လ်ဆီးအသင်းမှ အင်တာမီလန်သို့ အငှားစာချုပ်ဖြင့် ပြန်လည်ပြောင်းရွှေ့လာသည့် တိုက်စစ်မှူး လူကာကူသည် ကျောနံပါတ် (၉၀) ဝတ်ဆင်ကစားမည်ဟု သိရသည်။

    

ဘယ်လ်ဂျီယံတိုက်စစ်မှူး လူကာကူ (၂၉ နှစ်)သည် ပြီးခဲ့သည့်နှစ် နွေရာသီက အင်တာမီလန်မှ ချယ်လ်ဆီးသို့ ကလပ်စံချိန်တင်ပြောင်းရွှေ့ ကြေး ပေါင် (၉၇.၅) သန်းဖြင့် ပြောင်းရွှေ့ခဲ့သော်လည်း ခြေစွမ်းမပြနိုင်ခဲ့ပေ။ 

ထို့ပြင် ၎င်းသည် ရာသီဝက်ကာလမတိုင်မီကတည်းက ချယ်လ်ဆီး၌ မပျော်ကြောင်းနှင့် အင်တာမီလန်သို့ ပြန်လည်ပြောင်းရွှေ့ခွင့်ရလိုကြောင်း အင်တာဗျူးတစ်ခုတွင် ထုတ်ဖော်ပြောကြားခဲ့သောကြောင့် နည်းပြ တူဟယ်လ်နှင့်လည်း ဆက်ဆံရေးအဆင်မပြေဖြစ်ခဲ့သည်။ 

ယခုအခါ ၎င်းအား တစ်ရာသီ အငှားစာချုပ်ဖြင့် အင်တာမီလန်အသင်းက ပြန်လည်ခေါ်ယူလိုက်ခြင်းဖြစ်ပြီး ယခင်က ၎င်း ဝတ်ဆင်ခဲ့သည့် နံပါတ် (၉) မှာ ၀ါရင့်တိုက်စစ်မှူး ဂျက်ကို ဝတ်ဆင်နေသောကြောင့် နံပါတ် (၉၀) ဝတ်ဆင်ရန် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

    

"ဒါက အရမ်းကောင်းတဲ့ ခံစားချက်ပါ။ လွန်ခဲ့တဲ့တစ်နှစ်က ကျွန်တော်တို့ ဒီနေရာမှာ အောင်မြင်မှုတွေ ရယူနိုင်ခဲ့တာ အံ့မခန်းပါပဲ။ အဲဒါက အသင်းအတွက်၊ ပရိသတ်တွေနဲ့ ကျွန်တော့်အတွက်ပါ သက်ဆိုင်ပါတယ်။ အင်တာက ကျွန်တော့်ကို အများကြီးပေးထားပြီးပါပြီ။ ပြီးခဲ့တဲ့အကြိမ်ထက် ပိုကောင်းအောင် လုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ အခုအချိန်က အသင်းအတွက် ကြိုး စားလုပ်ဆောင်ရမယ့်အချိန်ဖြစ်ပြီး အရင်ကထက်ပိုကောင်းအောင် လုပ်နိုင်ဖို့ မျှော်လင့်ပါတယ်။ ဒါက ကျွန်တော့်အတွက်တော့ အိမ်ကိုပြန်လာရသလိုပါပဲ။ ကျွန်တော်အပါအဝင် မိသားစုဝင်တွေကလည်း အားလုံးကို ကျေးဇူးတင်ပါတယ်"ဟု လူ ကာကူက ပြောကြားခဲ့သည်။

Most Read

Most Recent