■ ၂၀၂၁-၂၂ ရာသီ၏ အကောင်းဆုံးအသင်းကို Marca ရွေးချယ်ခဲ့ပြီး  ရီးယဲလ်အသင်းမှ (၄)ဦးနှင့် လီဗာပူးလ်အသင်းမှ (၃)ဦး ပါဝင်     

■ ၂၀၂၁-၂၂ ရာသီ၏ အကောင်းဆုံးအသင်းကို Marca ရွေးချယ်ခဲ့ပြီး  ရီးယဲလ်အသင်းမှ (၄)ဦးနှင့် လီဗာပူးလ်အသင်းမှ (၃)ဦး ပါဝင်     
Photo: Marca
Photo: Marca
Published 1 July 2022

စပိန်သတင်းစာ Marca သည် ၂၀၂၁-၂၂ ရာသီအတွက် အကောင်းဆုံးအသင်းကို ရွေးချယ်ခဲ့ရာ ရီးယဲလ်အသင်းမှ ကစားသမား (၄)ဦးနှင့် လီဗာပူးလ်အသင်းမှ ကစားသမား  (၃)ဦး ပါဝင်ခဲ့ကြောင်း သိရသည်။

    

ယင်းအသင်းနှစ်သင်းသည် ပြီးခဲ့သည့် ၂၀၂၁-၂၂ ရာသီတွင်  ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့ ရောက်ရှိခဲ့သည့်အသင်းများ ဖြစ်ပြီး ရီးယဲလ်အသင်းက ဗိုလ်စွဲခဲ့ခြင်းဖြစ်သည်။ 

Marca သည် ၂၀၂၁-၂၂ ရာသီတွင် ခြေစွမ်းပြခဲ့သည့် ကစားသမားများကို ဦးစွာရွေးချယ်ခဲ့ပြီးနောက် အကောင်းဆုံးအသင်းကို ထပ်မံရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယင်းအတွက် အကဲဖြတ်ရွေးချယ်ရာတွင် Marca  မှ ခေါ်ယူထားသည့် ကျွမ်းကျင်သူ (၇၁)ဦး ပါဝင်ခဲ့ကြောင်းလည်း သိရသည်။

Marca က ၂၀၂၁-၂၂ ရာသီ အကောင်းဆုံးအသင်းကို (၄-၃-၃)ပုံစံဖြင့် ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး ဂိုးသမားအဖြစ် ရီးယဲလ်ဂိုးသမား ကော်တိုအာကို ရွေးချယ်ခဲ့သည်။ နောက်တန်း (၄)ဦးတွင် အာနိုးလ်နှင့် ဗန်ဒိုက်(လီဗာပူးလ်)၊ အလာဘာ(ရီးယဲလ်)နှင့် ကန်ဆယ်လို(မန်စီးတီး)တို့ ပါဝင်ခဲ့သည်။ အလယ်တန်း(၃)ဦးတွင် ဒီဘရိုင်းနားနှင့် ရိုဒရီ(မန်စီးတီး)၊ မိုဒရစ်(ရီးယဲလ်)တို့ ပါဝင်ခဲ့ပြီး ရှေ့တန်း(၃)ဦးမှာ ဆာလာ(လီဗာပူးလ်)၊ ဘန်ဇီမာနှင့် ဗင်နီစီယပ်စ်(ရီးယဲလ်)တို့ဖြစ်ကြောင်း သိရသည်။ 

ထို့ကြောင့် Marca ၏ အကောင်းဆုံးအသင်းတွင် ရီးယဲလ်၊ လီဗာပူးလ်နှင့် မန်စီးတီးအသင်း (၃)သင်းမှ ကစားသမားများသာ ရွေးချယ်ခံရခြင်းဖြစ်သည်။ PSG အသင်း၏ ပြင်သစ်တိုက်စစ်မှူး ဘာပေသည် ဆာလာထက် ဆန္ဒမဲပိုမိုရရှိခဲ့သော်လည်း PSG အသင်းမှာ ချန်ပီယံလိဂ်ရှုံးထွက်(၁၆)သင်းအဆင့်သာ ရောက်ရှိခဲ့သောကြောင့် အကောင်းဆုံးအသင်းတွင် မပါဝင်လာခြင်းဟုလည်း သိရသည်။ 

ဘာပေသည် ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)မှ ရွေးချယ်သည့် ၂၀၂၁-၂၂ ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ၏ အကောင်းဆုံးအသင်းတွင် ပါဝင်ခဲ့သူဖြစ်သည်။ ယင်းအသင်းနှင့် နှိုင်းယှဉ်ပါက Marca ရွေးချယ်ခဲ့သောအသင်းနှင့် ကစားသမား(၅)ဦးအထိ ကွဲလွဲမှုရှိခဲ့ကြောင်း သိရသည်။

Most Read

Most Recent