ကျိုက်ထိုမြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၁၁၂ ဦးရှိခဲ့ပြီး ကလေးငယ် နှစ်ဦးသေဆုံးခဲ့

ကျိုက်ထိုမြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၁၁၂ ဦးရှိခဲ့ပြီး ကလေးငယ် နှစ်ဦးသေဆုံးခဲ့
Photo  - ကျိုက်ထိုမြို့နယ်ပြည်သူ့ဆေးရုံ
Photo  - ကျိုက်ထိုမြို့နယ်ပြည်သူ့ဆေးရုံ
Published 27 June 2022
ဘိုဘိုမြင့်

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူစတင်တွေ့ရှိခဲ့သည့် မေလ (၂၃) ရက်မှ ဇွန် (၂၅) ရက်အတွင်း ရောဂါဖြစ်ပွားသူ (၁၁၂) ဦးရှိခဲ့ပြီး ကလေးငယ် (၂) ဦးသေဆုံးခဲ့ကြောင်း ကျိုက်ထိုမြို့နယ် ကျန်းမာရေးဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။

လက်ရှိတွင် ကျိုက်ထိုမြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူများပြားလျက်ရှိကြောင်း၊ ၎င်းရောဂါမှာ ပေါ့ဆလို့မရသည့် ရောဂါဖြစ်သည့်အတွက် မိဘများအနေဖြင့် ကလေးများအား အထူးသတိပြုစေချင်ကြောင်း နှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအား လုပ်ဆောင်နိုင်သမျှ အမြန်ဆုံးလုပ်ဆောင်ကြရန် အဆိုပါ သတင်းထုတ်ပြန်ချက်တွင် တိုက်တွန်းထားကြောင်း သိရသည်။

“ပြည်သူများအနေဖြင့် မိမိ၏ နေအိမ်၌ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းကို တစ်ပတ်လျှင် နှစ်ကြိမ်လုပ်ဆောင်ပေးရမည်ဖြစ်ကြောင်း၊ သို့မှသာ မိမိ၏ နေအိမ်ပတ်ဝန်းကျင်တွင် ပိုးလောက်လန်းများ မရှိမှာဖြစ်ကြောင်း၊ မိမိ၏ နေအိမ်တွင် ရေလဲ၊ ရေသွန်ရန် မရနိုင်သည့် ရေကန်များရှိပါက လည်း ပိုးလောက်လန်းသေစေသည့် Abate ဆေးကိုခပ်ပေးရန်လိုအပ်ကြောင်း နှင့် မိမိ၏ နေအိမ်တွင် Abate ဆေးကိုခပ်ချင်ပါက နီးစပ်ရာကျန်းမာရေးဌာနသို့ဆက်သွယ်ပြီး Abate ဆေးများ ရယူနိုင်ပါတယ်”ဟု ခြင်ကြောင့်ဖြစ်ပွားသည့် ရောဂါများအားကာကွယ်နှိမ်နင်းရေးအဖွဲ့တာဝန်ခံဆရာဝန် ဒေါက်တာမင်းသူ က ပြောကြားထားသည်။

၎င်းကဆက်လက်ပြီး “သွေးလွန်တုတ်ကွေးရောဂါနဲ့ပတ်သက်လို့ ကြိုတင်ကာကွယ်တာက အကောင်းဆုံးပါပဲ။ ဘာကြောင့်ဆိုတော့ သွေးလွန်တုတ်ကွေးရောဂါပိုးကို သတ်နိုင်တဲ့ ဆေးလည်း မပေါ်သေးသလို၊ ကာကွယ်ဆေးလည်း မရှိသေးပါဘူး။ ရောဂါဖြစ်လာရင် ကလေးက သေဆုံးနိုင်တဲ့အထိ အန္တရာယ်ရှိတဲ့အတွက်ကြောင့် ရောဂါမဖြစ်ပွားနိုင်အောင် ကြိုတင်ကာကွယ်ခြင်းက အကောင်းဆုံးနည်းလမ်းပါပဲ” ဟု ပြောကြားထားသည်။

မွန်ပြည်နယ်အတွင်း သွေးလွန်တုပ်ကွေးကူးစက်ရောဂါဖြစ်ပွားမှုနှုန်းများခဲ့သည့်နှစ်များဖြစ်ကြသည့် (၂၀၀၁) ခုနှစ်က သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ (၃၄၂၂) ဦးရှိခဲ့ပြီး၊ (၅၇) ဦးသေဆုံးခဲ့ကြောင်း၊ (၂၀၁၃) ခုနှစ်ကလည်း ရောဂါဖြစ်ပွားသူ (၃၀၂၈) ဦးရှိခဲ့ပြီး (၂) ဦးသေဆုံးခဲ့ကြောင်း၊ (၂၀၁၅) ခုနှစ်ကလည်း ရောဂါကူးစက်ဖြစ်ပွားသူ (၅၀၀၀) ဦးအထိစံချိန်တင်ဖြစ်ပွားခဲ့ပြီး (၄) ဦးသေဆုံးခဲ့ကြောင်း နှင့် သွေးလွန်တုပ်ကွေးကူးစက်ရောဂါသည် (၁၉၆၅) ခုနှစ်တွင် မြန်မာနိုင်ငံသို့ရောက်ရှိခဲ့ပြီး၊ (၁၉၇၀) ပြည့်နှစ်လွန်မှ စတင်ကာ မွန်ပြည်နယ် မော်လမြိုင်မြို့တွင် စတင်ဖြစ်ပွားခဲ့ကြောင်း ကျန်းမာရေးဦးစီးဌာနရှိ မှတ်တမ်းများအရ သိရသည်။

 

 

Most Read

Most Recent