နေပြည်တော်ဒုတိယမြို့တော်ဝန်ဟောင်း ဦးရဲမင်းဦး အဂတိအမှုခြောက်မှုဖြင့် ထောင်ဒဏ် ၁၈ နှစ် ချမှတ်ခံထားရပြီး အခြားအဂတိအမှုများအပြင် ရာဇသတ်ကြီးပုဒ်မ ၄၀၉ ဖြင့် စွဲဆိုထားသည့်အမှုများအတွက် ဆက်လက်တရားရင်ဆိုင်နေရ

နေပြည်တော်ဒုတိယမြို့တော်ဝန်ဟောင်း ဦးရဲမင်းဦး အဂတိအမှုခြောက်မှုဖြင့် ထောင်ဒဏ် ၁၈ နှစ် ချမှတ်ခံထားရပြီး အခြားအဂတိအမှုများအပြင် ရာဇသတ်ကြီးပုဒ်မ ၄၀၉ ဖြင့် စွဲဆိုထားသည့်အမှုများအတွက် ဆက်လက်တရားရင်ဆိုင်နေရ
Published 25 June 2022

NLD အစိုးရလက်က နေပြည်တော်စည်ပင်သာယာရေးကော်မတီတွင် ဒုတိယမြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဦးရဲမင်းဦးအား အဂတိဖြင့် တရားစွဲဆိုထားသည့် အမှုခြောက်မှုအတွက် ထောင်ဒဏ် ၁၈ နှစ် ချမှတ်ထားကြောင်း အမှုနှင့်ပတ်သက်၍ ထွက်ပေါ်လာသည့် သတင်းများအရ သိရသည်။

NLD အစိုးရလက်ထက်တွင် ရန်ကုန်တိုင်းဒေသကြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့်အပြင် နေပြည်တော်ဒုတိယမြို့တော်ဝန်၊ နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ဦးရဲမင်းဦးအား ဇွန် ၂၀ ရက်က အဂတိဖြင့် တရားစွဲဆိုထားသည့် အမှုငါးမှုအတွက် ထောင်ဒဏ် ၁၅ နှစ် ကျခံစေရန် နေပြည်တော်အချုပ်ထောင်အတွင်းရှိ အထူးတရားရုံးက အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

အထက်ပါအမှုများသည် နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်တွင် ဥက္ကဋ္ဌအဖြစ် ဦးရဲမင်းဦး ဆောင်ရွက်ခဲ့စဉ်က လုပ်ငန်းရှင်အချို့အား ချေးငွေထုတ်ချေးပေးသည့် ကိစ္စရပ်များနှင့်ပတ်သက်၍ အဂတိဖြင့်တရားစွဲဆိုထားသည့် အမှုများဖြစ်ကြောင်း သိရသည်။

၂၀၂၂ ခုနှစ် ဇွန် ၂၂ ရက်က နေပြည်တော်ကောင်စီဥက္ကဋ္ဌဟောင်း ဒေါက်တာမျိုးအောင်နှင့်အတူ တရားစွဲဆိုခြင်းခံထားရသည့် အဂတိအမှုတစ်မှုအတွက် ဦးရဲမင်းဦးအား ထောင်ဒဏ်သုံးနှစ်ကျခံစေရန် နေပြည်တော် အချုပ်ထောင်အတွင်းရှိ အထူးတရားရုံးက အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

ထို့ပြင်နေပြည်တော် ပုဗ္ဗသီရိမြို့နယ်တွင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ဆောင်ရွက်သည့် စီမံကိန်းတစ်ခုအတွက် မြေ ၂၃ ဒသမ ၈၅၅ ဧက ချထားပေးမှုအတွက် ဦးရဲမင်းဦးသည် အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌဟောင်း ဒေါက်တာမျိုးအောင် တို့နှင့်အတူ အဂတိဖြင့်တရားစွဲခံထားရသည့် အမှုကိုလည်း တရားရင်ဆိုင်နေရကြောင်း သိရသည်။

နေပြည်တော် ဒုတိယမြို့တော်ဝန်ဟောင်း ဦးရဲမင်းဦးကို ထောင်ဒဏ် တစ်သက် ကျွန်းဖြစ်စေ၊ ၁၀ နှစ်အထိ ထောင်ဒဏ်ဖြစ်စေ ချမှတ်ခံရနိုင်သည့် ရာဇသတ်ကြီးပုဒ်မ ၄၀၉ ဖြင့်လည်း တရားစွဲဆိုထားကြောင်း သိရသည်။

ဒက္ခိဏသီရိမြို့နယ်၊ မိုးသောက်ပန်းလမ်းအတွင်းရှိ မြေ ၀ ဒသမ ၇၅ ဧကကို စားသောက်ဆိုင်လုပ်ငန်းလုပ်ကိုင်မည့်ပုဂ္ဂိုလ် တစ်ဦးကို ခွင့်ပြုချထားပေးခဲ့ရာတွင် ကော်မတီစီမံခန့်ခွဲမှု အစည်းအဝေးဖြင့်သာ ဆုံးဖြတ် ၍ ငွေကျပ် သိန်း ၁၀၀၀ နှုန်းဖြင့် ရောင်းချခဲ့ခြင်းကြောင့် ငွေကျပ် သိန်း ၅၀၀ ခန့်နစ်နာခဲ့ခြင်း၊ နေပြည်တော်မြို့မစျေး အငြိမ်းစားဝန်ထမ်းအိမ်ယာအနီး ပျဉ်းမနား-တောင်ညိုလမ်း၏ တောင်ဘက်ရှိ မြေဧက ငါးဧကကျော်ကို  Shopping Mall ဖွင့်လှစ်လုပ်ကိုင်နိုင်ရန် ကုမ္ပဏီတစ်ခုသို့ ရောင်းချပေးရာတွင် သမ္မတ ရုံးသို့တင်ပြခြင်းမရှိဘဲမြေငါးဧကကို တစ်ဧကလျှင် ငွေကျပ်သိန်း ၁၀၀၀ နှုန်းဖြင့် ကော်မတီ၊ စီမံခန့်ခွဲမှုအစည်းအဝေးဖြင့်သာ ဆုံးဖြတ်၍ရောင်းချခဲ့ခြင်းကြောင့် နိုင်ငံတော်မှ စုစုပေါင်း ငွေကျပ်သိန်း ၂၀၀၀၀ ခန့် နစ်နာခဲ့ ရခြင်းများကြောင့် ဦးရဲမင်းဦးအား နေပြည်တော်ကောင်စီဥက္ကဋ္ဌဟောင်း ဒေါက်တာမျိုးအောင်နှင့်အတူ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေများဖြင့် တရားစွဲဆိုထားကြောင်းလည်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။

Most Read

Most Recent