ပညာရေးဝန်ထမ်းနှစ်ဦး ပြန်ပေးဆွဲခံရခြင်းနှင့်ပတ်သက်၍ ရခိုင်အမျိုးသားပါတီနှင့် ရခိုင့်ဦးဆောင်ပါတီတို့ ကြေညာချက်အသီးသီးထုတ်ပြန်

ပညာရေးဝန်ထမ်းနှစ်ဦး ပြန်ပေးဆွဲခံရခြင်းနှင့်ပတ်သက်၍ ရခိုင်အမျိုးသားပါတီနှင့် ရခိုင့်ဦးဆောင်ပါတီတို့ ကြေညာချက်အသီးသီးထုတ်ပြန်
Published 21 June 2022

ရခိုင်ပြည်နယ် မောင်တောမြို့နယ် သင်္ဘောလှကျေးရွာ၌ တာဝန်ထမ်းဆောင်နေသည့် ပညာရေးဝန်ထမ်းနှစ်ဦး ပြန်ပေးဆွဲခံရခြင်းနှင့်ပတ်သက်၍ ရခိုင်အမျိုးသားပါတီနှင့် ရခိုင့်ဦးဆောင်ပါတီတို့က ဇွန် ၂၁ ရက်တွင် ကြေညာချက်အသီးသီးထုတ်ပြန်ခဲ့ကြသည်။

ရခိုင်အမျိုးသားပါတီ(ANP) ၏ ထုတ်ပြန်ချက်တွင် ဇွန် ၁၆ ရက်က ရခိုင်ပြည်နယ် မောင်တောမြောက်ပိုင်း သင်္ဘောလှကျေးရွာ၌ တာဝန်ထမ်းဆောင်နေသည့် ပညာရေးဝန်ကြီးဌာနမှ မူလတန်းလွန်ကျောင်းအုပ်ဆရာကြီး ဦးဘိုဝင်းနှင့် လက်ထောက်ဆရာမ ဒေါ်ဥမ္မာကျော်တို့သည် သင်္ဘောလှကျေးရွာမှ မောင်တောမြို့သို့  ဆိုင်ကယ်ဖြင့် သွားရောက်စဉ် ဇီးပင်ချောင်းကျေးရွာအနီးတွင် ပျောက်ဆုံးကာ အမည်မသိအဖွဲ့တစ်ခု၏ ဖမ်းဆီးခြင်းခံခဲ့ရသည်ဟု သိရှိရကြောင်း၊ ၎င်းအဖွဲ့အစည်းမှ ငွေကြေးရယူလိုမှုအတွက် ပြန်ပေးဆွဲခြင်းဖြစ်သည်ကို သိရှိရကြောင်း ဖော်ပြထားသည်။

ပညာရေးဌာနမှ ဆရာ ဆရာမနှစ်ဦးဖြစ်ကြသည့် ဆရာဘိုဝင်းနှင့် ဆရာမဒေါ်ဥမ္မာကျော်တို့မှာ ယခုအချိန်ထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် ၎င်းပုဂ္ဂိုလ်နှစ်ဦး၏ မိသားစုများသာမက ရခိုင်ပြည်သူတစ်ရပ်လုံးနှင့်ထပ်တူ မိမိတို့ပါတီမှ စိုးရိမ်မကင်းဖြစ်ရကြောင်း၊ နယ်စပ်ဒေသတွင် အမည်မသိအဖွဲ့အစည်းတစ်ခုမှ မြန်မာနိုင်ငံသား ပညာရေးဝန်ထမ်းနှစ်ဦးအား အလွယ်တကူ ပြန်ပေးဆွဲခံရမှုဖြစ်စဉ်သည် ရခိုင်ပြည်သူများ၏ ဘဝလုံခြုံမှုကို များစွာထိခိုက်စေကြောင်း၊ သို့ဖြစ်ပါ၍ ပြည်ထောင်စုအစိုးရအဖွဲ့နှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့တို့အနေဖြင့် ပြန်ပေးဆွဲခံရသူနှစ်ဦးအား အမြန်ဆုံးလွတ်မြောက်အောင် ကြိုးပမ်းဆောင်ရွက်ရန် အပြည့်အဝတာဝန်ရှိကြောင်းနှင့် ယင်းဖြစ်စဉ်မျိုး ထပ်မံပေါ်ပေါက်စေရေးအတွက် စီမံဆောင် ရွက်ရန် တိုက်တွန်းကြောင်း ဖော်ပြထားသည်။

ထို့ပြင် ရခိုင့်ဦးဆောင်ပါတီ၏ ထုတ်ပြန်ချက်တွင် ရခိုင်ပြည်နယ် မောင်တောမြို့နယ် သင်္ဘောလှကျေးရွာ၌ တာဝန်ထမ်းဆောင်နေသည့် ပညာရေးဝန်ထမ်းနှစ်ဦးဖြစ်သူ ဆရာကြီးဦးဘိုဝင်းနှင့် ဆရာမ ဒေါ်ဥမ္မာကျော်တို့သည် ၂၀၂၂ ခုနှစ် ဇွန် ၁၆ ရက်တွင် မိမိဌာန မြို့နယ်ရုံးသို့ သွားရောက်နေစဉ် မောင်တောမြို့နယ်အတွင်း အမည်မသိအဖွဲ့တစ်ခု၏ ဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရကြောင်း၊ တောင်းဆိုငွေပေးအပ်မှသာ ၎င်းတို့အား ပြန်လွှတ်ပေးမည်ဟု အဆိုပါအဖွဲ့၏ ပြောဆိုထားပြီး ထိန်းသိမ်းခြင်းကို ခံထားရကြောင်း ဖော်ပြထားသည်။

အဖမ်းဆီးခံရသည်မှာ ငါးရက်ကျော်ပြီဖြစ်သော်လည်း ၎င်းပညာရေးဝန်ထမ်းနှစ်ဦးမှာ လွတ်မြောက်လာခြင်း မရှိသေးရာ နိုင်ငံ၏အချုပ်အခြာအာဏာကို စွဲကိုင်ထားသူ မြန်မာအစိုးရအနေဖြင့် ၎င်းတို့နှစ်ဦး အမြန်ဆုံး လွတ်မြောက်ရေးအတွက် အပြည့်အဝတာဝန်ရှိသည့်အလျောက် အစိုးရလက်အောက်ရှိ စစ်ဘက်၊ ရဲဘက်နှင့် အခြားလုံခြုံရေးဆိုင်ရာယန္တရားများအား အပြည့်အဝအသုံးချကာ ဆရာနှစ်ဦး ဘေးမသီရန်မခ လွတ်မြောက်လာစေရေးအတွက် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်စေလိုကြောင်း ဖော်ပြထားသည်။

အစိုးရ မဟုတ်သော အခြားအင်အားစု (Stakeholder) များအနေဖြင့်လည်း အဖမ်းဆီးခံ ပညာရေးဝန်ထမ်းနှစ်ဦး လွတ်မြောက်ရေးတွင် အတတ်နိုင်ဆုံး ပါဝင်ကူညီပံ့ပိုးပေးကြပါရန် မေတ္တာရပ်ခံအပ်ကြောင်း၊ ယင်းအမှုအခင်းနှင့်စပ်လျဉ်း၍ နယ်စပ်ဖြတ်ကျော် ဆောင်ရွက်ခြင်း (သို့မဟုတ်) ချိတ်ဆက်ဆောင်ရွက်ခြင်းများ ရှိကောင်းရှိနေမည်ကို စိုးရိမ်ရသည့်အတွက် ဘင်္ဂလာဒေ့ရှ်နိုင်ငံအစိုးရအနေဖြင့်လည်း မြန်မာအစိုးရနှင့် လိုအပ်သလို အပြည့်အဝ ပူးပေါင်းဆောင်ရွက်ပေးရန် မေတ္တာရပ်ခံကြောင်း ဖော်ပြထားသည်။

Most Read

Most Recent