၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ဒုတိယသုံးလပတ်အတွင်း ပြည်ပပို့ကုန်များအနက် ချုပ်ပြီးအထည်တင်ပို့မှုမှ ဒေါ်လာ ၁၁၇၄ သန်းကျော်ဖြင့် ဝင်ငွေအများဆုံးရရှိ

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ဒုတိယသုံးလပတ်အတွင်း ပြည်ပပို့ကုန်များအနက် ချုပ်ပြီးအထည်တင်ပို့မှုမှ ဒေါ်လာ ၁၁၇၄ သန်းကျော်ဖြင့် ဝင်ငွေအများဆုံးရရှိ
ရန်ကုန်မြို့ရှိ အထည်ချုပ်စက်ရုံလုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ်
ရန်ကုန်မြို့ရှိ အထည်ချုပ်စက်ရုံလုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ်
Published 18 June 2022

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ဒုတိယသုံးလပတ်အတွင်း ပြည်ပသို့ တင်ပို့သည့် ပို့ကုန်များအနက် ချုပ်ပြီးအထည်တင်ပို့မှုမှ ဒေါ်လာ ၁၁၇၄ သန်းကျော်ဖြင့် ဝင်ငွေအများ ဆုံးရရှိခဲ့ကြောင်း၊ ရာခိုင်နှုန်းအားဖြင့် စုစုပေါင်းပို့ကုန်တင်ပို့မှု၏ ၂၆ ရာခိုင်နှုန်းကျော် ရှိကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့မှထုတ်ပြန်ချက်အရ သိရသည်။

သဘာဝဓာတ်ငွေ့၊ဆန်နှင့် ပဲမျိုးစုံစ သည်တို့မှာလည်း အများဆုံးတင်ပို့နေသည့်  ပို့ကုန်များဖြစ်သည်။

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ဒုတိယသုံးလပတ်အတွင်း ပြည်ပသို့ ချုပ်ပြီးအထည်တင်ပို့မှုမှ ဒေါ်လာ ၁၁၇၄ ဒသမ ၈ သန်းရရှိ ခဲ့သည်။ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ဒုတိယသုံးလပတ်အတွင်းက ဒေါ်လာ ၈၄၂ ဒသမ ၆ သန်းသာရရှိခဲ့သည်။ အဆိုပါကာလတူနှစ်ခုကို နှိုင်းယှဉ်ပါက ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ဒုတိယသုံးလပတ်ကာလအတွင်းမှာ ယခင်နှစ်ကာလတူထက် ဒေါ်လာ ၃၃၂ ဒသမ ၂ သန်းပိုမိုရရှိခဲ့သည်။

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ပထမသုံးလပတ်အတွင်း ပြည်ပသို့ အထည်ချုပ်တင်ပို့မှုမှ ဒေါ်လာ ၁၀၅၅ သန်းကျော်ရရှိခဲ့သည်။ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပထမသုံးလပတ်အတွင်းက အထည်ချုပ်တင်ပို့မှုမှ ဒေါ်လာ  ၈၈၉ ဒသမ ၇ သန်းရရှိခဲ့ခြင်းဖြစ်သည်။ အဆိုပါကာလတူနှစ်ခုတွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာ နှစ် ပထမသုံးလပတ်အတွင်းမှာ ယခင်နှစ် ကာလတူထက် ဒေါ်လာ ၁၆၅ ဒသမ ၄ သန်း ပိုမိုရရှိခဲ့သည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် အထည်ချုပ်(ချုပ်ပြီးအထည်)တင်ပို့မှုမှ ဒေါ်လာ ၄ ဒသမ ၈ ဘီလျံနီးပါးရရှိခဲ့သော်လည်း ယခင် နှစ်ကာလတူထက် ဒေါ်လာ ၆၃ သန်းကျော် လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံတွင် အထည်ချုပ်လုပ်ငန်းကို CMP လက်ခစားစနစ်ဖြင့် ဆောင်ရွက်နေခြင်းဖြစ်သည်။ ဂျပန်၊ တရုတ်၊ ကိုရီးယား၊ EU နိုင်ငံတို့မှ CMP စနစ်ဖြင့် အော်ဒါအဓိက မှာယူနေခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံအထည် ချုပ်လုပ်ငန်းရှင်များအသင်းမှ သိရသည်။

၂၀၁၈ ခုနှစ်တွင် အထည်ချုပ်(ချုပ်ပြီးအထည်)အများဆုံးတင်ပို့ထားသည့် ၁၀ နိုင်ငံစာရင်းကိုလေ့လာကြည့်ပါက အီးယူအဖွဲ့ ဝင်နိုင်ငံများဖြစ်သည့် ဂျာမနီနိုင်ငံသို့ ဒေါ်လာသန်း ၉၃၀၊ ယူကေသို့ ဒေါ်လာ ၃၂၃ သန်း၊ စပိန်နိုင်ငံသို့ ဒေါ်လာ ၂၉၄ သန်း၊ ပြင်သစ်နိုင်ငံသို့ ဒေါ်လာ ၂၆၆ သန်း၊ ဒိန်းမတ်နိုင်ငံသို့ ဒေါ်လာ ၁၅၈ သန်း၊ အီတလီသို့ဒေါ်လာ ၁၅၇ သန်း၊ နယ်သာလန်နိုင်ငံသို့ ဒေါ်လာ ၁၄၅ သန်းအထိ တင်ပို့ထားခြင်းဖြစ်သည်။

အများဆုံးတင်ပို့ထားသည့် ၁၀ နိုင်ငံအနက် ဂျပန်နိုင်ငံသို့ဒေါ်လာ ၈၃၄ သန်း၊ကိုရီးယားသို့ဒေါ်လာ ၃၉၉ သန်း၊အမေရိကန်နိုင် ငံသို့ ဒေါ်လာ ၂၁၁ သန်းအထိတင်ပို့ထားသည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့အထည်ချုပ်(ချုပ်ပြီးအထည်)တင်ပို့မှုကိုလေ့လာကြည့်ပါက ၂၀၁၀ ပြည့်နှစ်၌ အထည်ချုပ်တင်ပို့မှု တွင် ဒေါ်လာ ၃၃၇ သန်းသာရှိခဲ့ရာမှ ၂၀၁၄ ခုနှစ်တွင် သုံးဆအထိ မြင့်တက်လာခဲ့ပြီး ဒေါ် လာတစ်ဘီလျံနီးပါးခန့်အထိရောက်ရှိခဲ့သည်။

မြန်မာနိုင်ငံ၏အဓိကပို့ကုန်များဖြစ်သည့် ဆန်၊ပဲ၊ပြောင်းစသည်တို့အနက် CMP စနစ်ဖြင့် အထည်ချုပ်တင်ပို့မှုမှာ ပြည်ပတင်ပို့ မှုအများဆုံးဖြစ်ပြီး ငါးနှစ်အတွင်း လေးဆကျော်တိုးမြှင့်တင်ပို့ထားသည်။အထည်ချုပ်(ချုပ်ပြီးအထည်)သည်ပို့ကုန်ကဏ္ဍ၌ အတိုး တက်ဆုံးဖြစ်ခဲ့သည်။

၂၀၁၅ ခုနှစ်တွင် အထည်ချုပ်(ချုပ်ပြီးအထည်)တင်ပို့မှုသည် ဒေါ်လာ ၁ ဒသမ ၄၆ ဘီလျံအထိရှိလာပြီး မြန်မာနိုင်ငံ၏ စုစုပေါင်း ပို့ကုန်တန်ဖိုး၏ ၁၀ ရာခိုင်နှုန်းအထိ ရှိလာခဲ့ကြောင်း သိရသည်။

၂၀၂၁ ခုနှစ်အတွင်း မြန်မာနိုင်ငံမှ ပြည်ပသို့ ချုပ်ပြီးအထည်တင်ပို့မှုမှ ဒေါ်လာ ၃၈၄၇ သန်းကျော်ရရှိခဲ့ကြောင်း စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ သိရသည်။

 

 

Most Read

Most Recent