ကမ္ဘာလှည့်ခရီးသည်များအား Tourist Visa ဖြင့် ဝင်ရောက်ခွင့်ပြုခဲ့သည့် မေ ၂၄ ရက်မှစ၍ နိုင်ငံပေါင်း ၂၇ နိုင်ငံမှ ခရီးသည်များ ဝင်ရောက်ခြင်းနှင့် ကမ္ဘာ့ဘဏ်က နှစ်စဉ်ထုတ်ပြန်သည့် ကမ္ဘာ့စီးပွားရေးခန့်မှန်းမှုတွင် မြန်မာ မပါဝင်တော့ခြင်း

ကမ္ဘာလှည့်ခရီးသည်များအား Tourist Visa ဖြင့် ဝင်ရောက်ခွင့်ပြုခဲ့သည့် မေ ၂၄ ရက်မှစ၍ နိုင်ငံပေါင်း ၂၇ နိုင်ငံမှ ခရီးသည်များ ဝင်ရောက်ခြင်းနှင့် ကမ္ဘာ့ဘဏ်က နှစ်စဉ်ထုတ်ပြန်သည့် ကမ္ဘာ့စီးပွားရေးခန့်မှန်းမှုတွင် မြန်မာ မပါဝင်တော့ခြင်း
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိလာသည့် ခရီးသည်များအားတွေ့ရစဉ်
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိလာသည့် ခရီးသည်များအားတွေ့ရစဉ်
Published 12 June 2022

ကမ္တာလှည့်ခရီးသည်များအား Tourist Visa ဖြင့် ဝင်ရောက်ခွင့် ပြုခဲ့သည့် မေ ၂၄ ရက်မှစတင်ကာ နိုင်ငံပေါင်း ၂၇ နိုင်ငံမှ ခရီးသည်များ ဝင်ရောက်ခဲ့ခြင်း

မေ ၂၀ ရက်မှ စတင်ကာ ကမ္ဘာ လှည့်ခရီးသည်များအား Tourist Visa ဖြင့် ဝင်ရောက်ခွင့်ပြုခဲ့ရာ နိုင်ငံပေါင်း ၂၇ နိုင်ငံမှ ခရီးသည် များဝင်ရောက်ခဲ့ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

၂၀၂၂ခုနှစ် ဧပြီ ၁၇ ရက်မှ  စတင်ကာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ Commercial Flight များ စတင်ဆင်းသက်ခဲ့ပြီး မေ ၂ဝရက်မှစ၍ Tourist Visa ဖြင့် ကမ္တာလှည့် ခရီးသည်များ လာ ရောက်လည်ပတ်နိုင်ရန် ခွင့်ပြုခဲ့ရာ မေ ၂၄ရက်မှစတင်ကာ ခရီးသည်များ ဝင်ရောက်ခဲ့ကြောင်း သိရသည်။

သို့ဖြစ်၍ ၂၀၂၂ခုနှစ်၊ မေ ၂၄ ရက်မှ စတင်ကာ ဇွန် ၉ ရက်အထိ နိုင်ငံပေါင်း ၂၇ နိုင်ငံမှ ဧည့်သည်များ မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက် လည်ပတ်ခဲ့ပြီး နေ့စဉ် နိုင်ငံတကာ လေကြောင်းလိုင်း ရှစ်ခု  ဆင်းသက် ပျံသန်းလျက်ရှိကြောင်း သိရသည်။

ခရီးသွားလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုး တိုးတက်စေရေးနှင့်ကမ္တာလှည့် ခရီး သွားလုပ်ငန်းတွင် အိမ်နီးချင်းနိုင်ငံများနှင့် ဟန်ချက် ညီဆောင်ရွက်သွားနိုင်ရန် ရည်ရွယ်၍ e-Visa Tourist အမျိုးအစား လျှောက်ထားမှုများအား မေ ၂၀ ရက်မှစတင်ကာ တိုးမြှင့်ခွင့်ပြု ခဲ့ခြင်းဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ သိရသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနသည် နိုင်ငံခြားသားရင်းနှီးမြုပ်နှံသူများ၊ လုပ်ငန်းရှင်များ အဆင်ပြေချောမွေ့စွာလာရောက်နိုင်ရန်အတွက် Online e-Visa (Business)လျှောက်ထားမှုလုပ်ငန်းစဉ်ကို ၂၀၂၂ခုနှစ်၊ ဧပြီ ၁ ရက်မှစ၍ ပြန်လည်စတင်ဆောင်ရွက်ခဲ့သည့် အပြင် နိုင်ငံတော်မှလည်း နိုင်ငံတကာလေကြောင်းလိုင်းခရီးစဉ်များအား ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါဆိုင်ရာကျန်းမာ  ရေးသတ်မှတ်ချက်များနှင့်အညီ ပြန်လည်ပြေးဆွဲခွင့်ပြုခဲ့သဖြင့် ယခုအခါ နိုင်ငံခြားသားခရီးသွားများတိုးတက်ဝင်ရောက်နေပြီဖြစ်ကြောင်း သိရသည်။

Online e-Visa(Tourist) လျှောက်ထားရန်လိုအပ်သည့် သတ်မှတ်ချက်များအား လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ website လိပ်စာ https: //evisa.moip.gov.mm တွင် ဝင်ရောက် ကြည့်ရှုလေ့လာ၍ လျှောက်ထားနိုင်မည်ဖြစ်ကြောင်း သိရသည်။

e-Visa ဖွင့်လှစ်နိုင်ရန်အတွက် ညှိနှိုင်းအစည်းအဝေးကို ပြီးခဲ့သည့် မေ ၁၂ ရက် မွန်းလွဲ ၂ နာရီက နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပြီး တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အစည်းအဝေး၌ ဒုတိယဝန်ကြီး ဦးဌေးလှိုင်က  Online e-Visa စနစ်ဖြင့် e-Visa (ကမ္ဘာလှည့်) ကို နိုင်ငံပေါင်း ၁၀၀၊ e-Visa (လုပ်ငန်း) ကို နိုင်ငံပေါင်း ၅၅ နိုင်ငံ ခွင့်ပြုဆောင်ရွက်နေရာမှ ကိုဗစ်-၁၉ ရောဂါအခြေအနေကြောင့် ၂၀၂၀ ပြည့်နှစ် မတ် ၂၃ ရက် မှစ၍ ယာယီရပ်ဆိုင်းထားခဲ့ကြောင်း၊ လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု သိသိသာသာ လျော့နည်းကျဆင်းလာမှုကြောင့် e-Visa လုပ်ငန်းဗီဇာကို ဧပြီ ၁ ရက်မှ ပြန်လည်ခွင့်ပြုပေးလျက်ရှိကြောင်း၊ ဧပြီ ၁၇ ရက်မှ စ၍လည်းရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ နိုင်ငံတကာလေကြောင်း လိုင်းများကို ပြန်လည် ဝင်/ထွက်   ပျံသန်းခွင့်ပြုခဲ့ရာ e-Visa (Business) ဖြင့် လျှောက်ထားဝင်ရောက်လာမှုများရှိပါကြောင်း ပြောကြားသည်။

ကမ္ဘာ့ဘဏ်က နှစ်စဉ်ထုတ်ပြန်သည့် ကမ္ဘာ့စီးပွားရေးခန့်မှန်းမှုတွင် မြန်မာမပါဝင်တော့ခြင်း

ကမ္ဘာ့ဘဏ်က ၂၀၂၂ ခုနှစ် ဇွန်တွင်နှစ်စဉ်ထုတ်ပြန်သည့်   ကမ္ဘာ့စီးပွားရေးအလားအလာ  ခန့်မှန်းမှုတွင် မြန်မာ့စီးပွားရေး အခြေအနေကို မခန့်မှန်းတော့ဘဲ ချန်လှပ်ထားကြောင်း ၂၀၂၂ ခုနှစ် ဇွန်လအတွက် ထုတ်ပြန်သည့် ကမ္ဘာ့စီးပွားရေး အလားအလာတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံမှအပ ကျန် အာဆီယံ ဒေသတွင်း အဖွဲ့ဝင်နိုင်ငံအားလုံး စီးပွားရေးတိုးတက်မှုရှိ နိုင်ကြောင်း အစီရင်ခံစာက ဖော်ပြခဲ့ပြီး အရှေ့အာရှနှင့် ပစိဖိတ်ဒေသ (EAP) နိုင်ငံအတွင်း စီးပွားရေး အလားအလာခန့်မှန်းချက်မှ ဖယ်ထုတ်ခြင်းခံရသည့် တစ်ခုတည်းသော နိုင်ငံလည်း ဖြစ်သည်။

အာဆီယံနိုင်ငံများအတွင်း ၂၀၂၂ ခုနှစ်အတွင်း စီးပွားရေးတိုးတက်မှုများရှိသည်ဟု ဆိုထားသော်လည်း မြန်မာနိုင်ငံအတွက် ၂၀၂၂ ခုနှစ်၏ စီးပွားရေးအခြေအနေများ ကိုခန့်မှန်းနိုင်စွမ်းမရှိတော့ကြောင်း ကမ္ဘာ့ဘဏ်က ဆိုသည်။                           

အာဆီယံဒေသတွင်း နိုင်ငံများအနေဖြင့် ထိုင်းနိုင်ငံတွင် ယခုနှစ်အတွင်းစီးပွား ရေးတိုးတက်မှုနှုန်း ၂ ဒသမ ၉ ရာခိုင်နှုန်း၊ လာအိုက ၃ ဒသမ ၈ ရာခိုင်နှုန်း၊ ကမ္ဘောဒီးယားနိုင်ငံက ၄ ဒသမ ၅ ရာခိုင်နှုန်း၊ အရှေ့တီမောက ၂  ဒသမ ၄ ရာခိုင်နှုန်း၊ ဗီယက်နမ်က ၅ ဒသမ ၉ ရာခိုင်နှုန်း၊ အင်ဒိုနီးရှားက ၅ ဒသမ ၁ ရာခိုင်နှုန်း၊မလေးရှားက ၅ ဒသမ ၅ ရာခိုင်နှုန်း၊ ဖိလစ်ပိုင်က ၅ ဒသမ ၇ ရာခိုင်နှုန်း တိုးတက်မှုရှိမည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းထားသည်။

၂၀၂၂ ခုနှစ် စက်တင်ဘာလအထိ တွက်ချက်ထားသည့်ဘဏ္ဍာနှစ်တွင် မြန်မာ့စီးပွားရေးသည် တစ်ရာခိုင်နှုန်းသို့ ရောက်ရှိလာမည်ဟု ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၆ ရက်က ထုတ်ပြန်သည့် ကမ္ဘာ့ဘဏ်၏ မြန်မာ့စီးပွားရေး  စောင့်ကြည့် အစီရင်ခံစာတွင်ဖော်ပြထားသည်။

၂၀၂၁ ခုနှစ် စက်တင်ဘာလအထိ ဘဏ္ဍာနှစ်အတွင်း စီးပွားရေးနှုန်းသည် ၁၈ ရာခိုင်နှုန်း ကျုံ့သွားမည်ဟု ခန့်မှန်းတွက်ချက်ခဲ့သည်။ ဇန်နဝါရီ ၂၆ ရက်က ထုတ်ပြန်သည့် ကမ္ဘာ့ဘဏ်၏ မြန်မာ့စီးပွား ရေးစောင့်ကြည့်  လေ့လာမှုအစီရင်ခံစာအရ ၂၀၂၂ ခု နှစ် စက်တင်ဘာ အထိတွက်ချက်ထားသည့် ဘဏ္ဍာနှစ်တွင် စီးပွားရေး နှုန်းသည် တစ်ရာခိုင်နှုန်းသို့ရောက်ရှိလာမည်ဟု ခန့်မှန်းထားသည်။

အချို့သောကဏ္ဍများ၌ တည်ငြိမ်လာမည့် အရိပ်လက္ခဏာများ ပေါ်ပေါက်လာသော်လည်း ကိုဗစ်- ၁၉ ကပ်ရောဂါနှင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ နိုင်ငံရေး အပြောင်းအလဲသာ မပေါ်ပေါက်ခဲ့လျှင်ရှိနေမည့် စီးပွားရေးပမာဏ ထက်ရာခိုင်နှုန်း ၃၉ ပိုမို သေးငယ်သွားနိုင်သည်ဟု ခန့်မှန်းထားချက်သည် အလွန်အမင်း  အားနည်းနေသည့် စီးပွားရေး အခြေအနေကို ထင်ဟပ်လျက်ရှိ သည်။

ကာလတိုခန့်မှန်းချက်မှာ ကမ္ဘာ့ကပ်ရောဂါအခြေအနေနှင့် ပဋိပက္ခ၏ အကျိုးသက်ရောက်မှု၊ နိုင်ငံခြားငွေလဲလှယ်နှုန်းနှင့် ဘဏ္ဍာရေးကဏ္ဍတို့တွင် တွေ့ကြုံနေရသည့် အခက်အခဲ အနိမ့်အမြင့်အပေါ် များသာမက လျှပ်စစ်မီး၊ကုန်စည် သယ်ယူပို့ဆောင်ရေးနှင့် ဒစ်ဂျစ်တယ်နည်းပညာအရ ချိတ်ဆက်နိုင်မှုအပါအဝင်အဓိက ဝန်ဆောင်မှုများနှောင့်နှေးပြတ်တောက်မှုတို့   အပေါ်မူတည်လိမ့်မည်ဟုလည်း ဖော်ပြထားသည်။

၂၀၂၂ ခုနှစ် မေလအတွင်း စစ်တွေ၊မောင်တောနယ်စပ်ကုန်သွယ်ရေး စခန်းနှစ်ခုမှ ကုန်သွယ်မှု ဒေါ်လာ ၃ ဒသမ ၅၆ သန်း ရရှိခဲ့ပြီး ဧပြီလထက် ပို့ကုန်ဒေါ်လာ ခုနစ် သိန်းကျော် ကုန်သွယ်မှု ပိုမိုခဲ့ကြောင်း ရခိုင်ပြည်နယ်ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ သိရသည်။  အဆိုပါကုန်သွယ်ရေးစခန်း နှစ်ခုမှဧပြီလအတွင်း ကုန်သွယ်မှု ပမာဏဒေါ်လာ ၂ ဒ သမ ၈၆ သန်း ကုန်သွယ်မှုပြုလုပ်ခဲ့သော်လည်း ၂၀၂၂ ခုနှစ် မေလအတွင်း ကုန်သွယ်မှုဒေါ်လာ ၃ ဒသမ ၅၆ သန်း ကုန်သွယ်မှုပြုလုပ်ခဲ့သဖြင့် ယခင်လထက် ပို့ကုန်ခုနစ်သိန်းကျော် ကုန်သွယ်မှုပိုမိုခဲ့သည်။

မေလအတွင်း၌ ဘင်္ဂလား ဒေ့ရှ် နယ်စပ်  တက္ကနဖ်ဆိပ်ကမ်းသို့ မြန်မာဘက်မှ ပို့ကုန်တန်ချိန် ၇၃၁၀၊ ဒေါ်လာ ၃၅၆၅၇၀၈ ရရှိခဲ့ပြီး သွင်းကုန်စုစုပေါင်း ၉၅၄၀ ဒေါ်လာဖိုး တင်သွင်းခဲ့ကြောင်း သိရသည်။

ရေထွက်ပစ္စည်းပို့ကုန်ဒေါ်လာ ၁ ဒသမ ၉ သန်းကျော် တင်ပို့ ခဲ့ပြီးမေလကုန်သွယ်မှုပို့ကုန် ပမာဏ၏ ၅၅ ရာခိုင်နှုန်းခန့် တင်ပို့နိုင်ခဲ့ကြောင်း၊ ရန်ကုန်/ဧရာဝတီတိုင်းရှိ မွေးမြူရေးကန်ထွက်ငါးတစ်မျိုး ဖြစ်သော ငါးမြစ်ချင်းငါးတင်ပို့မှုမှာ တန်ချိန် ၁၅၀၀ ကျော်(ဒေါ်လာ ၁ ဒသမ ၈၁ သန်း)တင်ပို့နိုင်ခဲ့ကြောင်း၊ ရခိုင်ဒေသထွက် ကွမ်းသီး၊ လဲမှို့၊ အုန်းဆီ၊ တညင်းသီး၊ ငါးမုတ်၊ ငါးနီတူခြောက်၊ ငါးစုံကလေးခြောက်၊ ငါးကုန်ညိုခြောက်တို့အပြင် တံမြက်စည်းအကြမ်း စသည်တို့ကို တင်ပို့ခဲ့ပြီး မြန်မာနိုင်ငံ၏ အခြားတိုင်းနှင့်  ပြည်နယ်များမှ ထွက်ရှိ/ထုတ်လုပ်သော ဆီးယိုထုတ်၊ ချင်း (အစို)၊  ကြက်သွန်၊ ကုလားပဲ၊ ဇီး သီးခြောက်၊ မန်ကျည်းစေ့၊ ဖိနပ်၊ ချည်လုံချည်၊ သနပ်ခါးခဲ၊ ကော်ဖီမစ်၊ နေကြာစေ့နှင့် ခေါက်ဆွဲ ခြောက်တို့ကို တစ်ဖက်နိုင်ငံနယ်စပ်သို့ တင်ပို့ခဲ့ကြောင်း သိရသည်။

သွင်းကုန်ပမာဏအနည်းငယ်သာ ဆောင်ရွက်နိုင်ပြီး စစ်တွေ ကုန်သွယ်ရေးစခန်းသို့ တီရှပ်အထည် ၅၀၀၀ နှင့် မောင်တောနယ် စပ်စခန်းသို့ ဒန်ရေအိုးခွက်၊ PVC ပိုက်ရွယ်စုံ၊ ပလတ်စတစ်ရေတိုင်ကီနှင့် လက်နှိပ်ရေတုံကင်များ စသည်တို့ကို တင်သွင်းခဲ့ကြောင်း သိရသည်။

၂၀၂၁-၂၀၂၂ (Mini Budget) ခြောက်လအတွင်း မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ် ကုန်သွယ်မှုတွင် စစ်တွေ၊ မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်း နှစ်ခုမှ ကုန်သွယ်မှု ဒေါ်လာ ၃၈ သန်းကျော်ရရှိခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (Mini Budget)  အောက်တိုဘာ ၁ ရက်မှ မတ် ၃၁ ရက်အထိ ခြောက်လအတွင်း စစ်တွေ နယ်စပ်မှ ပို့ကုန်တန်ဖိုး ဒေါ်လာ ၁၁  ဒသမ ၂၁၅ သန်း၊ သွင်းကုန်ဒေါ်လာ ၁၅ဒသမ ၅၂၉သန်းဖြင့် ကုန်သွယ်  မှုပမာဏ ဒေါ်လာ ၂၆ ဒသမ ၇၄၄ သန်းရရှိခဲ့သည်။ မောင်တောနယ်စပ်မှပို့ကုန်ဒေါ်လာ ၁၁ ဒသမရ၂၇ သန်း၊ သွင်း ကုန်ဒေါ်လာ ၀ ဒသမ ၀၆၃ သန်း ဖြင့် ကုန်သွယ်မှုပမာဏ ဒေါ်လာ၁၁ဒသမ ၇၉၀ သန်း  ရရှိခဲ့သည်။

မြန်မာဘက်မှ ပို့ကုန်များအား ၂၀၂၁ ခု နှစ် အောက်တိုဘာ ၁၆ မှစတင်တင်ပို့ခဲ့ပြီး  ဒီဇင်ဘာ ၁၇ ရက်အထိ ကုန်သွယ်မှုစာရင်းများအရ စစ်တွေနှင့် မောင်တော စခန်း နှစ်ခု မှ ပို့ကုန်ဒေါ်လာ ၈ ဒသမ ၄၇၈ သန်းနှင့် သွင်းကုန်ဒေါ်လာ သုည ဒသမ ၀၃၈ သန်း ကုန်သွယ်မှု ပြုလုပ်ခဲ့သည်။

တင်ပို့ကုန်များထဲတွင် ရေထွက်ကုန် တန်ဖိုးဒေါ်လာ ၅ ဒသမ ၀၀၁ သန်းတင်ပို့နိုင်ခဲ့ကြောင်းနှင့် ရေချိုငါး (ငါးမြစ်ချင်း) အများဆုံး တင်ပို့ခဲ့ပြီး ရခိုင်ဒေသထွက် ငါးမုတ်မဲ၊ ငါးနီတူခြောက်၊ ငါးနှပ်ခြောက်နှင့် ငါးစုံက လေးခြောက်တို့ကို တင်ပို့နိုင်ခဲ့သည်။

Most Read

Most Recent