မိခင်ဖြစ်သူအား စိတ်ဝေဒနာရှင် သားဖြစ်သူက ပေါက်ပြားဖြင့်  ခုတ်သတ်မှု သထုံမြို့တွင် ဖြစ်ပွား

မိခင်ဖြစ်သူအား စိတ်ဝေဒနာရှင် သားဖြစ်သူက ပေါက်ပြားဖြင့်  ခုတ်သတ်မှု သထုံမြို့တွင် ဖြစ်ပွား
Published 10 June 2022
ဘိုဘိုမြင့်

Photo -  အကြင်နာတွဲလက်အသင်း (သထုံ)

သထုံမြို့နယ် ပေါ်တော်မူကျေးရွာ ဂျိုင်းလမ်းတွင် ဇွန်လ ၉ ရက် နံနက်အစောပိုင်းက မိခင်ဖြစ်သူအား စိတ်ဝေဒနာရှင် သားဖြစ်သူမှ ပေါက်ပြားဖြင့် ခုတ်သတ်မှုဖြစ်ပွားခဲ့ပြီး၊ ၎င်းကိုယ်တိုင်လည်း သွေးလန့်သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများ၏ပြောကြားချက်များအရ သိရသည်။

ဖြစ်စဉ်မှာ ဇွန်လ (၉) ရက် နံနက် (၁) နာရီအချိန်ခန့်က သထုံမြို့နယ်၊ ပေါ်တော်မူကျေးရွာ၊ ဂျိုင်းလမ်းနေ ဒေါ်ငွေရင် အသက် (၇၇) နှစ်အား၊ တစ်အိမ်တည်းနေ သားဖြစ်သူ စိတ်ဝေဒနာရှင် မြင့်ဆွေ (၅၀) နှစ် မှ ပေါက်ပြားဖြင့် ခုတ်သတ်နေဖြင့် အော်ဟစ်သံများ၊ ဆူညံသံများကြောင့် ပတ်ဝန်းကျင်တွေနေထိုင်သူများမှ လာရောက်ကာ ဝိုင်းဝန်းတားမြစ်ခဲ့ကြောင်း၊ ထိုအချိန်တွင် ဒေါ်ငွေရင် မှာ ရရှိထားသည့် ဒဏ်ရာများကြောင့် သေဆုံးနေပြီး၊ မြင့်ဆွေ ကိုလည်း ဖမ်းချုပ်ထားစဉ် ပြင်ပဒဏ်ရာမရှိပဲ သေဆုံးနေသည်တွေ့ရှိကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။

မြင့်ဆွေက လွန်ခဲ့တဲ့အနှစ် (၂၀) လောက်ကတည်းက စိတ်ဝေဒနာခံစားနေရသူဖြစ်တယ်လို့ သိရပါတယ်။ အခင်းဖြစ်ပြီးခဲ့အချိန်မှာ သူ့ကို ကြိုးနဲ့ချည်ထားပြီးတော့၊ သေဆုံးသွားတဲ့ ဒေါ်ငွေရင် အလောင်းကို ဆေးရုံပို့ဆောင်ဖို့လုပ်ဆောင်ကြတယ်။ ပြီးတော့ မြင့်ဆွေ ကိုလာပြန်ကြည့်တော့ အသက်မရှူတော့ဘူး။ ငြိမ်သွားတယ်ပေါ့။ အဲ့ဒီလိုဖြစ်သွားတယ်လို့ သိရပါတယ် ဟု ၎င်းဒေသခံက ဆက်လက်ပြောကြားသည်။

အဆိုပါ ဖြစ်စဉ်ဖြစ်ပွားပြီး သေဆုံးခဲ့သည့် ဒေါ်ငွေရင် နှင့် မြင့်ဆွေတို့၏ ရုပ်အလောင်းများအား လူမှုကူညီကယ်ဆယ်ရေးအသင်းမှ လူနာတင်ယာဉ်ဖြင့် သထုံခရိုင်ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်လိုက်ကြောင်း သိရသည်။

၎င်းဖြစ်စဉ်တွင် ဒေါ်ငွေရင် သေဆုံးခဲ့မှုနှင့် ပတ်သက်ပြီး မြင့်ဆွေ (သေဆုံး) အပေါ်လူသတ်မှုဖြင့် အမှုဖွင့်ထားသည့်အပြင်၊ မြင့်ဆွေ သေဆုံးမှုနှင့်ပတ်သက်ပြီးလည်း သေမှုသေခင်းဖွင့်လှစ်ကာ စုံစမ်းစစ်ဆေးမှုများပြုလုပ်နေကြောင်း သိရသည်။