အိမ်ဖော်အဖြစ် လုပ်ကိုင်ခဲ့ပြီး ၁၃ နှစ်ကြာ လုပ်ခလစာမရရှိဘဲ ပိတ်လှောင်ခံထားရသည့် ထိုင်းရောက်မြန်မာ အလုပ်သမားတစ်ဦးအတွက် အမှုဖွင့်မည်

အိမ်ဖော်အဖြစ် လုပ်ကိုင်ခဲ့ပြီး ၁၃ နှစ်ကြာ လုပ်ခလစာမရရှိဘဲ ပိတ်လှောင်ခံထားရသည့် ထိုင်းရောက်မြန်မာ အလုပ်သမားတစ်ဦးအတွက် အမှုဖွင့်မည်
Published 6 June 2022

အိမ်ဖော်အဖြစ် လုပ်ကိုင်ခဲ့ပြီး ၁၃ နှစ်ကြာ လုပ်ခလစာမရရှိဘဲ ပိတ်လှောင်ခံထားရသည့် ထိုင်းရောက် မြန်မာအလုပ်သမားတစ်ဦးအတွက် အမှုဖွင့်မည်ဖြစ်ကြောင်း အလုပ်သမားသံအရာရှိရုံးက ထုတ်ပြန်သည်။

ထိုင်းနိုင်ငံရှိ အလုပ်ရှင်ထံတွင် ၁၃ နှစ်ကြာအိမ်ဖော်အဖြစ် အလုပ်လုပ်ခဲ့သော်လည်း လုပ်ခလစာ မရရှိသည့်အပြင် ပိတ်လှောင်ခံခဲ့ရသဖြင့် မြန်မာအလုပ်သမားတစ်ဦးမှာ ကျန်းမာရေးထိခိုက်မှုများရှိခဲ့သည်။

ကျူးလွန်ခံရသည့် မြန်မာအလုပ်သမမှာ မသ ဉ္ဇာဝင်းဆိုသူဖြစ်ပြီး တနင်္သာရီတိုင်း ထားဝယ်ဇာတိဖြစ်ပြီး အဖအမည်မှာ ဦးရွှေ၊ အမိအမည်မှာ ဒေါ်မူးဝေဖြစ်ကြောင်း၊ အဆိုပါ အလုပ်သမားမသ ဉ္ဇာဝင်းမှာ အကြားအာရုံချို့တဲ့နေပြီး နေရပ်လိပ်စာအတိအကျကို မမှတ်မိသဖြင့် သိရှိပါက ဆက်သွယ်ရန် အလုပ်သမားသံအရာရှိရုံးက ထုတ်ပြန်ထားသည်။

မသ ဉ္ဇာဝင်း၏ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ပြီးခဲ့သည့် ဒီဇင်ဘာ ၁၇ ရက်က ဒေသဆိုင်ရာအာဏာပိုင်အဖွဲ့ နှင့်တွေ့ဆုံပြီး ဖြစ်စဉ်အသေးစိတ်ကို မေးမြန်းခြင်း၊ ဒီဇင်ဘာ ၂၀ ရက်တွင် မသ ဉ္ဇာဝင်းနှင့် တွေ့ဆုံပြီး သွားရောက်အားပေးခြင်း၊ ထိုင်းအာဏာပိုင်အဖွဲ့များကို တွေ့ဆုံပြီး လိုအပ်သည့်အချက်အလက်များကို ပံ့ပိုးပေးခဲ့ကြောင်း အလုပ်သမားသံအရာရှိရုံးက သတင်းထုတ်ပြန်သည်။

လက်ရှိတွင် တရားစွဲနိုင်မည့် အချက်အလက်များ စုဆောင်းရရှိပြီးသော်လည်း မသ ဉ္ဇာဝင်းမှာ အကြား အာရုံအားနည်း၍ ဆေးကုသမှုခံယူနေခြင်းကြောင့် တရားစွဲဆိုနိုင်မည့်ရက်ကို စောင့်ဆိုင်းလျက်ရှိသည်ဟု အလုပ်သမားသံအရာရှိရုံးက သတင်းထုတ်ပြန်သည်။

လက်ရှိတွင် ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံအကြား MoU စနစ်ဖြင့် အလုပ်သမားစေလွှတ်ခြင်းများကို စတင် လုပ်ကိုင်လျက်ရှိသည်။ ထိုင်းနိုင်ငံရှိ စက်ရုံအများစုနှင့် ရေထွက်ပစ္စည်းစက်ရုံ၊ ပရိဘောဂစက်ရုံများတွင် မြန်မာလုပ်သားအများစု လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။ MoU စနစ်ဖြင့် မြဝတီ- မဲဆောက်လမ်း၊ ကော့သောင်း- ရနောင်းတို့မှ တစ်ဆင့် မြန်မာရွှေ့ပြောင်းလုပ်သားများကို တရားဝင်လက်ခံလျက်ရှိကြောင်း အလုပ်သမားသံအရာရှိရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်းလုပ်သားအများစု သွားရောက်လုပ်ကိုင်လျက်ရှိသည့် နိုင်ငံတစ်ခုဖြစ်ပြီး လက်ရှိတွင် ခိုးဝင်သည့် မြန်မာလုပ်သားများကို ဆက်တိုက်ဖမ်းဆီးရမိလျက်ရှိကြောင်း သိရသည်။

Most Read

Most Recent