မြန်မာ့ပညာရေးသမိုင်း

မြန်မာ့ပညာရေးသမိုင်း
Published 1 June 2022

ဗြိတိသျှ ကိုလိုနီခေတ်အတွင်း၌ အကြီးအကျယ်တိုးတက်လာသည့်အရာမှာ အမျိုးသမီးများ ပညာသင်ယူခွင့်ဖြစ်သည်။ ကိုလိုနီခေတ်မတိုင်မီက အမျိုးသားများအတွက် ပညာရေးသည်ပင်လျှင် မိရိုးဖလာ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းသင် ပညာရေးစနစ် အပေါ်၌သာ မှီခိုနေရသည်။ သို့သော် ၁၉၁၁ ခုနှစ်မှ ၁၉၂၁ ခုနှစ်အတွင်း အမျိုးသမီးများ ပညာသင်ယူခွင့်သည် ကျောင်းသူပေါင်း ၄၅,၀၀၀ အထိ ၆၁ ရာခိုင်နှုန်းနှင့် ၁၉၂၁ ခုနှစ်မှ ၁၉၃၁ ခုနှစ်အတွင်း ၁၀၀,၀၀၀ အထိ နောက်ထပ် ၈၂ ရာခိုင်နှုန်း တိုးတက်လာခဲ့သည်။ ယင်းမှာ မိန်းကလေးသီးသန့်ကျောင်းများပုံစံဖြင့် အစိုးရကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများစနစ်ကို တိုးချဲ့လာခဲ့သောကြောင့်လည်းဖြစ်သည်။ ယင်းအချက်ကို အမျိုးသမီးများ အလုပ်အကိုင်ရရှိမှု မြင့်တက်လာခြင်းက ထင်ဟပ်ပြသည်။ ၁၉၂၁ ခုနှစ်မှ ၁၉၃၁ ခုနှစ်အတွင်း အစိုးရအုပ်ချုပ်ရေးဌာနများ၊ ဥပဒေနှင့် ဆေးဘက်ဆိုင်ရာဌာနများ (၉၆ ရာခိုင်နှုန်း မြင့်တက်)၊ ပညာရေးဌာနများ (၆၄ ရာခိုင်နှုန်းမြင့်တက်)နှင့် ဂျာနယ်လစ်ဇင်ကဏ္ဍများ အစရှိသည်တို့၌ အမျိုးသမီးများ အလုပ်အကိုင်ရရှိမှု ပျမ်းမျှ ၃၃ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့သည်။

၁၉၄၈ ခုနှစ်၌ လွတ်လပ်ရေးရရှိပြီးနောက် အစိုးရသည် စာတတ်၊ ပညာတတ်လူဦးရေ မြင့်တက်အောင် ကြိုးပမ်းခဲ့ပြီး မြန်မာနိုင်ငံသည် ဒေသတွင်း၌ ပညာရေးတွင် ပထမဆုံး အာရှကျားဖြစ်လာရန် လမ်းကြောင်းပေါ်သို့ ရောက်ရှိခဲ့သည်။ သို့သော် ၁၉၆၂ ခုနှစ် အာဏာသိမ်းမှုက အထီးကျန်ပြီး ဆင်းရဲသည့်နိုင်ငံတစ်နိုင်ငံ ဖြစ်သွားစေခဲ့သည်။ ကျောင်းများအားလုံးကို နိုင်ငံပိုင်ပြုလုပ်လိုက်ပြီး ပညာရေးအဆင့်အတန်းမှာ စတင်နိမ့်ဆင်းလာခဲ့သည်။ ၁၉၆၄ ခုနှစ်တွင် တက္ကသိုလ်ပညာရေး ဥပဒေသစ်ပြဋ္ဌာန်းလိုက်ခြင်းနှင့်အတူ ၁၉၆၅ ခုနှစ်တွင် တက္ကသိုလ်များအားလုံး၌ သင်ကြားရေးကြားခံကို အင်္ဂလိပ်ဘာသာမှ မြန်မာဘာသာသို့ ပြောင်းလဲခဲ့သည်။ ယင်းသည် မြန်မာနိုင်ငံသားများအကြား အင်္ဂလိပ် ဘာသာအရည်အသွေး အလျင်အမြန်ကျဆင်းသွားစေခဲ့သည်။ သင်ကြားရေးကြားခံ ဘာသာစကားကို အင်္ဂလိပ်ဘာသာသို့ ၁၉၈၂ ခုနှစ်တွင် ပြန်လည်ပြောင်းလဲခဲ့ပြန်သည်။ ၁၉၇၇ ခုနှစ်တွင် မြန်မာအစိုးရက ဒေသကောလိပ် နှစ်နှစ်တက်ရသည့်စနစ်ကို စတင်မိတ်ဆက်ခဲ့သည်။ ယင်းမှာ တက္ကသိုလ်ကျောင်းသားများကို နိုင်ငံရေးရည်ရွယ်ချက်အရ လူစုခွဲ ရန်ဖြစ်ပြီး ပုံမှန်တက္ကသိုလ်များ၌ တတိယနှစ်နှင့် စတုတ္ထနှစ်တို့ကိုသာ သင်ယူရသည်။ ၁၉၈၁ ခုနှစ်၌ ဒေသကောလိပ်စနစ် အဆုံးသတ်သွားခဲ့ပြန်သည်။

ကျောင်းသားဆန္ဒပြမှုများမှနေ၍ ၈၈၈၈ အရေးတော်ပုံ ပေါ်ပေါက်လာခြင်းကြောင့် တက္ကသိုလ်များအားလုံးကို နှစ်နှစ်အထိ ပိတ်ထားခဲ့သည်။ ၁၉၉၀ ပြည့်လွန်နှစ်များအတွင်း ပညာရေးစနစ် ချည့်နဲ့သွားစေရန် တမင်ရည်ရွယ်ပုံရသည့် ပုံစံသစ်တစ်ရပ်ကို မိတ်ဆက်ခဲ့ပြန်သည်။ အစိုးရသည် ကျောင်းသားဆန္ဒပြမှုများကြောင့် ဖြစ်ပေါ်လာသော အကျပ်အတည်းကို တုံ့ပြန်သောအားဖြင့် ပညာသင်နှစ်အသီးသီးအတွက် ခြောက်လသာသင်ရသည့် စနစ်မျိုးကို မိတ်ဆက်ခဲ့ပြန်သည်။ SPDC အစိုးရသည် တက္ကသိုလ်နှင့် ကောလိပ်များကို ပုံမှန်ဖွင့်သည့်၊ ပိတ်သည့်ရက်များ သတ်မှတ်ထားခြင်း မရှိတော့ပေ။ ၁၉၉၆ ခုနှစ်နှင့် ၁၉၉၈ ခုနှစ်တို့၌ဖြစ်ပွားသည့် ကျောင်းသားဆန္ဒပြမှုများကြောင့် တက္ကသိုလ်ကျောင်းများကို နောက်ထပ်သုံးနှစ် ပိတ်ခဲ့ပြန်သည်။ ၁၉၉၉ ခုနှစ်၌ တက္ကသိုလ်နှင့် ကောလိပ်များကို ပြန်လည်ဖွင့်လှစ်ခဲ့ပြီးနောက် အစိုးရသည် တက္ကသိုလ်ကျောင်းများကို နေရာပေါင်းများစွာ၌ တမင်ခွဲဖြန့်ကာ ချထားခဲ့သည်။ အချို့တက္ကသိုလ်များကိုလည်း သက်ဆိုင်ရာဝန်ကြီးဌာနများ အောက်သို့ရွှေ့ခဲ့သည်။ ၂၀၀၅ ခုနှစ်တွင် နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာ့ပညာရေးသည် နိုင်ငံတကာအဆင့်အတန်းသို့ ရောက်ရှိနေကြောင်းနှင့် တက္ကသိုလ်နှင့် ကောလိပ်ပေါင်း ၁၅၆ ခုကို ဖွင့်လှစ်ပြီးဖြစ်ကြောင်း တရားဝင်ကြေညာခဲ့သည်။

ယနေ့ခေတ် မြန်မာ့ပညာရေးကို အမှန်အတိုင်းကြည့်ပါက နိုင်ငံတကာပညာရေး စံနှုန်းများအရ များစွာနောက်ကျကျန်နေပြီဖြစ်သည်။ အလွတ်ကျက်ပညာရေး၊ ကောင်းစွာလေ့ကျင့်ပေးထားခြင်းမရှိသည့် ဆရာများ၊ အဂတိလိုက်စားမှုများအပြင် ခေတ်မမီတော့သည့် ရင်းမြစ်များကိုသာ အသုံးပြုနေရခြင်းတို့ကိုသာ တွေ့ရှိရမည်ဖြစ်သည်။ ၎င်းအပြင်  ကျောင်း၌ ပညာသင်ကြားရုံသက်သက်က လုံလောက်ခြင်းမရှိဟု ယူဆလာကြသောကြောင့် ကျောင်းချိန်ပြီးနောက် ကျူရှင်တက်ရခြင်းဒုက္ခများကလည်း ကြောက်ခမန်းလိလိ ကြီးထွားလာခဲ့သည်။ ကျောင်းသားများသည် သဒ္ဒါလေ့ကျင့်ခန်းများမှသည် အက်ဆေး သို့မဟုတ် စာစီစာကုံးများအထိ အရာရာကို အလွတ်ကျက်၊ အသေမှတ်ကြတော့သည်။ လူစု၍ ဆန္ဒပြခြင်းကို ကာကွယ်ရန်အတွက် မြို့ကြီးများ၏ မြို့စွန်မြို့ဖျား ဝေးလံသောအရပ်များ၌ တက္ကသိုလ်ကျောင်းများစွာကို ပိုမိုဖြန့်ကြက်တည်ဆောက်၍လာသည်။ ယင်းကဲ့သို့သော ကိစ္စများသာမက တက္ကသိုလ်ကျောင်းသားများအနေဖြင့် လွတ်လပ်စွာပြောဆိုခွင့်၊ လွတ်လပ်စွာရေးသားခွင့်နှင့် လွတ်လပ်စွာ ဖြန့်ဝေခွင့်များ ပိတ်ပင်ထားခြင်းခံရသည်။

မည်သို့ပင်ဆိုစေ နိုင်ငံတကာအဆင့်အတန်းများ နောက်များစွာကျန်ခဲ့ပြီဖြစ်သည့် ယိုယွင်းနေသည့် မြန်မာ့ပညာရေး အဆောက်အအုံကို ကောင်းစွာပြုပြင်နိုင်ခြင်းမရှိပါက မြန်မာနိုင်ငံသည် ကဏ္ဍတိုင်း၌ များစွာအောက်တန်းနောက်တန်းကျနေသည့် နိုင်ငံတစ် နိုင်ငံအဖြစ်သာ ဆက်လက်တည်ရှိနေဦးမည်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

 

■  ဇွန် ၂ ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့ အာဘော်

Most Read

Most Recent