နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်း​အောင်လှိုင်နှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် UWSP ဒုတိယ ဥက္ကဋ္ဌ ဦး​​ဆောင်​သော ကိုယ်စားလှယ်အဖွဲ့ ​နေပြည်​တော်သို့ ​ရောက်ရှိ

နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်း​အောင်လှိုင်နှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် UWSP ဒုတိယ ဥက္ကဋ္ဌ ဦး​​ဆောင်​သော ကိုယ်စားလှယ်အဖွဲ့ ​နေပြည်​တော်သို့ ​ရောက်ရှိ
Published 29 May 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ငြိမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်မှုအရ "ဝ" ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP) ဒုတိယဥက္ကဋ္ဌ ဦးလော့ယာကု ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့သည် ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များ တွေ့ဆုံဆွေးနွေးရန်အတွက် ယနေ့(မေ ၂၉ ရက်)တွင် နေပြည်တော်သို့ ရောက်ရှိလာကြောင်း သိရသည်။

"ဝ" ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP)  ဒုတိယဥက္ကဋ္ဌ ဦးလော့ယာကု ဦးဆောင်သော ငြိမ်းချမ်းရေးကိုယ်စားလှယ်ဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် မော်တော်ယာဉ်များဖြင့် နေပြည်တော်ရှိ Horizon Lake View Resort သို့ ရောက်ရှိကြပြီး အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီအဖွဲ့ဝင်နှင့် တာဝန်ရှိသူများ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနမှ တိုင်းရင်းသားတိုင်းရင်းသူများ၊ ငြိမ်းချမ်းရေးကို လိုလားသည့် ဒေသခံပြည်သူများက ထာဝရငြိမ်းချမ်းရေးကိုရရှိရေးသည် ပြည်သူတစ်ရပ်လုံး၏ ဆန္ဒအစစ်အမှန်ဖြစ်သည်၊ ငြိမ်းချမ်းရေးရရှိရေးသည် နိုင်ငံသားအားလုံး၏ ဆန္ဒအမှန်ဖြစ်သည်၊ ပြည်ထောင်စုကြီးငြိမ်းချမ်းဖို့ တွေ့ဆုံဆွေးနွေးကြပါစို့၊ တိုင်းရင်းသားတွေ စည်းလုံးမှ ငြိမ်းချမ်းတည်ငြိမ်အေးချမ်းရ စသည့် စာသားပါဆိုင်းဘုတ်များနှင့် နိုင်ငံတော် အလံငယ်များ ကိုင်ဆောင်၍ ကြိုဆိုခဲ့ကြကြောင်း သိရသည်။

နေ့​​ နေပြည်တော်သို့ ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးရန် ရောက်ရှိလာသည့် "ဝ" ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP) သည် NCA ရေးထိုးထားသည့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA)၊ မွန်ပြည်သစ်ပါတီ (NMSP)နှင့် KNU/KNLA–PC တို့နောက် စတုတ္ထမြောက် အဖွဲ့ဖြစ်ကြောင်း သိရသည်။

နစက ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် ​​နေပြည်တော်သို့ စတုတ္ထမြောက်ရောက်ရှိလာသည့် "ဝ" ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP) သည် NCA စာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးထားခြင်းမရှိသေးကြောင်း သိရသည်။

တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေးရရှိရန်နှင့် လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေးတို့ကို ရည်ရွယ်၍ ဧပြီ ၂၂ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးရန် ဖိတ်ခေါ်ခဲ့ထားပြီး ​​အစည်းအဝေးတက်ရောက်ရန်အတွက် NCA စာချုပ်တွင် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၇) ဖွဲ့နှင့် NCA စာချုပ်တွင် လက်မှတ်​​ရေးထိုးထားခြင်းမရှိသေးသည့် တိုင်းရင်သား လက်နက်ကိုင်အဖွဲ့(၃)ဖွဲ့ စာရင်းပေးထားကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားထားသည်။

Most Read

Most Recent