ဆိုနီကမ္ဘာ့ဓာတ်ပုံပြိုင်ပွဲတွင် ဆုရရှိခဲ့သည့် ဓာတ်ပုံဆရာကိုကျော်ဝင်းလှိုင် စက်ဘီးစီးနေစဉ် ယာဉ်တိုက်ခံရပြီးသေဆုံးခဲ့ကြောင်း သိရသည်။
မေ ၂၆ ရက် နံနက် ၅ နာရီကျော်ခန့်တွင် တောင်ဥက္ကလာပမြို့နယ် မေတ္တာလမ်းအတိုင်း စက်ဘီးစီးနင်းလာသည့် ကိုကျော်ဝင်းလှိုင်အား ကျော်သူ လမ်းအကျော်သို့ အရောက်တွင် ဟိုက်ဂျက်ယာဉ်တစ်စီးက ဝင်တိုက်မိခဲ့ကြောင်း သိရသည်။
" ပတ်ဝန်းကျင်ပြောတာက စက်ဘီးက လမ်းဘေးညာဘက်ကနေ ကပ်နင်းလာတာ။အဲ့ဒါ ဟိုက်ဂျက်ယာဉ်က ဝင်တိုက်တာ။
ဟိုက်ဂျက်ပေါ်က လင်မယားက စကားများရင်း ကားစီယာတိုင်ကို ဟိုလှည့်ဒီလှည့် လုပ်နေရင်း ဝင်တိုက်မိတာ" ဟု အခင်းဖြစ်နေရာသို့ သွားရောက်ခဲ့သည့် လူမှုကူညီရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ကိုကျော်ဝင်းလှိုင်မှာ အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးသွားခဲ့ပြီး လက်ရှိတွင် ၄င်း၏ အလောင်းအားရေဝေး(ရေခဲတိုက်)သို့ ပို့ဆောင်လျက်ရှိကြောင်း အခင်းဖြစ်နေရာသို့ ရောက်ရှိခဲ့သည့် လူမှုကူညီရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရသိရသည်။
ဓာတ်ပုံဆရာ ကိုကျော်ဝင်းလှိုင် သေဆုံးမှုနှင့် ပတ်သက်ပြီး " 26.May.2022 မနက်ပိုင်းတွင် ဆုံးပါးသွားသော ဆရာကိုကျော်ဝင်းလှိုင် (Sony Alpha Brand Ambassador) အတွက် Sony Electronics နှင့် TMW Enterprise Limited မှ မိသားစုနှင့်တကွထပ်တူထပ်မျှ စိတ်မကောင်းဖြစ်ရပါတယ်။ ဆရာကိုကျော်ဝင်းလှိုင် ကောင်းရာဘုံဘဝရောက်ပါစေ" ဟု ဆိုနီကလည်းထုတ်ပြန်သည်။
ယာဉ်တိုက်မှုမဖြစ်မီ တစ်ရက်အလိုက ကိုကျော်ဝင်းလှိုင်နှင့် Sony Camera တို့၏ စာချုပ်သက်တမ်းတိုးခြင်းကို လက်မှတ်ထိုးခဲ့သေးသည်။၄င်း၏လူမှုကွန်ရက်စာမျက်နှာတွင် "Happy Day !!!အခက်ခဲ အကျပ်တည်းတွေကြားမှ ရှေ့ခရီးကိုဆက်နိုင်ဖို့ အားအင်တွေဖြစ်ရပါတယ်။Sony Alpha Brand Ambassador အဖြစ် ၂၀၁၆ ခုနှစ်မှ စတင်ပြီးလက်တွဲခဲ့ပါတယ်။ ယခုနှစ် ၂၅-၅-၂၀၂၂ ခုနှစ်မှာ ၇ နှစ်မြောက်အဖြစ် ဆက်လက်ခရီးဆက်ခွင့်ရတဲ့အတွက် များစွာဂုဏ်ယူပါတယ်။ အကောင်းဆုံးလက်တွဲရင်း ကောင်းမွန်တဲ့နှစ်တစ်နှစ်ဖြစ်အောင်ကြိုးစားသွားမယ်။ ယနေ့အချိန်ထိ ဆရာ၊ ညီအစ်ကိုမောင်နှစ်မ၊ မိတ်ဆွေများနှင့်အတူတူလက်တွဲခွင့်ရတဲ့အတွက်လည်း များစွာဂုဏ်ယူလျှက်ပါ....။Save Date - 25-5-2022"ဟု ရေးသားထားသည်။
အသက် ၄၂ နှစ်အရွယ်ရှိ ကိုကျော်ဝင်းလှိုင်မှာ စက်ဘီးဝါသနာရှင်တစ်ဦးလည်းဖြစ်ပြီး စက်ဘီးစီးသူများအဖွဲ့ကလည်း ဝမ်းနည်းကြောင်း ထုတ်ပြန်မှုများရှိသည်။
ကိုကျော်ဝင်းလှိုင်တွင် ဇနီးဖြစ်သူနှင့် သားနှစ်ဦး ကျန်ရစ်ခဲ့သည်။
ကိုကျော်ဝင်းလှိုင်မှာ ၂၀၁၇ ခုနှစ်တွင် လန်ဒန်မြို့၌ ပြုလုပ်သည့် ဆိုနီကမ္ဘာ့ဓာတ်ပုံပြိုင်ပွဲတွင် ဆုရရှိခဲ့သည်။ ယင်းဓာတ်ပုံမှာ ကရင်ပြည်နယ် ဆဒ္ဒန်လိုဏ်ဂူတွင် ကရင်တိုင်းရင်းသူတစ်ဦးက ဘုရားဝတ်ပြုနေသည့်ပုံဖြစ်ပြီးMyanmar National Award ဆုကို ရရှိခဲ့့ခြင်းဖြစ်သည်။















