ပညာရေးသည် တန်ဖိုးရှိသော ရင်းနှီးမြှုပ်နှံမှု

ပညာရေးသည် တန်ဖိုးရှိသော ရင်းနှီးမြှုပ်နှံမှု
Published 25 May 2022

ပညာရေးသည် တန်ဖိုးရှိသော ရင်းနှီးမြှုပ်နှံမှုတစ်ရပ်ဖြစ်သည်။ ဆင်းရဲသော တိုင်းပြည်နှင့် တိုးတက်ဖွံ့ဖြိုးသော တိုင်းပြည်တို့အကြားတွင် ပညာရေးကွာဟမှုမြင့်မားခြင်းကို တွေ့ရပေလိမ့်မည်။ နိုင်ငံတစ်နိုင်ငံ တိုးတက်ရေးအတွက် အဓိကလုပ်ဆောင်ကြရသော ကဏ္ဍများတွင် ပညာရေးကဏ္ဍသည် ထိပ်ဆုံးမှပါဝင်သည်။ ပညာရေးကဏ္ဍကို ပြုပြင်ပြောင်းလဲရသည့်အခါ ရေတိုပြုပြင်ပြောင်းလဲမှုနှင့် ရေရှည်ပြုပြင်ပြောင်းလဲမှုတို့ကို ချိန် သားကိုက်လုပ်ဆောင်နိုင်မှသာ သိသာသောရလဒ်ကို ရပေလိမ့်မည်။ ပညာရေးကဏ္ဍကိုပြောင်းလဲရာ၌  အတိမ်းအစောင်းအနည်းငယ်သည်ပင်လျှင် ကြီးစွာသောသက်ရောက်မှုမျိုးကို ဖြစ်စေနိုင်သည်။ နိုင်ငံရေးသည် ကျောင်းခန်းထဲမှ လာသည်။ တိုင်းပြည်၏အနာဂတ်ခေါင်းဆောင်များသည် စာသင်ခန်းများအတွင်းမှ ထွက်ပေါ်လာကြသည်။ ထို့ကြောင့် အမြော်အမြင်ကြီးမားသောခေါင်းဆောင်တိုင်းသည် ပညာရေးတိုးတက်အောင် မဖြစ်မနေ ကြိုးစားလုပ်ဆောင်ခဲ့ကြသည်။

ပညာတတ်များ နေရာရနေသော၊ ပညာရှင်များ ပေါများသောနိုင်ငံသည် ချမ်းသာကြွယ်ဝလေ့ရှိသည်။ ဆင်းရဲသော တိုင်းပြည်များအနေဖြင့် အနာဂတ်အတွက် ရည်မျှော်၍ ပညာတတ်များကို များနိုင်သမျှ များများပေါ်ထွက်စေရန် မွေးမြူတတ်ကြသည်။ အဘယ့်ကြောင့်ဆိုသော် ပညာမဲ့များသော၊ ပညာသင်ကြားခွင့်ရရှိမှုအခြေအနေ နိမ့်ပါးသောနိုင်ငံသည် ဆင်းရဲမွဲတေသည်။ ယူနက်စကို၏ လေ့လာချက်တစ်ရပ်တွင် ဆင်းရဲမွဲတေမှုနှင့် ပညာသင်ကြားခွင့်ရရှိမှုတို့အကြား ဆက်နွှယ်မှုစစ်ဆေးချက်ပါရှိခဲ့သည်။ ယင်းစစ်ဆေးချက်တွင် ကလေးများနှင့် မြီးကောင်ပေါက်အရွယ်တို့ ပညာရေးမပြီးဆုံးမီ ကျောင်းမှထွက်ရသည့်နှုန်း မြင့်မားသောကြောင့် ကမ္ဘာ့ဆင်းရဲမွဲတေမှုနှုန်းသည်လည်း ကျဆင်းရန် လမ်းမမြင်ဖြစ်ရသည်ဟု ဆိုထားသည်။

ကျောင်းမှထွက်ခဲ့ရသည့် လူအများစုသည် ပို၍ဆင်းရဲသောနိုင်ငံများတွင် နေထိုင်ကြသူများဖြစ်ကြောင်း တွေ့ရပြီး ယင်းနိုင်ငံများသည် ယေဘုယျအားဖြင့် ဝင်ငွေပို၍နိမ့်ပါးသောနိုင်ငံများဖြစ်ကာ အာဖရိက၊ ဗဟိုအာရှနှင့် တောင်အာရှ၊ အရှေ့ပိုင်းအာရှနှင့် အရှေ့ တောင်အာရှ၊ အာရှအနောက်ပိုင်းနှင့် အာဖရိကမြောက်ပိုင်းဒေသများရှိ နိုင်ငံများဖြစ်ကြသည်။ သေချာသည်မှာ ပညာရေးနှင့် ယင်းပညာရေးကို ရရှိနိုင်မှုအခွင့်အလမ်းနိမ့်ပါးခြင်းက စီးပွားရေးဆိုင်ရာ တိုးတက်ဖြစ်ထွန်းစေမှုအပေါ် အတားအဆီးဖြစ်နေပေသည်။ ပညာရေးကဏ္ဍ တိုးတက်ဖွံ့ဖြိုးမှုမရှိလျှင် ဆင်းရဲမွဲတေမှုလျှော့ချရေးကို အောင်မြင်အောင် လုပ်ဆောင်နိုင်မည်မဟုတ်ပေ။ ဖွံ့ဖြိုးမှုနှောင့်နှေးနေသည့် မြန်မာနိုင်ငံတွင်လည်း ပညာရေး ကဏ္ဍကို မလွဲမသွေပြုပြင်ရန် လိုအပ်နေပေသည်။

နိုင်ငံအတွက်လိုအပ်သော မူလတန်း၊ အလယ်တန်း၊ အထက်တန်း ဆရာ ဆရာမ အလုပ်အကိုင်နေရာများအတွက် ပညာရေးတက္ကသိုလ်များက ဘွဲ့ရမွေးထုတ်ပေးနိုင်မှုမှာ ယူနက်စကို၏ အချက်အလက်များအရ မြန်မာနိုင်ငံတွင် စုစုပေါင်းဘွဲ့ရ အားလုံး၏ ၂ ဒသမ ၃ ရာခိုင်နှုန်းသာရှိနေချိန်တွင် ဖိလစ်ပိုင်နိုင်ငံ၌ ၁၃ ရာခိုင်နှုန်း၊ မလေးရှားတွင် ၁၃ ရာခိုင်နှုန်း၊ ဂျပန်တွင် ၇ ဒသမ ၂ ရာခိုင်နှုန်း၊ အမေရိကန်တွင် ၉ ဒသမ ၅ ရာခိုင်နှုန်း၊ နယ်သာလန်တွင် ၁၂ ဒသမ ၄ ရာခိုင်နှုန်း၊ သြစတြီးယားတွင်၁၆ ရာခိုင်နှုန်း၊ ဗီယက်နမ်တွင် ၂၂ ဒသမ ၆ ရာခိုင်နှုန်းနှင့် လာအိုတွင် ၂၅ ဒသမ ၂ ရာခိုင်နှုန်းအထိ ဘွဲ့ရများ မွေးထုတ်ပေး နေကြသည်ကို တွေ့ရသည်။

ပညာရေးသည် အရေးကြီးပြီး ပညာရည်မြင့်မားသောတိုင်းပြည်တွင် ပြည်သူများ၏ ပျော်ရွှင်၍တည်ငြိမ်သောဘဝများ ဖန်တီးပေးနိုင်မည်ဖြစ်သည်။ အနာဂတ်အတွက် အာမခံချက်ပေးနိုင်မည်။ ဝင်ငွေမြင့်မားပြီး အလုပ်အကိုင်အခွင့်အလမ်းများလည်း ပို၍များပြားသည်။ တန်းတူညီမျှအခွင့်အရေးပေးသည့် တရားမျှတမှု ပိုမိုဖြစ်ထွန်းစေပြီး ဆင်းရဲချမ်းသာ နှင့် လူတန်းစားခြားနားမှုကို ဖယ်ရှားနိုင်မှု အားကောင်းစေသည်။ ထို့ပြင် ဘဝရည်မှန်းချက်များနှင့် စိတ်ကူးပုံဖော်လိုမှုများအတွက် အထောက်အပံ့ဖြစ်စေသည်။ သို့ဖြစ်ရာ မြန်မာနိုင်ငံအနေဖြင့်လည်း အရေးကြီးသောပညာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုကို လျင်လျင်မြန်မြန်လုပ်ဆောင်၍ စမ်းသပ်ခံကာလများဖြင့် လုံးချာလိုက်နေမှုကို အဆုံးသတ်ရန်လိုနေပေသည်။ ထိုသို့လုပ်ဆောင်ရာတွင် ရေတိုရေရှည်စီမံကိန်းများဖြင့် မှန်ကန်သင့်တော်သော မူဝါဒများ ချမှတ်နိုင်ရန် အရေးကြီးမည်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

■ မေ ၂၆  ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့ အာဘော်

Most Read

Most Recent