ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးခရိုင် လားရှိုးမြို့တွင် မေ ၂၂ ရက်က စက်သုံးဆီကို အကန့်အသတ်ဖြင့်သာ ရောင်းချနေရကြောင်း သိရသည်။
“လားရှိုးမှာတော့ ဆိုင်တွေမှာ တိုးဝယ်ရတယ်။ ကားတစ်စီးကို နှစ်သောင်း သုံးသောင်းဖိုးသာ ရောင်းချပေးတယ်။ ဒီဘက်ဆိုင်ထည့်ပြီး ဟိုဘက်ဆိုင်ပြောင်းထည့်နေရတယ်” ဟု မူဆယ်-လားရှိုးခရီးသည်တင်ယာဉ်မောင်း ကိုသိန်းက ပြောကြားသည်။
လားရှိုးမြို့၏ လက်ရှိစက်သုံးဆီဝယ်ယူရမှုအခြေအနေမှာ မြို့လယ်အဝိုင်းနားမှ GL စက်သုံးဆီအရောင်းဆိုင်ပိတ်ထားပြီး လားရှိုးမြို့အထွက် ဆီဆိုင်အများစုတွင် မေ ၂၂ ရက်က စက်သုံးဆီစျေးနှုန်းများ ဖော်ပြထားခြင်းမရှိတော့ကြောင်း သိရပြီး စက်သုံးဆီဆိုင်များ၏ကားများ ဆီဖြည့်ရန် သွားရောက်တန်းစီနေကြရသည်ဟု သိရသည်။
လားရှိုးမြို့၌ အချို့မြို့ပြင်ဆီဆိုင်တို့တွင် ကျပ် ၂၀၀၀၀ နှင့် ၃၀၀၀၀ အထိသာ ဆီထည့်ဖြည့်ခွင့်ရကြပြီး စက်သုံးဆီစျေးနှုန်းနေ့စဉ် အချိန်နှင့်တပြေးညီ ဖော်ပြချက်မရှိသော်လည်း မေ ၂၂ ရက်က ၉၂ စက်သုံးဆီ တစ်လီတာလျှင် ကျပ် ၂၅၀၀ ဖြင့် ဖြည့်သွင်းရပြီး ၉၅ စက်သုံးဆီတစ်လီတာလျှင် ကျပ် ၂၆၀၀ ဖြင့် ရောင်းချနေကြောင်း သိရသည်။
လားရှိုးမြို့တွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ၏ စျေးနှုန်းများမှာ ဆီအရောင်းဆိုင်အမျိုးမျိုး၏ စျေးနှုန်းများ မတူကွဲပြားပြီး ရောင်းချသော စက်သုံးဆီစျေးနှုန်းများမှာ မေ ၂၀ ရက်က ၉၂ တစ်လီတာလျှင် ၂၁၉၅ ကျပ်မှ ကျပ် ၂၃၉၀၊ ၉၅ တစ်လီတာလျှင် ကျပ် ၂၃၅၀ မှ ၂၄၄၀ အထိရှိခဲ့ပြီး ရိုးရိုးဒီဇယ်မှာ တစ်လီတာလျှင် ကျပ် ၂၁၆၀ မှ ၂၄၆၀၊ ပရီမီယံဒီဇယ်မှာ ကျပ် ၂၁၉၀ မှ ၂၄၈၀ အထိရှိခဲ့ကြောင်း သိရပြီး မေ ၂၂ ရက် စက်သုံးဆီ အရောင်းစျေးမှာ တစ်လီတာ ကျပ် ၃၀၀ ခန့် မြင့်တက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါဆီစျေးကြောင့် မူဆယ်-လားရှိုး ကားငယ်ခရီးသည်တင်ကားခမှာ ကျပ် ၃၀၀၀၀ မှ ၃၅၀၀၀ အထိရှိကာ မန္တလေး-မူဆယ် ကားငယ်ခရီးသည်တင်ကားခမှာ ကျပ် ၄၅၀၀၀ မှ ၈၀၀၀၀ အထိရှိကြောင်း ခရီးသည်တင်ကား ငယ်ယာဉ်မောင်းများထံမှ သိရသည်။
မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်း ထုတ်ပြန်ရာတွင် ပြင်ပတွင် စက်သုံးဆီ ပြတ်လပ်တော့မည်ဆိုသည့် သတင်းအမှားများ ကြားသိနေရကြောင်း၊ အမှန်တကယ်တွင် စက်သုံးဆီတင်သင်္ဘောများ အဆက်မပြတ်ဝင်ရောက်နေသည်ဟု ထုတ်ပြန်ထားပြီး မေ ၁၉ ရက်တွင် တန်ချိန်ပေါင်း (၁၆၄၀၀)သယ်ဆောင်လာသော Beluga Pacific သင်္ဘော၊ တန်ချိန် ၁၇၂၀၀ သယ်ဆောင်လာသော Yu Hai သင်္ဘော၊ စက်သုံးဆီတန်ချိန်ပေါင်း ၁၈၂၀၀ သယ်ဆောင်လာသော Yu Dong သင်္ဘော၊ တန်ချိန်ပေါင်း ၂၀၀၀ သယ်ဆောင်လာသော Aberlour သင်္ဘောများသည် ဆိပ်ကမ်းများတွင် ဆီချလျက်ရှိကြောင်း၊ နောက်ထပ်လည်း ပင်လယ်ဝတွင် သင်္ဘောလေးစင်း ထပ်မံဆိုက်ရောက်လာပြီဖြစ်ကြောင်း အဆိုပါအသင်းက ထုတ်ပြန်ထားသည်။















