ကိုဗစ်-၁၉ အထူးချေးငွေ ပြန်ဆပ်ရန်ကာလကို ၂၀၂၂ ခုနှစ် စက်တင်ဘာလကုန်အထိ တတိယအကြိမ် တိုးမြှင့်ခြင်းနှင့် သတင်းပေးပို့ခြင်းမရှိဘဲ နယ်စပ်ဖြတ်ကျော် ရွှေအရောင်းအဝယ်များ မပြုလုပ်ရန် ရန်ကုန်ရွှေအသင်း ထုတ်ပြန်ခြင်း

ကိုဗစ်-၁၉ အထူးချေးငွေ ပြန်ဆပ်ရန်ကာလကို ၂၀၂၂ ခုနှစ် စက်တင်ဘာလကုန်အထိ တတိယအကြိမ် တိုးမြှင့်ခြင်းနှင့် သတင်းပေးပို့ခြင်းမရှိဘဲ နယ်စပ်ဖြတ်ကျော် ရွှေအရောင်းအဝယ်များ မပြုလုပ်ရန် ရန်ကုန်ရွှေအသင်း ထုတ်ပြန်ခြင်း
ရွှေစျေးကွက်အတွင်း အရောင်းအဝယ်ပြုလုပ်နေသည့် အကယ်ဒမီရွှေတုံးများကို တွေ့ရစဉ်
ရွှေစျေးကွက်အတွင်း အရောင်းအဝယ်ပြုလုပ်နေသည့် အကယ်ဒမီရွှေတုံးများကို တွေ့ရစဉ်
Published 23 May 2022

ယခင်ချေးငွေများ ပြေကျေစွာ ပေးဆပ်ပြီးသော တောင်သူများကို ၂၀၂၂ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ မကြာမီ ထုတ်ချေးမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ထုတ်ပြန်ထားသည်။

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ လုပ်ကွက်ငယ် တောင်သူလယ်သမားများသို့ စိုက်ပျိုးစရိတ်အရင်းအနှီးများရရှိစေရေးအတွက် စိုက်ပျိုးစရိတ်ချေးငွေများကို နှစ်စဉ်ထုတ် ချေးပေးလျက်ရှိရာ တောင်သူလယ်သမားများကလည်း သီးနှံပေါ်ချိန်တွင် ချေးငွေများ အချိန်မီပြန်လည်ပေးဆပ်ခြင်းဖြင့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘဏ်နှင့်တောင်သူများအကြား နှစ်ဦးနှစ်ဖက် အပြန်အလှန် တာဝန်ကျေပွန်စွာ ဆောင်ရွက်လျက်ရှိသည်။

စိုက်ပျိုးစရိတ်ချေးငွေများကို စိုက်ပျိုးရာသီအလိုက် ထုတ်ချေးပေးလျက်ရှိရာ အချိန်စေ့ချေးငွေများဖြစ်သော ၂၀၂၀ မိုးချေးငွေနှင့် ၂၀၂၁  မိုးချေးငွေအရင်း၊အတိုးပြေ ကျေစွာ ပေးဆပ်ပြီးသည့် တောင်သူများသို့  ၂၀၂၂  မိုးချေးငွေများအား ၂၀၂၂ ခုနှစ် မေတတိယပတ်မှစ၍ သက်ဆိုင်ရာခရိုင်နှင့်မြို့ နယ် ဘဏ်ခွဲများတွင် စတင်ထုတ်ချေးပေးမည်ဖြစ်သည်။

ယခင်ချေးငွေများ ပြေကျေစွာ ပေးဆပ်လာသူတောင်သူများကိုလည်း ၂၀၂၂ မိုးရာသီချေးငွေသစ်များကို ဆက်လက်ထုတ်ချေးပေးမည်ဖြစ်သည်။

သို့ဖြစ်ရာ ယခင်ချေးငွေများ  ပြေကျေစွာ ပေးဆပ်ပြီးသော တောင်သူလယ်သမားများအနေဖြင့် ၂၀၂၂ မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများ အချိန်မီရရှိနိုင်ရန် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ သက်ဆိုင်ရာ ခရိုင်/မြို့နယ်ဘဏ်ခွဲများနှင့် အမြန်ဆုံးဆက်သွယ်ဆောင်ရွက်ကြရန် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က အသိပေးကြေညာထားသည်။

ကိုဗစ်-၁၉ အထူးချေးငွေ ပြန်ဆပ်ရန် ကာလကို ၂၀၂၂ ခုနှစ် စက်တင်ဘာလကုန်အထိ တတိယအကြိမ် ပြင်ဆင် တိုးမြှင့်   

ကိုဗစ်-၁၉ အထူးချေးငွေကို တောင်သူများ စိုက်ပျိုးရေးတွင် အရင်းအနှီးအဖြစ် ဆက်လက်သုံးစွဲနိုင်ရန်အတွက် ချေးငွေပြန်လည်ပေးဆပ်ရန်ကာလကို ၂၀၂၂ ခုနှစ် စက်တင်ဘာလကုန်အထိ တတိယအကြိမ် ပြင်ဆင်တိုးမြှင့်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ထုတ်ပြန်လိုက်သည်။

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်ခဲ့ရသည့် တောင်သူများသို့ ထုတ်ချေးပေးထားသည့် ကိုဗစ်အထူးချေးငွေကို တောင်သူများ စိုက်ပျိုးရေးတွင် အရင်းအနှီးတစ်ရပ်အဖြစ်  ဆက်လက်သုံးစွဲပြီး ဝင်ငွေတိုးတက်ရှာဖွေနိုင်ရေးအတွက် ချေးငွေ ပြန်လည်ပေးဆပ်ရန်ကာလကို ၂၀၂၂ ခုနှစ် မတ်လကုန်အစား ၂၀၂၂ ခုနှစ် စက်တင်ဘာ ၃၀ ရက်အထိ တတိယအကြိမ် ပြင်ဆင်တိုးမြှင့်ပေးမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သည် ဘဏ်တည်ထောင်သည့် ၁၉၅၃ ခုနှစ်မှစ၍ တောင်သူလယ်သမားများနှင့် ချစ်ကြည်ရင်းနှီးစွာ အပြန်အလှန်ကျေးဇူးပြုရင်း ရပ်တည်လာခဲ့သည်မှာ နှစ်ပေါင်း ၇၀ နီးပါးရှိခဲ့ပြီဖြစ်ကြောင်း၊ ယခင်က စိုက်ပျိုးစရိတ်ချေးငွေတစ်ခုတည်းကိုသာ ထုတ်ချေးခဲ့ရာမှာ လက်ရှိအချိန်တွင် စိုက်ပျိုးစရိတ်ချေးငွေ သာမက ဖွံ့ဖြိုးရေးချေးငွေများဖြစ် ကြသည့် စိုက်ပျိုးရေးနှင့်ကျေးလက် ဖွံ့ဖြိုးရေးနှစ်ဆင့်ချေးငွေ (JICA Two Step Loan)၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးနှစ်ဆင့်ချေးငွေ MEB Two Step Loan)နှင့် ကိုဗစ်-၁၉ အထူးချေးငွေ စသည့် ချေးငွေများကို တိုးတက်ထုတ်ချေးလျက်ရှိသည်။

လက်ရှိအချိန်တွင် နိုင်ငံတစ်ဝန်း ကိုဗစ် -၁၉ ကပ်ရောဂါကူးစက် ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်နိုင်ရန် ထုတ်ပြန်ရသော သွားလာမှုကန့်သတ်ချက်များ၊ ကုန်စည်ကူးသန်းရောင်းဝယ်မှုအခက်အခဲများ၊ သယ်ယူပို့ဆောင်မှုအခက်အခဲများ စသည်တို့ကြောင့် နိုင်ငံတော်အစိုးရ အနေဖြင့် တောင်သူများ၏ အခက်အခဲများကို အထိုက်အလျောက် ပြေလည်စေရန်နှင့် စိုက်ပျိုးရေးလုပ်ငန်းများ  အဆင်ပြေစွာ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ချေးယူထားသော ကိုဗစ်-၁၉ အထူးချေးငွေ ပြန်လည်ပေးဆပ်မှုနှင့် ဆောင်းရာသီစိုက်ပျိုး ကာလအမီ ချေးငွေသစ်များ အဆင်ပြေစွာ ထုတ်ချေးနိုင်ရေးအတွက် ကိုဗစ်-၁၉အထူးချေးငွေ ပြန်လည်ပေးဆပ်ရမည့်ကာလနှင့် ၂၀၂၁ ခုနှစ် ဆောင်းရာသီစိုက်ပျိုးစရိတ်  ချေးငွေထုတ်ချေးသည့်ကာလများကို တိုးမြှင့်ပြင်ဆင်သတ်မှတ်ပေးထားသည်။

ကိုဗစ်-၁၉ အထူးချေးငွေ ပြန်လည်ပေးဆပ်ရန်ကာလကို ပထမအ ကြိမ်ပြင်ဆင်သတ်မှတ်ဖြေလျှော့ပေးခဲ့သည့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အစား ၂၀၂၂ ခုနှစ် မတ်လကုန်အထိလည်းကောင်း၊ ၂၀၂၁-ဆောင်းရာသီစိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးပေးမှု နောက်ဆုံးရက်ကို ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၃၁ ရက်အစား ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလကုန်အထိ ပြင်ဆင်သတ်မှတ်ပေးခဲ့သည်။

သို့ဖြစ်ရာ တောင်သူများအနေဖြင့် ယခင်ချေးငွေများနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲများနှင့် အချိန်မီဆက်သွယ်ဆောင်ရွက်ကြရန် မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်က ကြေညာထားသည်။

သတင်းပေးပို့ခြင်းမရှိဘဲ နယ်စပ်ဖြတ်ကျော် ရွှေအရောင်းအဝယ်များ မပြုလုပ်ရန် ရန်ကုန်ရွှေအသင်း ထုတ်ပြန်ခြင်း 

ရွှေအရောင်းအဝယ်လိုင်စင်မရှိသည့် ရွှေဆိုင်များ၊ ရွှေတုံးရွှေခဲ အရောင်းအဝယ်ပြုလုပ်သူများ၊ အွန်လိုင်းမှ အရောင်းအဝယ် ပြုလုပ်သူများလိုင်စင်ပြုလုပ်ကြရန်နှင့် သတင်းပေးပို့ခြင်းမရှိဘဲ နယ်စပ်ဖြတ်ကျော် ရွှေအရောင်းအဝယ်များ မပြုလုပ်ကြရန် ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း (YGEA)က သတင်းထုတ်ပြန်သည်။

မေ ၁၇ ရက်က ယင်းသို့ ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး လိုက်နာမှုမရှိပါက ဥပဒေအရ အရေးယူမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရွှေအရောင်းအဝယ်ပြုလုပ်ရာတွင် ရွှေအရောင်းအဝယ်လိုင်စင် မရှိသည့် ရွှေဆိုင်များ ရွှေအရောင်း အဝယ်လိုင်စင်ပြုလုပ်ရန်၊မီးလင်း ရွှေအတုံးအခဲ အရောင်းအဝယ်ပြုလုပ်သူများ လိုင်စင်ပြုလုပ်ရန်၊ ရွှေအရောင်း အဝယ်လိုင်စင်ပြုလုပ်ထားခြင်းမရှိဘဲ အွန်လိုင်းပေါ်မှ အရောင်းအဝယ်ပြုလုပ်သူများအားအရေးယူရန်၊ မီးလင်းရွှေအတုံးအခဲအရောင်းအဝယ်ပြုလုပ်သူများအနေဖြင့် စာရင်းများ တိကျမှန်ကန်စွာ ပြုလုပ်ရန်၊ ရွှေအရောင်းအဝယ် စာရင်းဇယားများကို တိကျမှန်ကန်စွာ ဖြည့်စွက်ရန်၊ ရွှေမှောင်ခိုစျေးကွက် ပပျောက်စေရန်နှင့် ရွှေစျေးနှုန်းတည်ငြိမ်စေရေးအတွက် ရွှေအရောင်းအဝယ်ကိစ္စများကို အသင်းရုံးခန်းအတွင်းမှအပ မည်သည့်နေရာတွင်မဆို အရောင်းအဝယ်ပြုလုပ်ခြင်းများ လုံးဝမပြုလုပ်ကြရန်နှင့် စာရင်းပေး သတင်းပေး အကြောင်းကြားခြင်း မရှိဘဲ နယ်စပ်ဖြတ်ကျော် အရောင်းအဝယ်မပြုလုပ်ရန်နှင့် လိုက်နာမှုမရှိပါက လူပုဂ္ဂိုလ်များနှင့် ရွှေဆိုင်များကို  ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

“အစိုးရသတ်မှတ်တဲ့ ၁၈၅၀ နဲ့  တွက်တော့ တို့ရွှေစျေးက အပြင်က စျေးထက် ကျတာပေါ့။ ကျတဲ့အခါကျတော့ အပြင်မှာက နယ်စပ်စျေးတွေနဲ့ တအားကွာသွားတယ်။ ကွာသွားတဲ့ အခါကျတော့ ရွှေမှောင်ခိုရောင်းတာတို့၊ ကစားမယ့်ရွှေကို ပြန်ဝယ်တာတို့ဖြစ်ကုန်တယ်။ ဖြစ်ကုန်တော့ တို့က လိုင်စင်ရှိတဲ့သူပဲ အရောင်းအဝယ်လုပ်ရမယ်။ တချို့ကျတော့လည်း ရွှေဆိုင်ထောင်ထားတယ် လိုင်စင်မရှိဘူး။ မရှိဘဲရောင်းနေကြတာ။ အခုက သူ့အခန်း ကိုယ့်အခန်း ရွှေဆိုင်တွေ ဖြစ်ကုန်ပြီ။ ဒါပေမဲ့ လိုင်စင်က တစ်ယောက်မှမရှိဘူး။ အဲဒါတွေကိုလည်း စည်းကမ်းတကျဖြစ်အောင်လို့ အရင်ဆုံး လိုင်စင်လုပ်ဖို့ပေါ့”ဟု ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောကြားသည်။

ထို့ပြင် မီးလင်းရွှေ အတုံး/အခဲ ရောင်းဝယ်ရာတွင် စည်ပင်လိုင်စင် ပြုလုပ်ရမည်ဖြစ်ပြီး အဆိုပါ ရွှေအတုံး/အခဲလိုင်စင်လျှောက်ထားရာ၌ ပါဝင်ရမည့် ထောက်ခံစာကို ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း(YGEA) အသင်းရုံးတွင် ရုံးချိန်အတွင်း လာရောက်ရယူနိုင် ကြောင်း  YGEA ကထုတ်ပြန်ခဲ့သည်။

၂၀၂၁ ခုနှစ်တွင် ကျပ်  ၂၂၅၀၀၀၀  ဝန်းကျင်ထိ စံချိန်တင်ရောက် ရှိခဲ့သည့် ပြည်တွင်းရွှေစျေးနှုန်းမှာ စက်တင်ဘာ ၂၉ရက်တွင် ပြန်လည်ကျဆင်းခဲ့ပြီး ကျပ် ၂၀၇၀၀၀၀ သို့ ပြန်လည်ရောက်ရှိခဲ့သည်။ စက်တင်ဘာ ၂၉ ရက်တွင် ပြည်တွင်းရွှေစျေးနှုန်းများမှာ ၁၆ ပဲရည် အခေါက်ရွှေစျေးနှုန်းမှာ ၂၀၇၀၀၀၀ ဝန်းကျင်နှုန်းဖြင့် စျေးပိတ်ခဲ့သည်။

စက်တင်ဘာ ၂၈ ရက်တွင် ကမ္ဘာ့ရွှေစျေး ဒေါ်လာ ၁၇၅၁ ဝန်းကျင်ရှိ ပြီး ပြည်တွင်းရွှေစျေးနှုန်းမှာ တစ်ရက်အတွင်း ကျပ်နှစ်သိန်းကျော် ခုန်တက်ကာ ကျပ် ၂၂၅၀၀၀၀ ဝန်းကျင်သို့ စံချိန်တင်ရောက်ရှိခဲ့ခြင်းဖြစ်သည်။ စက်တင်ဘာ ၂၈ ရက်တွင် ပြည်တွင်းရွှေစျေးနှုန်းများမှာ ၁၆ ပဲရည် အခေါက်ရွှေစျေးနှုန်းမှာ ၂၂၅၀၀၀၀ ဝန်းကျင်ရှိနေပြီး ၁၅ ပဲရည် ရွှေစျေးနှုန်းမှာ ၂၀၁၄၀၀၀ ဝန်းကျင်ရှိနေခြင်း ဖြစ်သည်။

၂၀၁၆ ခုနှစ်မှစ၍၂၀၂၁ ခုနှစ်အထိ ပြည်တွင်းရွှေစျေးနှုန်း စံချိန်တင်စျေးနှုန်းများ အကြိမ်ကြိမ်ဖြစ်ပေါ်ခဲ့ကာ နှစ်အလိုက် စံချိန်တင်စျေးနှုန်းများမှာ ၂၀၁၆ ခုနှစ် အောက်တိုဘာ ၄ ရက်တွင် ကျပ် ၉၀၃၅၀၀၊ ၂၀၁၇ ခုနှစ် စက်တင်ဘာ ၁၅ ရက်တွင် ကျပ် ၉၅၇၈၀၀၊ ၂၀၁၈ ခုနှစ် စက်တင်ဘာ ၂၀ ရက်တွင် ကျပ် ၁၀၄၇၇၀၀၊ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်တွင် ကျပ် ၁၀၈၈၅၀၀၊ ၂၀၁၉ ခုနှစ် ဇူလိုင် ၁၈ ရက်တွင် ကျပ် ၁၁၄၃၅၀၀၊ ၂၀၁၉ ခုနှစ် သြဂုတ် ၁၃ ရက်တွင် ကျပ် ၁၂၃၇၀၀၀၊ ၂၀၁၉ ခုနှစ် စက်တင် ဘာ ၅ ရက်တွင် ကျပ် ၁၃၁၅၀၀၀၊ ၂၀၂၀ ပြည့်နှစ် သြဂုတ် ၇ ရက်တွင် ကျပ် ၁၃၃၅၅၀၀၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်တွင် ကျပ် ၁၄၂၀၀၀၀ ၊ စက်တင်ဘာ ၂၈ ရက် တွင် ကျပ် ၂၂၅၀၀၀၀ အထိ စျေးရှိခဲ့သည်။

ရွှေစျေးနှုန်းသည်၂၀၁၆ ခုနှစ်၌ ကျပ် ၈ဝဝဝဝဝတန်း၊ ၂၀၁၇ ခုနှစ်တွင် ကျပ် ၉၀၀၀၀၀ တန်း၊ ၂၀၁၈ ခုနှစ်တွင် ကျပ် ၁၀၀၀၀၀၀ တန်း၊ ၂၀၁၉ ခုနှစ်တွင် ကျပ် ၁၁၀၀၀၀၀ တန်းနှင့် ကျပ် ၁၂၀၀၀၀၀ တန်းကို ကျော်လွန်လာခဲ့ပြီး ၂၀၁၉ ခုနှစ် စက်တင်ဘာတွင် ကျပ် ၁၃၁၀၀၀၀ ကျော် အထိမြင့်တက်ခဲ့ခြင်းဖြစ်ကာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်တွင် ကျပ် ၁၄၂၀၀၀၀ အထိ စံချိန်တင်မြင့်တက်ခဲ့သည်။

၂၀၂၂ ခုနှစ် မတ် ၃၁ ရက်တွင် ပြည်တွင်းရွှေစျေးနှုန်းအနေဖြင့် ၁၆ ပဲရည်အခေါက်ရွှေစျေးမှာ ကျပ် ၂၀၃၂၀၀၀ ဝန်းကျင်ရှိပြီး ၁၅ ပဲရည် ရွှေစျေးမှာ ကျပ် ၁၉၁၀၅၀၀ ဝန်းကျင် ရှိခဲ့သည်။ မေ ၁၉ ရက်တွင်  ပြည်တွင်းရွှေစျေးနှုန်းအနေဖြင့် ၁၆ ပဲရည်အခေါက် ရွှေစျေးမှာ ကျပ် ၂၀၄၁၀၀၀ ဝန်းကျင်၊ ၁၅ ပဲရည်ရွှေစျေးမှာ  ၁၉၂၁၀၀၀ ကျပ် ဝန်းကျင် ရှိခဲ့သည်။   

Most Read

Most Recent