အီတီဟတ်နှင့် အန်ဖီးလ်ကွင်း နှစ်ခုစလုံးတွင် ပရီးမီးယားလိဂ်ဆုချီးမြှင့်ပွဲကျင်းပရန် စီစဉ်ထားသော်လည်း ဆုဖလားအစစ်ကို လက်ရှိချန်ပီယံ မန်စီးတီးအသင်း၏ကွင်း၌ ထားရှိမည်

အီတီဟတ်နှင့် အန်ဖီးလ်ကွင်း နှစ်ခုစလုံးတွင် ပရီးမီးယားလိဂ်ဆုချီးမြှင့်ပွဲကျင်းပရန် စီစဉ်ထားသော်လည်း ဆုဖလားအစစ်ကို လက်ရှိချန်ပီယံ မန်စီးတီးအသင်း၏ကွင်း၌ ထားရှိမည်
Photo: Premier League
Photo: Premier League
Published 19 May 2022

၂၀၂၁-၂၀၂၂ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ရာသီပိတ်ပွဲစဉ်မှသာ ချန်ပီယံထွက်ပေါ်မည်ဖြစ်သောကြောင့် မန်စီးတီးအသင်း၏ အီတီဟတ်ကွင်းနှင့် လီဗာပူးလ်အသင်း၏ အန်ဖီးလ်ကွင်း နှစ်ခုစလုံးတွင် ဆုချီးမြှင့်ပွဲ ကျင်းပနိုင်ရန် စီစဉ်ထားကြောင်း ပရီးမီးယားလိဂ်တာဝန်ရှိသူများက အတည်ပြုပြောကြားသည်။

ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ရာသီပြီးဆုံးရန် လက်ကျန်တစ်ပွဲသာ ကျန်ရှိတော့ပြီး နောက်ဆုံးပွဲစဉ် ၃၈ ကို မေ ၂၂ ရက် (တနင်္ဂ နွေနေ့) မြန်မာစံတော်ချိန် ည ၉ နာရီခွဲတွင် တစ်ပြိုင်တည်း ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

ချန်ပီယံဆုအတွက် မန်စီးတီးနှင့် လီဗာပူးလ်အသင်းတို့ အပြိုင်ဖြစ်နေပြီး လက်ရှိချန်ပီယံ မန်စီးတီးအသင်းက ၃၇ ပွဲကစား၊ ၂၈ ပွဲနိုင်၊ ခြောက်ပွဲသရေ၊ သုံးပွဲရှုံး၊ ရမှတ် ၉၀ ဖြင့် ဦးဆောင်နေကာ လီဗာပူးလ်အသင်းက ၃၇ ပွဲ ကစား၊ ၂၇ ပွဲနိုင်၊ ရှစ်ပွဲသရေ၊ နှစ်ပွဲရှုံး၊ ၈၉ မှတ်ဖြင့် ဖိအားပေးနေသည်။

ရာသီပိတ်ပွဲစဉ်အဖြစ် မန်စီးတီးအသင်းက လီဗာပူးလ်အသင်း ခေါင်းဆောင်ဟောင်း စတီဗင်ဂျရတ်ကိုင်တွယ်နေသည့် ဗီလာအသင်းနှင့် အိမ်ကွင်းကစားရမည်ဖြစ်ပြီး လီဗာပူးလ်အသင်းမှာလည်း ဝုလ်ဗ်အသင်းနှင့် အိမ်ကွင်းကစားရမည်ဖြစ်သည်။

သို့ဖြစ်ရာ ပရီးမီးယားလိဂ်တာဝန်ရှိသူများက ဆုချီးမြှင့်ပွဲ အခမ်းအနားကို အီတီဟတ်ကွင်းနှင့် အန်ဖီးလ်ကွင်း နှစ်ခုစလုံး၌ ကျင်းပနိုင်ရန် ကြိုတင်ပြင်ဆင်ထားကြောင်း အတည်ပြုကြေညာခဲ့ခြင်းဖြစ်သည်။

ဗြိတိန်အခြေစိုက် The Telegraph သတင်းဌာန၏ ဖော်ပြမှုအရ ပရီးမီးယားလိဂ်အမှုဆောင်ချုပ် ရစ်ချက်မာစတာအနေဖြင့် တနင်္ဂနွေနေ့တွင် အီတီဟတ်ကွင်း၌ ပရီးမီးယားလိဂ်ဆုဖလား အစစ်နှင့်အတူရှိနေမည်ဖြစ်ကြောင်း သိရသည်။

သို့ဖြစ်ရာ အန်ဖီးလ်ကွင်း၌ ပြင်ဆင်ထားသည့် ဆုဖလားမှာ အစစ်မဟုတ်ဘဲ ပုံစံတူပြုလုပ်ထားသည့်ဆုဖလား ဖြစ်ကြောင်း သိရသည်။

ချန်ပီယံဆုအတွက် အပြိုင်ဖြစ်နေသည့် နှစ်သင်းအနက် မန်စီးတီးအသင်းက လက်ရှိချန်ပီယံဖြစ်သလို ရမှတ်တစ်မှတ်အသာရထားသောကြောင့် ဗီလာအသင်းအား အနိုင်ရရုံဖြင့် ချန်ပီယံဆုဆွတ်ခူး ရယူနိုင်မည်ဖြစ်သည်။

လီဗာပူးလ်အသင်းမှာမူ ဝုလ်ဗ်အသင်းအား အနိုင်ရရန် လိုအပ်သလို မန်စီးတီးအသင်း အမှတ်လျော့မှသာ ချန်ပီယံအဖြစ် အစားထိုးအောင်ပွဲခံခွင့်ရမည်ဖြစ်သောကြောင့် အန်ဖီးလ်ကွင်း၌ ပုံစံတူဆုဖလားသာ ပြင်ဆင်ထားခြင်းဖြစ်သည်။

ရာသီပိတ်ပွဲစဉ်တွင် ချန်ပီယံဆုအပြင် ချန်ပီယံလိဂ်ဝင်ခွင့် လက်ကျန်တစ်နေရာ (အဆင့် ၄)၊ ယူရိုပါလိဂ်ဝင်ခွင့် လက်ကျန်တစ်နေရာ (အဆင့် ၆) နှင့် တန်းဆင်းဇုန်နောက်ဆုံးတစ်နေရာ (အဆင့် ၁၈) အတွက် အကြိတ်အနယ်ယှဉ်ပြိုင်မှုများလည်း မြင်တွေ့ရမည် ဖြစ်သည်။

Most Read

Most Recent