တရုတ်နိုင်ငံအတွင်း အကျဉ်းထောင်များ၌ အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံနေရသူ ၁၇၀ အား တရုတ်အစိုးရက မြန်မာဘက်ကို ကြိုတင် အကြောင်းကြားခြင်းမရှိဘဲ လွှဲပြောင်း ပြည်နှင်ခဲ့

တရုတ်နိုင်ငံအတွင်း အကျဉ်းထောင်များ၌ အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံနေရသူ ၁၇၀ အား တရုတ်အစိုးရက မြန်မာဘက်ကို ကြိုတင် အကြောင်းကြားခြင်းမရှိဘဲ လွှဲပြောင်း ပြည်နှင်ခဲ့
Published 19 May 2022
 ပြည့်စုံ(မူဆယ်)

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် မူဆယ်မြို့ တရုတ် မြန်မာ နှစ်နိုင်ငံ ပြည်ဝင် ပြည်ထွက် စစ်ဆေးရေး ကိတ် နန်းတော်ဂိတ်၌ မေလ ၁၉ ရက် နံနက် ၉ နာရီအချိန်ခန့်က တရုတ်နိုင်ငံအတွင်း အကျဉ်းထောင်များ၌ အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံ နေရသူ ၁၇၀ ဦးအား တရုတ်အစိုးရက မြန်မာဘက်ကို ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ လွှဲပြောင်းပြည်နှင်ခဲ့ကြောင်း သိရသည်။

ထိုသို့လွှဲပြောင်းလာရာတွင် ယခင် နှစ်နိုင်ငံ နယ်ခြားကော်မတီ အစည်းအဝေးများ သဘောတူညီချက်၊နှစ်နိုင်ငံ နယ်ခြားသဘောတူစာချုပ်များကို အလေးမထားဘဲ မြန်မာ ဘက်ကို ကြိုတင်အကြောင်းကြား ညှိနှိုင်းခြင်း မရှိဘဲ လွှဲပြောင်းလာခြင်းဖြစ်ကြောင်း မြန်မာ ရွှေ့ပြောင်းလုပ်သားများ မိမိဆန္ဒအလျောက် ပြန်ဝင်လာသူများနင့် ပြစ်ဒဏ်ကျ မြန်မာနိုင် ငံသားများကိုကြိုဆိုရေးအကူအညီပေးအပ်နေသော မူဆယ်ခရိုင် သဘာဝဘေး အန္တရာယ် နှင့် COVID-19 ရောဂါ ကာကွယ် ကုသ ထိန်း ချုပ်ရေးကော်မတီဝင် ဦးမန်းမျိုးမြင့်က ပြော ကြားသည်။

“နိုင်ငံတစ်နိုင်ငံ နဲ့ လူမျိုးဂုဏ်သိက္ခာကို မလေးစားဘူး။ နှစ်နိုင်ငံ နယ်စပ် သဘောတူ စာချုပ်နဲ့ ပြည်ထောင်အဆင့်ရှိတဲ့စာချုပ်တွေ ကို မျက်ကွယ်ပြုပြီး ငါပို့ချင်တဲ့အချိန်ပို့ ငါမပို့ ချင်ရင် မပို့ဘူးဆိုပြီး ကြိုတင်ညှိနှိုင်းမှုတွေ မလုပ် တာဟာ ကြီးနိုင်ငယ်ညှဉ်းလုပ်တာ၊ယခင်ကလည်းအလားတူ ကြိုတင်အကြောင်း ကြား မှုမရှိဘဲ  လူလွှဲပြောင်းတယ် ၊တစ်ခါတစ်ရံ ခိုးပေါက်ကနေပို့တယ် ။ သူတို့တရုတ်လူတေ‌ွကို ပြန်လွှဲတော့အားလုံးကိုလက်မခံဘဲငါး ယောက် ခေါ်လိုက် ၁၅ ယောက်ခေါ်လိုက် ကျန်တဲ့သူ တွေကို ပြန်ခေါ်ချင်တဲ့အချိန်ကျမှ ပြန်ခေါ် တယ် ။ ဟိုယခင် ပြည်သူ့အစိုးရလက်ထက် ကတည်းက ယခုအချိန်အထိ ည၁၂ နာရီမဆို ထားနဲ့ လူမျိုး ဘာသာမခွဲခြားဘဲ  မြန်မာနိုင်ငံ သားမှန်ရင် လက်ခံတယ်။ သို့သော် ကြိုတင် အသိ ပေးအကြောင်းကြားဖို့ နယ်ခြားကော်မတီ အစည်းအဝေးတွေမှာ မြန်မာဘက်က အကြိမ် ကြိမ် ပြောဆိုခဲ့တာ” ဟု ရွှေ့ပြောင်းလုပ်သားများ မိမိဆန္ဒအလျောက်ပြန်ဝင်လာသူများနှင့် ပြစ်ဒဏ်ကျ မြန်မာနိုင်ငံသားများကို ကြိုဆို ရေးအကူအညီပေးအပ်နေသော ခရိုင် COVID-19 ရောဂါ ကာကွယ် ကုသထိန်းချုပ်ရေး ကော်မတီဝင် ဦးမန်းမျိုးမြင့်က ပြောကြားသည်။

ထိုသို့လွှဲပြောင်းလာရာတွင်  တရုတ်နိုင်ငံ အကျဉ်းထောင်အသီးသီး၌ နှစ်နှစ်မှစ၍ ခြောက်လကျော်ကြာထိန်းသိမ်းခံရသူ အမျိုး သား ၁၁၆ ဦး အမျိုးသမီး ၅၄ စုစုပေါင်း ၁၇၀ ရှိကြောင်းသိရပြီး မြန်မာနိုင်ငံသားမှန်လျှင် လူမျိုး ဘာသာမခွဲခြားဘဲ နွေးထွေးစွာ အမြဲကြို ဆို လက်ခံ နေပြီး ၎င်းင်းပြန်လည်လွှဲ ပြောင်းလာ သည့်မြန်မာနိုင်ငံသားများအား မူဆယ်မြို့ နယ်  ဌာနဆိုင်ရာများ ပရဟိတ လူမှုရေးအသင်းအဖွဲ့ များမှ နေထိုင်စားသောက်ရေး မိမိဒေသသို့ ပြန်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိ‌ကြောင်း မူဆယ်မြို့နယ် စီမံခန့်အုပ် ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးထံက သိရ သည်။

ထိုသို့ပြန်လည်လွှဲပြောင်းလာသူ မြန်မာ နိုင်ငံသားများထဲမှ အချို့မှ ဖမ်းဆီးခံရစဉ်က ပါရှိသွားသော ရွှေဆွဲကြိုး လက်စွပ်ငွေနှင့် မြန် မာ နိုင်ငံသား မှတ်ပုံတင်ကတ်များ ပြန်လည် ပေးအပ်ခံရခြင်းမရှိကြောင်း အကျဉ်းထောင်မှ ပြန်လည်လွှဲပြောင်းခံရသူများက ဆိုသည်။

တရုတ်နိုင်ငံ ရွှေလီ ကျယ်ကောင်ဝမ်တိန် တို့မှ မိမိဆန္ဒအလျောက် မြန်မာနိုင်ငံသို့ ပြန် လည်ဝင် ရောက်လာသော မြန်မာနိုင်ငံသား များသည် ဇူလိုင်လ ၂၆ ရက်နေ့ ၂၀၂၁ ခုနှစ်မှ မေလ ၁၈ ရက်နေ့အထိ ၂၃၉၁၀ ရှိကာ တရုတ် နိုင်ငံအတွင်း အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံပြီးပြန်လည်လွှဲ ပြောင်းလာသည့် မြန်မာနိုင်ငံသားများမှာ ဧပြီလ ၂၅ ရက်နေ့ ၂၀၂၂ ခုနှစ် မှ မေလ ၁၉ ရက်နေ့ ၂၀၂၂ ခုနှစ် အထိ စုစုပေါင်း ၁၈၆ ဦးရှိကြောင်း မြန်မာ ရွှေ့ပြောင်းလုပ်သားများ မိမိဆန္ဒအလျောက် ပြန်ဝင်လာသူများနှင့် ပြစ်ဒဏ်ကျ မြန်မာနိုင်ငံ သားများကို ကြိုဆိုရေး အကူအညီပေးအပ် ကော်မတီထံက သိရသည်။