နေပြည်တော်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ဦးဆောင်၍ ငြိမ်းချမ်းရေးကြိုးပမ်းဆောင်ရွက်မှု လုပ်ငန်းစဉ်များကို ကြိုဆိုထောက်ခံခြင်းနှင့် ပြည်ပစွက်ဖက်နှောက်ယှက်မှုများကို ဆန့်ကျင်ရှုတ်ချပွဲကို မေ ၁၆ ရက်က နေပြည်တော် ဥပ္ပါတသန္တိစေတီတော်ရှေ့ တပေါင်းကွင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ငြိမ်းချမ်းရေးကြိုးပမ်းဆောင်ရွက်မှုလုပ်ငန်းစဉ်များကို ကြိုဆိုထောက်ခံခြင်းနှင့် ပြည်ပစွက်ဖက်နှောက်ယှက်မှုများကို ဆန့်ကျင်ရှုတ်ချပွဲကို သွားရောက်ရန်အတွက် ဒက္ခိဏသီရိမြို့နယ် ရန်အောင်မြင်ကျေးရွာအနီး၌ လူစုနေစဉ် ဗုံးပေါက်ပွဲမှုဖြစ်ပွားခဲ့ကြောင်းလည်း သိရသည်။
“မနက်ပိုင်းက ရွာနားမှာ လူစုနေတဲ့အချိန် ဗုံးပေါက်တယ်လို့တော့ ကြားလိုက်ရတယ်။ ထိခိုက်ဒဏ်ရာရတယ်လို့တော့ မကြားမိဘူး” ဟု ရန်အောင်မြင်ကျေးရွာတွင် နေထိုင်သည့် ဒေသခံတစ်ဦးက ပြောကြားသည်။
ငြိမ်းချမ်းရေးကြိုးပမ်းဆောင်ရွက်မှုလုပ်ငန်းစဉ်များကို ကြိုဆိုထောက်ခံခြင်းနှင့် ပြည်ပစွက်ဖက်နှောက်ယှက်မှုများကို ဆန့်ကျင်ရှုတ်ချပွဲသို့ နိုင်ငံရေးပါတီဝင်များ၊ စစ်မှုထမ်းဟောင်းမိသားစုများအပါအဝင် စုစုပေါင်းအင်အား (၁၀၀၀၀) ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။