နောက်ဆုံးသုံးပွဲဆက်အနိုင်ရခဲ့သော ဘရော်နီကာနှင့် Thai Fight တို့ သုံးနှစ်သက်တမ်းရှိ စာချုပ်တစ်ရပ် ချုပ်ဆိုနိုင်ခဲ့

နောက်ဆုံးသုံးပွဲဆက်အနိုင်ရခဲ့သော ဘရော်နီကာနှင့် Thai Fight တို့ သုံးနှစ်သက်တမ်းရှိ စာချုပ်တစ်ရပ် ချုပ်ဆိုနိုင်ခဲ့
Photo: Thai Fight
Photo: Thai Fight
Published 30 April 2022

 

မြန်မာ့လက်ဝှေ့မယ် ဘရော်နီကာသည် သူ ယှဉ်ပြိုင်ထိုးသတ်ခဲ့သော Thai Fight ပြိုင်ပွဲ နောက်ဆုံးသုံးပွဲဆက်တိုက် အနိုင်ရခဲ့ပြီးနောက် Thai Fight နှင့် သုံးနှစ်သက်တမ်း ရှိ စာချုပ်သစ်တစ်ရပ်ကို ချုပ်ဆိုနိုင်ခဲ့ကြောင်း သိရသည်။ 

ဘရော်နီကာသည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းမှာ စတင်ကာ ထိုင်းနိုင်ငံရှိ Tiger မွေထိုင်း Gym တွင် လေ့ကျင့်ကာ Thai Fight ပြိုင်ပွဲများ၌ ဝင်ရောက်ယှဉ်ပြိုင် ခဲ့ခြင်းဖြစ်ပြီး ယှဉ်ပြိုင်ထိုးသတ်ခဲ့သော နောက်ဆုံးသုံးပွဲစလုံးတွင် ပြိုင်ဘက်များကို အနိုင်ရ ခဲ့ပြီးနောက် Thai Fight ၏ သုံးနှစ်သက်တမ်းရှိ စာချုပ်တစ်ရပ်ကို ကမ်းလှမ်းခြင်းခံခဲ့ရသည်။ ထို့နောက် သူမက Thai Fight နှင့် သုံးနှစ်သက်တမ်းရှိ စာချုပ်သစ်တစ်ရပ်ကို ၂၀၂၄ ခုနှစ်အထိ ချုပ်ဆိုနိုင်ခဲ့ကြောင်း ပရိသတ်များကို အသိပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"ဒီကို စရောက်တဲ့အချိန်တုန်းက ဒီလောက်ထိ အားပေးမှုတွေကို ရရှိလိမ့်မယ်လို့ မထင်ခဲ့ဘူး။ ကိုယ့်နိုင်ငံမှာဆက်နေလည်း ပွဲယှဉ်ပြိုင်ဖို့ အဆင်မပြေတဲ့အတွက်ကြောင့် ဒီကိုထွက်လာခဲ့တာပါ။ ဒီရောက်တော့လည်း ဒီအတိုင်းနေမယ့်အတူတူ တစ်လတစ်ပွဲ လောက်တော့ ဝင်ထိုးမယ်ဆိုပြီး ယှဉ်ပြိုင်ခဲ့လိုက်တာ။ ဒါပေမဲ့ ပရိသတ်တွေက အားပေးကြတဲ့အတွက် ပိုကြိုးစားဖြစ်တယ်။ အဲဒီလိုနဲ့ပဲ သုံးပွဲဆက်အနိုင်ရခဲ့ပြီး စာချုပ်ပါ ချုပ်ဆိုနိုင်ခဲ့တဲ့အခြေအနေ ဖြစ်ခဲ့တာပေါ့" ဟု ဘရော်နီကာက Thai Fight နှင့် စာချုပ်ချုပ်ဆိုခဲ့ခြင်းနှင့်ပတ်သက်ပြီး ပြောကြားခဲ့သည်။

၎င်းအနေဖြင့် ထိုင်းနိုင်ငံသို ့စရောက်ခါစတွင် အခက်အခဲများရှိခဲ့ပြီး အစားအသောက်၊ အနေအထိုင်အပါအဝင် Tiger မွေထိုင်း Gym သို့ လေ့ကျင့်ရေးစရိတ်ပေးသွင်းရန်ပင် ခက်ခဲခဲ့ကြောင်း ဘရော်နီကာက ဖွင့်ဟခဲ့သည်။ ထို့နောက် နိုင်ပွဲများကြောင့် ၎င်းကို ပရိသတ်များ သတိထားမိခဲ့ကြပြီး ထိုးကြေးပမာဏတစ်ရပ်နဲ့အတူ Thai Fight အဖွဲ့အစည်းနှင့် စာချုပ်တစ်ရပ် ချုပ်ဆိုနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"လက်ရှိမှာတော့ အရင်ကထက်စာရင် အဆင်ပြေသွားပါတယ်။ စာချုပ်ပါအချက်အလက်တွေအရလည်း ပွဲတွေ ပုံမှန်ထိုးသတ်ခွင့်ရမှာဖြစ်ပါတယ်။ ဒါကလည်း ကိုယ့်ကိုယ်ပိုပြီး ကြိုးစားဖြစ်စေတဲ့ အခြေအနေဖြစ်ပါတယ်။ လက်ရှိမှာကတော့ လေ့ကျင့်နေတဲ့ Tiger Gym မှာပဲ အနီးကပ်သီးသန့်လေ့ကျင့်မှုတွေကို ပြုလုပ်သွားဖို့  အစီအစဉ်ရေးဆွဲထားတယ်။ မီဒီယာသမားတွေရော ပရိသတ်တွေကရော ဒီအခြေအနေအထိရောက်အောင် အားပေးကြလိမ့်မယ်လို့ မမျှော်လင့်ခဲ့ပါဘူး။ ဒါပေမဲ့ အားပေးမှုတွေကြောင့် Thai Fight မှာ ပိုကြိုး စားရမယ်ဆိုတဲ့အသိကို ဖြစ်စေပါတယ်" ဟု ဘရော်နီကာက ပြောကြားခဲ့သည်။ 

Most Read

Most Recent