လီဗာပူးလ်အသင်း၏ နည်းပြဖြစ်သူ ယာဂန်ကလော့ပ်က မန်ယူအသင်းကို ဂိုးပြတ်အနိုင်ရရှိခဲ့သည့် ပွဲအပြီးတွင် မိမိတို့အသင်းသည် မန်ယူအသင်းကို အရှက်ခွဲချင်သည့်စိတ်ဖြင့် ကစားခဲ့ခြင်းမဟုတ်ဘဲ ကိုယ့်အလုပ်ကိုယ် အကောင်းဆုံးလုပ်ဆောင်ခဲ့ခြင်းသာ ဖြစ်သည်ဟု ပြောကြားခဲ့သည်။
ယင်းပွဲအပြီးတွင် ကလော့ပ်က "ကျွန်တော်တို့ ဒီနေရာကို ပြိုင်ဘက်အသင်း အရှက်တကွဲဖြစ်စေဖို့အတွက် လာခဲ့တာ မဟုတ်ပါဘူး။ ကျွန်တော်တို့ လုပ်နိုင်တဲ့အလုပ်ကို အကောင်းဆုံးလုပ်ခဲ့ရုံပါပဲ။ မန်ချက်စတာယူနိုက်တက်အသင်းက အခုအချိန်မှာ အချိန်ကောင်းမဟုတ်တာကြောင့်လည်း ပါပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့အသင်းပရိသတ်တွေအတွက်တော့ ဒီနိုင်ပွဲဟာ အရမ်းအရေးကြီးတဲ့ နိုင်ပွဲတစ်ပွဲဖြစ်ပြီး သူတို့ဟာ ဒီပွဲကနေရတဲ့ ပျော်ရွှင်တဲ့ခံစားမှု တစ်ခုချင်းစီတိုင်းအတွက် ထိုက်တန်ပါတယ်။ ဒီညမှာ သူတို့ အရမ်းကို ပျော်ရွှင်ခဲ့ရပါတယ်။ ကျွန်တော်လည်း ဒီညနိုင်ပွဲအတွက် အရမ်းပျော်ပါတယ်။ ဒီလိုပွဲမျိုးမှာ မန်ချက်စတာယူနိုက်တက်လို ပြိုင်ဘက်အသင်းမျိုးကို ၉၅ မိနစ်လုံးလုံး ထိန်းချုပ်ထားနိုင်လိမ့်မယ်လို့ ကျွန်တော် မမျှော်လင့်ခဲ့ပါဘူး။ ဒါပေမဲ့ မိနစ် ၇၀ လောက်ကို ကျွန်တော်တို့ အကောင်းဆုံးပုံစံနဲ့ ထိန်းချုပ်ထားနိုင်ခဲ့ပြီး ကျန် မိနစ် ၂၀ ကျော်မှာတော့ ကစားကွက်ကို မထိန်းချုပ်နိုင်ဘဲ မန်ယူအသင်းဟာ ကျွန်တော်တို့ကို အခက်တွေ့စေခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် အခုဂိုးပြတ်နိုင်ပွဲအတွက် ကျွန်တော် အရမ်းဝမ်းသာပါတယ်" ဟု ပြောကြားခဲ့သည်။















