MIC အနေဖြင့် ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများအတွက် ခွင့်ပြုမိန့်၊ အတည်ပြုမိန့်များကို အွန်လိုင်းစနစ်ဖြင့် ခွင့်ပြုနိုင်ရန်စီစဉ်နေပြီး ၂၀၂၂ ခုနှစ်အတွင်း အကောင်အထည်ဖော်နိုင်ရန် ဆောင်ရွက်နေ

MIC အနေဖြင့် ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများအတွက် ခွင့်ပြုမိန့်၊ အတည်ပြုမိန့်များကို အွန်လိုင်းစနစ်ဖြင့် ခွင့်ပြုနိုင်ရန်စီစဉ်နေပြီး ၂၀၂၂ ခုနှစ်အတွင်း အကောင်အထည်ဖော်နိုင်ရန် ဆောင်ရွက်နေ
Unboxing Investment Facilitation Toolkit 2022 အခမ်းအနားကို တွေ့ရစဉ်
Unboxing Investment Facilitation Toolkit 2022 အခမ်းအနားကို တွေ့ရစဉ်
Published 2 April 2022

မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုကော်မရှင် (MIC) အနေဖြင့် ပြည်တွင်း၊ ပြည်ပရင်းနှီး မြှုပ်နှံမှုများအတွက် ခွင့်ပြုမိန့်၊ အတည်ပြုမိန့် များကို အွန်လိုင်းမှခွင့်ပြုပေးနိုင်ရန် စီစဉ်နေပြီး ၂၀၂၂ ခုနှစ်အတွင်း အကောင်အထည် ဖော်နိုင်ရန်ဆောင်ရွက်နေကြောင်း ဧပြီ ၁ ရက်ကပြုလုပ်သည့် Unboxing Investment Facilitation Toolkit 2022 အခမ်းအနားမှ သိရသည်။

“MIC ရဲ့ ခွင့်ပြုမိန့် အတည်ပြုမိန့်တွေကို အခုချိန်မှာ ကုမ္ပဏီမှတ်ပုံတင်ခြင်းကို အီလတ်ထရောနစ်စနစ်ဖြင့် လုပ်နိုင်ပြီဖြစ် သော်လည်း MIC ခွင့်ပြုမိန့် အတည်ပြုမိန့် တွေကိုတော့ အွန်လိုင်းကနေ လုပ်ဆောင်ဖို့ အတွက်ကို ကြိုးပမ်းနေတဲ့ အနေအထားဖြစ်ပါတယ်” ဟု ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူး ဒေါက်တာဝဏ္ဏအောင်က ပြောကြားသည်။

အဆိုပါစနစ် ဆောင်ရွက်ပြီးပါက ရင်းနှီးမြှုပ်နှံမှုခွင့်ပြု၊ အတည်ပြုမိန့်များကို အွန်လိုင်းမှတဆင့် လျှောက်ထားနိုင်မည်ဖြစ်ပြီး ၂၀၂၂ ခုနှစ်အတွင်း စတင်ဆောင်ရွက်နိုင်ရန် ရည်မှန်းထားကြောင်း သိရသည်။

“ဖြစ်နိုင်ရင် ၂၀၂၂ ခုနှစ်အတွင်းမှာပဲ ကြေညာနိုင်အောင် ကြိုးပမ်းဆောင်ရွက်နေတဲ့ အနေအထားရှိပါတယ်” ဟု ညွှန်ကြားရေး မှူး ဒေါက်တာဝဏ္ဏအောင်က ပြောကြားသည်။

အထက်ပါ Unboxing Investment Facilitation Toolkit 2022 အခမ်းအနားတွင် ပြည်တွင်း၊ ပြည်ပမှ စီးပွားရေးလုပ်ငန်း ရှင်များ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှူပ်နှံမှု လုပ်ငန်းများ မစတင်မီနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ စတင်ပြီးနောက်ပိုင်း၌ DICA သို့ စုံစမ်းမေးမြန်းမှုများ ဆောင်ရွက်လိုပါက လွယ်ကူမြန်ဆန်စွာ တွေ့ဆုံဆွေးနွေးနိုင်မည့် အွန်လိုင်းဝန်ဆောင်မှု DICA Online Solution (DOSo) စနစ်ကို မိတ်ဆက်ခဲ့သည်။

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန် ကြားမှုဦးစီးဌာန DICA အနေဖြင့် အွန်လိုင်းစနစ်သို့ ၂၀၁၆ ခုနှစ်က စတင်ပြောင်း လဲခဲ့ခြင်းဖြစ်ပြီး ၂၀၁၈ ပြည့်နှစ်တွင် Myanmar Companies Online (MyCo) စနစ်၊ ၂၀၂၀ ပြည့်နှစ်တွင် Myanmar Online Investment Directory(MyInDy) စနစ် နှင့် Auto Reply for Facebook (Messenger) Auto Reply စနစ်၊ ၂၀၂၀ ပြည့်နှစ် နှင့် ၂၀၂၁ ပြည့်နှစ်တွင် Online VISA  Recommendation System(Online VISA)စနစ်တို့ကို အကောင်အထည်ဖော် ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကဏ္ဍတွင် လက်ရှိအချိန်အထိ နိုင်ငံပေါင်း ၅၀ ကျော်မှ ရင်းနှီး မြှုပ်နှံမှုပမာဏဒေါ်လာ ၉၃ ဘီလျံကျော် လာရောက်ရင်းနှီးမြှုပ်နှံထားသည်။ စင်ကာပူနိုင်ငံက အများဆုံးလာရောက် မြှုပ်နှံထားပြီး တရုတ်နိုင်ငံက ဒုတိ ယအများဆုံးလာရောက်ရင်းနှီးမြှုပ်နှှံထားကြောင်း  DICA မှ သိရသည်။

 

 

 

Most Read

Most Recent