အဝိဇ္ဇာအမှောင်

အဝိဇ္ဇာအမှောင်
Published 28 March 2022

အဝိဇ္ဇာဟူသည် မသိနားမလည်မှု (မောဟ) ဖြစ်သည်။ မိုက်မဲခြင်းနှင့် တွေဝေခြင်း သဘောတို့ကို ဆောင်သည်။ မူရင်းမှာ ဗုဒ္ဓစာပေကျမ်းဂန်များမှ လာခြင်းဖြစ်သည်။ ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊ နိရောဓသစ္စာနှင့် မဂ္ဂသစ္စာဟူသော “သစ္စာလေးပါး” အား မသိနားမလည်ခြင်းကို ဆိုလိုသည်။ “သိကောင်းတာ မသိ၊ မသိကောင်းတာ သိတာကို အဝိဇ္ဇာ၊ မဆုံးဖြတ်နိုင်ခြင်း၊ တွေဝေခြင်း လက္ခဏာရှိတာ အဝိဇ္ဇာ” ဟု ဆိုစမှတ်ပြုသည်။ တရားတော်များတွင် အမှန်ကို မသိ၊ အမှားကို သိတတ်သည့် သဘောရှိသောကြောင့် ‘မိစ္ဆာဉာဏ်’ ဟုလည်း ခေါ်လေ့ရှိသည်။ သို့သော်လူတို့၏ လောကီရေးရာအဖြာဖြာတွင်လည်း မသိနားမလည်မှုများကို ‘အဝိဇ္ဇာ’ ဟု သုံးနှုန်းလေ့ရှိတတ်ပြန်သည်။

ဗဟုသုတနည်းပါးခြင်းသည် မသိနားမလည်မှုကို ဖြစ်စေ၏။ သို့သော် သတိမပြုမိသည့်အနေအထား၌ ရှိသူတစ်ဦးကိုလည်း မသိနားမလည်သူဟု ခေါ်သည်။ အရေးကြီးသည့် အချက်အလက်ကို တမင်တကာ လျစ်လျူပြုခြင်း သို့မဟုတ် ဂရုမစိုက်ခြင်းကိုလည်း  မသိနားမလည်မှုဟု ခေါ်သည်။ မသိနားမလည်မှု အမျိုးအစား သုံးမျိုးရှိသည်။ ယင်းတို့မှာ အချက်အလက်ဆိုင်ရာ မသိနားမလည်မှု (အချက်အလက်အချို့နှင့် ပတ်သက်၍ ဗဟုသုတ မရှိခြင်း)၊ အရာဝတ္ထုဆိုင်ရာ မသိနားမလည်မှု (အရာဝတ္ထုအချို့နှင့်ပတ်သက်၍ အကျွမ်းတဝင်မရှိခြင်း)နှင့် နည်းစနစ်ဆိုင်ရာ မသိနားမလည်မှု (အချို့အရာများအား မည်သို့မည်ပုံ ပြုလုပ်ရမည်ကို မသိနားမလည်မှု) တို့ဖြစ်ကြသည်။

လူအချို့သည် လေ့လာသင်ယူမှုနှင့် ဖွံ့ဖြိုးမှုတို့အတွက် အချိန်နှင့် အားထုတ်မှုတို့ကို ရင်းနှီးမြှုပ်နှံလေ့ မရှိကြပေ။ လူတစ်ဦး၏ ဘဝမှနေ၍ မသိနားမလည်မှုကို လုံးဝဥဿုံ ဖယ်ရှားပစ်ရေးသည် မဖြစ်နိုင်သည့် အလုပ်ဟုပင် ဆိုနိုင်သည်။ သို့သော်မသိနားမလည်မှု ချောက်ကမ်းပါးကို ကျဉ်းသွားအောင် ပြုလုပ်ခြင်းသည် လူတစ်ဦး၏ ရေရှည်ဘဝအတွက် အကျိုးဖြစ်ထွန်းစေနိုင်သည်။ သိပ္ပံနည်းကျ သက်သေပြချက်မပါဘဲ အိုင်ဒီယိုလိုဂျီတစ်ရပ်ကို ကျင့်သုံးလျက်ဆုံးဖြတ်ချက် ချမှတ်ခြင်းသည်လည်း မသိနားမလည်မှုပင်ဖြစ်သည်။ ယင်းကဲ့သို့ပြုလုပ်ခြင်းသည် အန္တရာယ်ကြီးသော စိတ်အခြေခံဖြစ်ပြီး အမှန်တရားကို ရှာဖွေတွေ့ရှိနိုင်ရန်လည်းကောင်း၊ လူတစ်ဦးအဖြစ် ဖွံ့ဖြိုးလာရန်လည်းကောင်း တားဆီးထားသည့် အရာဖြစ်သည်။

မသိနားမလည်သူ တစ်ဦးသည် အထူးသဖြင့် မိမိကိုယ်မိမိ မသိနားမလည်ကြောင်း ယုံကြည်လက်ခံမှုမရှိပါက ယင်းမသိနားမလည်မှုက လေ့လာသင်ယူမှု၌ အခက်တွေ့စေသည်။ မိမိကိုယ်မိမိ သိနိုင်စွမ်းရှိသူဟု မှားယွင်းစွာ ယုံကြည်သူတစ်ဦးသည် မိမိတို့၏ယုံကြည်ထားမှုများကို မှန် မမှန် စိစစ်ရှင်းလင်းရန် မကြိုးစားတော့ဘဲ မသိနားမလည်သည့် အနေအထားအပေါ်၌သာ လုံးလုံးလျားလျား အားပြုနေတော့၏။ ထိုသူတို့သည် တစ်စုံတစ်ရာ၏ အရေးကြီးမှုကို သိမြင်ခြင်းမရှိသကဲ့သို့ ယင်းကိုနားလည်ခြင်းလည်း မရှိသောကြောင့်  ယင်းတစ်စုံတစ်ရာသည် ခိုင်မာသော်လည်း ၎င်းယုံကြည်ထားမှုနှင့် ဆန့်ကျင်ပါက  ငြင်းဆိုပယ်ချလိုက်တော့သည်။ ယင်းသဘောတရားကို ဂျက်စတင်ခရူဂျာနှင့် ဒေးဗစ်ဒန်နင်းတို့၏ လေ့လာချက်၌ ဖော်ထုတ်ထားသည်။ မိမိကိုယ်တိုင်၏ မပြည့်စုံမှုများကို သတိပြုမိရန် ခက်ခဲနေမှုများသည် မိမိကိုယ်မိမိ သုံးသပ်ရာ၌  ကိုယ့်ကိုယ်ကိုယ် ပို၍ထင်မှုဆီသို့ ဦးတည်သွားစေသည့် မိုက်မဲမှုကို Dunning Kruger Effect ဟု ခေါ်သည်။

လူတို့အနေဖြင့် အဘယ့်ကြောင့် သိမှုကို ရရှိနိုင်စွမ်း မရှိရသနည်းဟူသည့် အချက်အတွက် အခြားအကြောင်းတရားတစ်ရပ်မှာ ပညာရေးကို လက်ခံရရှိနိုင်စွမ်း မရှိခြင်းဖြစ်သည်။ ကမ္ဘာကြီး၏အချို့သော အစိတ်အပိုင်းများတွင် ပညာရေးအခြေခံအဆောက်အအုံသည် လုံလောက်မှုမရှိသောကြောင့် လူတို့အနေဖြင့် အသိဉာဏ် ဗဟုသုတကို ရှာဖွေနိုင်စွမ်း မရှိကြပေ။ ယင်းဖြစ်စဉ်မျိုးကို ဖွံ့ဖြိုးမှုနည်းပါးသည့်နိုင်ငံများ၌ ကျယ်ပြန့်စွာ လေ့လာတွေ့ရှိနိုင်သည်။ ယင်းနိုင်ငံများ၌ ကလေးများသည် ကျောင်းတက်ရန် မတတ်နိုင်ခြင်း သို့မဟုတ် ကျောင်းများနှင့် ဝေးလွန်းခြင်းတို့ရှိနိုင်သည်ကို တွေ့ရှိရတတ်သည်။ အခြားတစ်ဘက်၌   ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ကလေးအများစုသည် အနည်းဆုံး ၁၂ တန်းပညာရေးကို ရရှိကြသည်။ သို့သော် အဆင့်မြင့်ပညာရေးကို သင်ယူရသည့်အခါ၌ စရိတ်စကကြီးလွန်းသောကြောင့် မတတ်နိုင်ဖြစ်ကြရသည်။ ပညာရေးချို့တဲ့ခြင်းသည် ဝေဖန်ပိုင်းခြားနိုင်စွမ်းနှင့်  မိမိတို့ဘာသာ အသိပညာရရှိအောင် ရှာဖွေနိုင်စွမ်းတို့ကိုပါ ချို့တဲ့သွားစေသည်။

မည်သည့်နိုင်ငံ၌မဆို လူဦးရေထဲ၌ လူအများစု ပညာတတ်များဖြစ်နေရန်မှာ လွယ်ကူသည် မဟုတ်ပေ။ သို့သော်လူဦးရေအချိုးအစားထဲ၌ (ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိသော) ပညာတတ်များ အချိုးအစား လွန်စွာနည်းပါးသည့်အခါ ယင်းနိုင်ငံ၌ အဝိဇ္ဇာအမှောင်တို့သည်သာ အားကြီးနေလိမ့်မည်ဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်နိုင်မည့် အလားအလာလွန်စွာနည်းပါးလျက် ပဋိပက္ခများနှင့် ပြဿနာများ ဖြစ်ပွားနိုင်ခြေသာ လွန်စွာများပြားနေလိမ့်မည်ဖြစ်ပါကြောင်း  The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

(မတ် ၂၉ ရက်ထုတ် The Daily Eleven  သတင်းစာ အယ်ဒီတာ့ အာဘော်)

Most Read

Most Recent