ဧပြီ ၁ ရက်မှစတင်ကာ COVID-19 ရောဂါကာကွယ်ဆေး အကြိမ်ပြည့်ထိုးပြီးသည့် ခရီးသည်များ စင်ကာပူနိုင်ငံသို့ ဆိုက်ရောက်ချိန်တွင် Entry Approval ပြသရန်နှင့် Quarantine ဝင်ရန် မလိုအပ်တော့

ဧပြီ ၁ ရက်မှစတင်ကာ COVID-19 ရောဂါကာကွယ်ဆေး အကြိမ်ပြည့်ထိုးပြီးသည့် ခရီးသည်များ စင်ကာပူနိုင်ငံသို့ ဆိုက်ရောက်ချိန်တွင် Entry Approval ပြသရန်နှင့် Quarantine ဝင်ရန် မလိုအပ်တော့
MNA လေကြောင်းလိုင်းမှ လေယာဉ်တစ်စီးအားတွေ့ရစဉ်
MNA လေကြောင်းလိုင်းမှ လေယာဉ်တစ်စီးအားတွေ့ရစဉ်
Published 28 March 2022

ဧပြီ  ၁ ရက်မှစတင်ကာ COVID-19 ရောဂါကာကွယ်ဆေး အကြိမ်ပြည့်ထိုးပြီးသည့် ခရီးသည်များ စင်ကာပူနိုင်ငံသို့ ဆိုက်ရောက်ချိန်တွင် Entry Approval ပြသရန်နှင့် Quarantine ဝင်ရန် မလိုအပ်တော့ကြောင်း သတင်းရရှိသည်။

ရန်ကုန်-စင်ကာပူ-ရန်ကုန် ခရီးစဉ်ပျံသန်းနေသည့် နိုင်ငံပိုင်မြန်မာအမျိုးသားလေကြောင်းလိုင်းက ထုတ်ပြန်သည့် အဆိုပါကြေညာချက်တွင် အခြားသတိပြုရန် အချက်များဖြစ်သည့် ခရီးစဉ်ထွက်ခွာချိန်မတိုင်မှီ နှစ်ရက်အတွင်း စစ်ဆေးထားသော PCR သို့မဟုတ် ART Test result ပြသရန် လိုအပ်ပြီး ခရီးစဉ်ထွက်ခွာချိန်မတိုင်မှီ သုံးရက်အတွင်း Singapore Arrival Card အား အွန်လိုင်းမှတစ်ဆင့် ဖြည့်ပေးရန် လိုအပ်မည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

၂၀၂၂ ခုနှစ် သင်္ကြန်ကာလအတွင်း မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ သွားရောက်လည်ပတ်မည့် ခရီးသည်များပြားမှုကြောင့် ရန်ကုန်-ဘန်ကောက်-ရန်ကုန်လေယာဉ်လက်မှတ်များနှင့် ရန်ကုန်-စင်ကာပူ-ရန်ကုန် လေယာဉ်လက်မှတ်များ အားလုံးနီးပါးရောင်းချထားပြီးဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ပြည်တွင်းလေကြောင်းလိုင်းနှစ်ခုဖြစ်သည့် နိုင်ငံပိုင်မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) နှင့် အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း (MAI) တို့ ရန်ကုန်-ဘန်ကောက်ခရီးစဉ်အား ပျံသန်းနေခြင်းဖြစ်သည်။

“နိုင်ငံခြားခရီးမသွားရတာကြာတော့ သင်္ကြန်ကာလ ဘန်ကောက်မှာ အလည်အပတ်နဲ့ အလုပ်ကိစ္စအတွက် ရန်ကုန်-ဘန်ကောက် လေယာဉ်လက်မှတ်ဝယ်ဖို့ စုံစမ်းတာ အားလုံးနီးပါးရောင်းထားပြီးဖြစ်တယ်လို့ သိရတယ်” ဟု သင်္ကြန်ကာလတွင် ထိုင်းနိုင်ငံသို့သွားရောက်ရန် လေယာဉ်လက်မှတ် ကြိုတင်ဝယ်ယူရန် စုံစမ်းနေသည့် ခရီးသည်တစ်ဦးက ပြောသည်။

COVID-19 ရောဂါကူးစက်ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်ရန် ကမ္ဘာ့နိုင်ငံအသီးသီးမှ မြန်မာနိုင်ငံသို့ လာရောက်ကြမည့် ခရီးသွားများအပေါ် ပြည်ဝင်ခွင့်ယာယီကန့်သတ်မှုဆိုင်ရာ အစီအမံများအားလုံးကို မတ် ၃၁  ရက်အထိ ထပ်မံတိုးမြှင့်သတ်မှတ်ကြောင်း  COVID-19 ကာကွယ်၊ ထိန်းချုပ်ကုသရေးဗဟိုကော်မတီမှ  သတင်းထုတ်ပြန်ချက်အရ သိရသည်။

COVID-19 ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်သည့် အစီအမံများအား ပိုမိုထိရောက်စွာ ဆောင်ရွက်ရန် မြန်မာနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံသို့ လာရောက်ကြမည့် ခရီးသွားများအပေါ် ပြည်ဝင်ခွင့်ယာယီကန့်သတ်ချက်များအား ထုတ်ပြန်ထားခဲ့ပြီး အဆိုပါကန့် သတ်ချက်များအားလုံးကို ၂၀၂၂ခုနှစ် မတ် ၃၁ ရက်အထိတိုးမြှင့်လိုက်ခြင်းအား ထပ်မံ၍ သက်တမ်းတိုးမြှင့်လိုက်ခြင်းဖြစ်သည်။

လက်ရှိတွင်  ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာတွေ့ရှိမှု၊ ပိုးတွေ့နှုန်းနှင့် သေဆုံးမှုနှုန်းတို့သိသာစွာ ကျဆင်းလာသဖြင့် မြန်မာနိုင်ငံ၏ နိုင်ငံတကာခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရန်နှင့် မြန်မာနိုင်ငံသို့လာရောက်မည့် နိုင်ငံခြားသားများ၊ မြန်မာနိုင်ငံသားများ နိုင်ငံတွင်းသို့ ဝင်ရောက်ရာတွင် လွယ်ကူချောမွေ့စေရေးအတွက် နိုင်ငံတကာလေကြောင်း ခရီးစဉ်များ ယာယီကန့်သတ်သည့်အစီအစဉ်အား ဧပြီ ၁၆ ရက်ထိ သတ်မှတ်ပြီး ကိုဗစ်ရောဂါ ပြည်ဝင်ခွင့်လိုအပ်ချက်များနှင့်အညီ ဧပြီ ၁၇ ရက်မှစတင်ကာ သတ်မှတ်စည်းကမ်းချက်များအတိုင်း ပုံမှန်ပြန်လည်ပြေးဆွဲခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

အရေးပေါ် အစိုးရတာဝန်ဖြင့်ဖြစ်စေ၊ မလွှဲမရှောင်သာသော ကိစ္စရပ်များကြောင့်ဖြစ်စေ၊ ပြည်ပနိုင်ငံသားများ (သံတမန်များနှင့် ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများမှ ဝန်ထမ်းများအပါအဝင်)အနေဖြင့် မြန်မာနိုင်ငံသို့ ပျံသန်းပြေးဆွဲရန်ရှိမည့် ကယ်ဆယ်ရေးလေယာဉ် (သို့မဟုတ်) အထူးလေယာဉ်များဖြင့် လာရောက်ရန်ရှိပါက ပြည်ဝင်ခွင့်ဗီဇာဆိုင်ရာကန့်သတ်မှုများမှ ကင်းလွတ်ခွင့်ရရှိနိုင်ရန်အတွက် ပြည်ပနိုင်ငံများရှိ အနီးဆုံးမြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးများသို့ ဆက်သွယ်အကူအညီတောင်းခံရမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent