အင်ပါယာတစ်ခုကို တည်ဆောက်ခြင်းနှင့် မြန်မာတို့၏ အမျိုးသားအကျိုးစီးပွား

အင်ပါယာတစ်ခုကို တည်ဆောက်ခြင်းနှင့် မြန်မာတို့၏ အမျိုးသားအကျိုးစီးပွား
Photo: timetravelturtle
Photo: timetravelturtle
Published 27 March 2022
ရဲကျော်စွာ

မြန်မာနိုင်ငံနှင့် ဗမာလူမျိုးများအပေါ် အခြားသော နိုင်ငံခြားသား လေ့လာသူများ၊ မြန်မာနိုင်ငံအတွင်းမှပင် အခြားသောတိုင်းရင်းသား လူနည်းစုများ၊ ဘာသာရေး လူနည်းစုများနှင့် လူမျိုးရေးလူနည်းစုများက သမိုင်းကြောင်းနောက်ခံလေ့လာမှုနှင့် အခြားနယ်ပယ်ပိုင်းလေ့လာမှုများအတွင်း ကြီးမားစွာ နားလည် သိမြင်မှု လွဲချော်မှားယွင်းနေခဲ့သော အကြောင်းအရာများ၊ အချက်အလက်များ၊ သုံးသပ်ချက်များနှင့် ပညာရပ် နယ်ပယ်များ အလွန်ကျယ်ပြန့် များပြားလှသည်။

 

ဗမာလူမျိုးသည် အင်ပါယာသခင်လူမျိုးစိတ်ဓာတ် ရှိ မရှိ

ထိုကဲ့သို့ မြန်မာနိုင်ငံနှင့်ဗမာလူမျိုးများအပေါ် နားလည်မှု လွဲမှားနေသောကိစ္စရပ်များစွာအနက် အလွန်အရေးကြီးသော အချက်တစ်ခုမှာ ဗမာလူမျိုးများသည် မိမိတို့ အင်အားကောင်းလာချိန်တွင် “အဂ္ဂနိုင်ငံတော် အင်ပါယာ” (Empire) တစ်ခုကို တည်ဆောက်တတ်၊ ထူထောင်တတ်၊ နယ်ချဲ့တတ်သော၊              “အဂ္ဂနိုင်ငံတော် အုပ်စိုးသူ သခင်လူမျိုးစိတ်ဓာတ်” (Imperial Ruling Master Race Mindset)  ရှိနေသည်ဟူသော ဆိုးရွားလှသည့် အယူအဆအမှားတစ်ခုဖြစ်သည်။

ထိုအယူအဆ၏ သင်ကြားချက်အချို့အရ (၁) မြန်မာတို့သည် အကြောင်းရင်းအမျိုးမျိုးကြောင့် သူတစ်ပါးအောက် ပြန်ရောက်သွားချိန်တွင် အချိန်ကာလတစ်ခု ပြန်အားယူကာ ပြန်လည်နိုးထလာတတ်သည်။ (၂) သူတစ်ပါးအောက်မှ ပြန်လည် လွတ်မြောက်စေရန် မြန်မာတို့က ဇွဲလုံ့လဝီရိယဖြင့် ဆယ်စုနှစ်များစွာ သို့မဟုတ် ရာစုနှစ်အနည်းငယ် ကြာသည်အထိ အသက်သွေးချွေးများ ပေးဆပ်စတေးစွန့်လွှတ်ကာ၊ သက်စွန့်ဆံဖျားဖြင့် အားထုတ်ကြိုးပမ်းတတ်သည်။ (၃) ထို့ပြင် “မြန်မာ့ ဦးစွန်း (Myanmar Leadership)” ပြန်လည်ထူထောင်ပြီးနောက် မြန်မာတို့က ပြန်လည်အားကောင်းလာချိန်တွင် မြန်မာတို့သည် သက်ဆိုင်ရာသမိုင်းခေတ်များအလိုက် အိမ်နီးချင်းလူမျိုးစုများ၊ ပဒေသရာဇ်နိုင်ငံငယ်များကို စစ်အင်အားဖြင့် တိုက်ခိုက်သိမ်းပိုက်ကာ “နယ်ချဲ့နိုင်ငံတော် (ခေါ်) လက်နက်နိုင်ငံတော် (ခေါ်)  အဂ္ဂနိုင်ငံတော် အင်ပါယာ” (Empire) တစ်ခုကို ထူထောင်တတ်သော “လူမျိုးသဘာဝ” (Racial Nature) ရှိကြသည်ဟူသော အယူအဆအမှားများကို ဖြစ်ပေါ်လာစေခဲ့သည်။

 

အယူအဆအမှား၏ အကျိုးဆက်များ

ထိုအယူအဆအမှားများကို ဗမာလူမျိုးအချို့ အပါအဝင် လူမျိုးပေါင်းစုံလေ့လာသူများက ယခုအချိန်အထိ တကယ်ယုံနေကြသည်။

ထိုကဲ့သို့ ယုံနေကြသူအချို့က ဗမာလူမျိုးများကို (၁) မှားယွင်းစွာ မဟာမိတ်ဖွဲ့ခြင်း၊ (၂) မှားယွင်းစွာ အနာဂတ်ရန်သူအဖြစ် သတ်မှတ်ခြင်း၊ (၃) မှားယွင်းစွာ အနာဂတ်ပြိုင်ဘက်အဖြစ်သတ်မှတ်ခြင်းနှင့် (၄) မှားယွင်းစွာ နှောင့်ယှက်ဒုက္ခပေးခြင်း အစရှိသော တုံ့ပြန်မှုအမျိုးမျိုးကို လုပ်ဆောင်မိတတ်ကြသည်။ သူတို့တွေ ၀ိုင်းလုပ်သမျှကို ဗမာလူမျိုးများ ခါးစည်းခံခဲ့ရသည်။ ဒုက္ခအမျိုးမျိုး ရောက်ခဲ့ကြသည်။

နောက်ဆုံးတွင် ဗမာလူမျိုးများသည် သမိုင်းတစ်လျှောက်  တစ်ခါတစ်ရံ ဘာသာတရားတစ်ခုခု၊ တစ်ခါတစ်ရံတွင် တစ်ခုထက်ပိုသော ဘာသာတရားများကို ပေါင်းစပ်ကာ၊ အားပြုဆည်းကပ်ကိုးကွယ်၍ “သဗ္ဗလောကဓာတ် “(Comos) အတွင်းမှ “သဘာဝလွန်တန်ခိုးဣဒ္ဓိပါဒ်များ” (Supernatural Powers) ကို ပြန်လည်ချဉ်းကပ်ကာ၊ ဗမာလူမျိုးအတွက် “သီးသန့် အထူးကောင်းချည်းမင်္ဂလာများ” (Special Blessing) ကို ပြန်လည်ပေးသနားကြပါရန် ဝတ်ပြုဆုတောင်းနေကြရသော အခြေအနေမျိုးအထိ မကြာခဏ ပြန်လည်ဆိုက်ရောက်သွားခဲ့ကြသည်။

ထိုကဲ့သို့သော အယူအဆ အမှားအပါအဝင် အယူအဆအမှားမျိုးစုံကြောင့် အိမ်နီးချင်းနိုင်ငံအချို့အပါအဝင် နိုင်ငံခြားသားနှင့် ပြည်တွင်း လူနည်းစုများသည် ထောင်စုနှစ်များစွာ ရှည်လျားလှသော သမိုင်းခေတ်တစ်လျှောက် မြန်မာ့နန်းစဉ်တော်ထိန်း ပညာရှင်ခေါင်းဆောင်များ၊ မြန်မာတော်ဝင်မိသားစုခေါင်းဆောင်များ၊ မြန်မာမှူးမတ်ခေါင်းဆောင်များနှင့် မြန်မာအစိုးရခေါင်း ဆောင်များအပေါ် လေ့လာသုံးသပ်မှုများနှင့် ကြိုတင်ခန့်မှန်းမှုများတွင် ယခုအချိန်အထိ ခေတ်အဆက်ဆက် အမြဲတမ်းလွဲချော်နေခဲ့ကြခြင်းဖြစ်သည်။

 

အင်အားကြီးနိုင်ငံများမှ ပညာရှင်များ

ဗမာလူမျိုးများနှင့် မြန်မာ့ခေါင်းဆောင်များအပေါ် ထိုကဲ့သို့ ခေတ်အဆက်ဆက် မှားယွင်းစွာလွဲချော် ခန့်မှန်းတွက်ချက်မှုများ၏ မူလအကြောင်းအရင်းဇာစ်မြစ်တစ်ခုမှာ ကမ္ဘာ့ရေးရာနှင့် မြန်မာ့ရေးရာလေ့လာမှုများကို အဓိကပြုလုပ်နေသော ပညာရှင်များနှင့် လေ့လာသူများမှာ ယင်းလုပ်ငန်းများအတွက် ငွေကြေးနှင့် အခြားအရင်းအမြစ်များကို ပိုမို အသုံးပြုနိုင်စွမ်းရှိသော နိုင်ငံအချို့သာဖြစ်ကြပြီး ယင်းနိုင်ငံများသည် ရှေးဟောင်းခေတ်၊ အလယ်ခေတ်၊ ပြန်လည်ဆန်းသစ်ရေးခေတ်၊ ရေကြောင်းအင်ပါယာများခေတ်၊ စက်မှုတော်လှန်ရေးခေတ်၊ ဉာဏ်အလင်း ပွင့်ခေတ်၊ ၂၀ ရာစု ခေတ်သစ်နှင့် ၂၁ ရာစု ခေတ်ပြိုင်ကမ္ဘာ့သမိုင်းစဉ်များတစ်လျှောက်တွင် သူတို့ကိုယ်တိုင်က “မဟာအင်အားကြီးနိုင်ငံများ “(Super Powers)၊ “အထူးအင်အားကြီးနိုင်ငံများ” (Great Powers)၊ “နိုင်ငံတကာအဆင့်အင်အားကြီးနိုင်ငံများ” (International Powers)၊ “ဒေသလွန်အင်အားကြီးနိုင်ငံများ” (Trans-Regional Powers)၊ “ဒေသတွင်းအင်အားကြီးနိုင်ငံများ” (Regional Powers) အဖြစ် အကြိမ်ကြိမ် ဖြစ်ခဲ့ဖူးသော သို့မဟုတ် ယခုအထိ ယင်းအဆင့်များအတွင်း ရှိနေဆဲ ဖြစ်သော နိုင်ငံများမှ ပညာရှင်များ နှင့် လေ့လာသူများက ကမ္ဘာတစ်ဝန်း ရှိ “မြန်မာဗေဒ” (Myanmarology) သုတေသနလုပ်ငန်းများနှင့် သင်ကြားရေးလုပ်ငန်းများကို ဦးဆောင်နေကြသောကြောင့်ဖြစ်သည်။

သူတို့နိုင်ငံများမှ လူများစု လူမျိုးများကိုယ်တိုင်က “သခင်လူမျိုးစိတ်ဓာတ်” (Master Race Mindset) ရှိကြသည်။ မြန်မာတို့ကိုလည်း သူတို့လူမျိုးများကဲ့သို့ပင် သခင်လူမျိုးစိတ်ဓာတ် အလားတူရှိနေမည်ဟု ထင်မြင်ယူဆကြသည်။

သူတို့လူမျိုးများကိုယ်တိုင်က မိမိနိုင်ငံကို သူတစ်ပါးလက်အောက်မရောက်ရန် နောက်ဆုံးအချိန်အထိ ဇွဲကြီးစွာ ခုခံအန်တုကြသည်။ မြန်မာတို့ကိုလည်း အလားတူစိတ်ဓာတ်ရနေမည်ဟု ထင်မြင်ယူဆကြသည်။

သူတို့လူမျိုးများကိုယ်တိုင်က သူတစ်ပါးလက်အောက် ရောက်နေလျှင် ပြန်လည်ရုန်းထွက်နိုင်ရန် ရာစု နှစ်များစွာအထိ ပြန်လည်နိုးထအား ထုတ်သည်။ မြန်မာတို့ကိုလည်း အလားတူ ထင်နေကြသည်။

သူတို့လူမျိုးများကိုယ်တိုင်က သူတစ်ပါးလက်အောက်မှ လွတ်မြောက်ရန် အသက်သွေးများစွာ ‌စတေးပေး ဆပ်ပြီး စွန့်လွှတ်တိုက်ပွဲဝင်တတ်ကြသည်။ မြန်မာတို့ကိုလည်း အလားတူ ထင်နေကြသည်။

သူတို့လူမျိုးများကိုယ်တိုင်က မိမိ ပြန်လည်အင်အားကောင်းလာချိန်တွင် ဒေသတွင်း သို့မဟုတ် ဝေးလံသော ပင်လယ်ရပ်ခြားတွင် “အဂ္ဂနိုင်ငံတော်အင်ပါယာ” (Empire) များကို ထူထောင်နယ်ချဲ့တတ်ကြသည်။ မြန်မာတို့ကိုလည်း သူတို့နှင့် အတူတူအဖြစ် အထင်မှားနေကြသည်။

ယင်းအယူအဆ ထင်မြင်ချက်များက ပြဿနာမျိုးစုံ၏ မူလအစမျိုးစုံကို ဖန်တီးပေးနေခဲ့သည်။

 

မြန်မာတို့သည် နောက်ဆုံးချိန်အထိ မခုခံ

ခမ်းနားလှသော မြန်မာ့သမိုင်းစဉ်တစ်လျှောက်တွင် မြန်မာ့ခေါင်းဆောင်များသည် မလိုအပ်သောအဆင့်တွင် နောက်ဆုံးအချိန်အထိ မခုခံခဲ့ကြပါ။ တစ်ခါတစ်ရံတွင် ကျူးကျော်သူများနှင့်ပင် ပေါင်းစည်းလိုက်သည်။

“အရှေ့မြို့ရိုးမှ မိုးကောင်းကင်ခရီး”ဟု ကဗျာစာဆိုတစ်ဦးက ရည်ညွှန်းခဲ့ဖူးသော လူသိနည်း သမိုင်း ဖြစ်စဉ်တစ်ရပ်တွင် တိဗက်ကုန်းပြင်မြင့်၏ အရှေ့ပိုင်းဒေသမှ ရွှေ့ပြောင်းဝင်ရောက်လာသော အရှေ့တိဗက် မင်းမျိုးမင်းနွယ်များကို ရှေးခေတ် ရှမ်းလူမျိုးများနှင့် ဗမာလူမျိုးများက လုံးဝမခုခံခဲ့ကြသည့်အပြင် သူတို့အတွက် သီးခြားပိုင်စားနယ်များပေးကာ တခမ်းတနား ဂုဏ်ပြုမြှောက် စားခဲ့ကြသည်။ ဓလေ့ယဉ်ကျေးမှုချင်း ပေါင်းစည်းခဲ့ကြသည်။

နန်းချောင်အင်ပါယာ (နန်းစောအင်ပါယာ) တွင် ပြည်တွင်းစစ်များနှင့် မြို့ပြအာဏာသိမ်းပွဲများအတွင်း ဖြုတ်ချခံလိုက်ရသော နန်းချောင် နန်းစဉ်အဟောင်းများနှင့် သူတို့၏ ကိုယ်ရံတော်တပ် လူမျိုးစုများတိုင်းကို ရှေးခေတ်မြန်မာတို့က လက်ခံကြိုဆိုခဲ့ကာ ရာထူးများ ပင့်မြှောက်ခဲ့သည်။

ပျူမြန်မာ ကပြား မင်းမျိုးမင်းနွယ် လူငယ်ခေါင်းဆောင်ဟု ယူဆထားသူ “ဘုရင်ပျူစောထီး”ကို နန်းတင်၍ ပုဂံမြို့ပြနိုင်ငံကို ထူထောင်သည်။

ရခိုင်ဝေသာလီမင်းမျိုးဖြစ်သော ကျန်စစ်မင်းလက်ထဲ ပုဂံအင်ပါယာကို ထိုးအပ်လိုက်ကြသည်။

မွန်ဂိုတာတာ အင်ပါယာမှ ကူဘလိုင်ခန်နှင့် မြန်မာတို့က စစ်ပြေငြိမ်းကာ “လက်အောက်ခံနိုင်ငံ” (Subordinate State) အဖြစ် ယာယီ နေထိုင်ခဲ့ကြသည်။

ရှမ်းမင်းသုံးပါး စစ်ကိုင်း၊ မြင်စိုင်း၊ ပင်းယသုံးပြည်ထောင်ကို ကြိုဆိုကာ မြန်မာတို့က ဗမာမင်းမျိုး မင်းသမီးများ၊ မင်းသားများနှင့် အပြန်အလှန် လက်ဆက်ထိမ်းမြားပေးကြသည်။

ရှမ်းမင်းသား သတိုးမင်းဖျား တည်ထောင်သော ရတနာပူရအင်းဝ မြို့တော်ကို ဗဟိုပြုကာ နိုင်ငံတော်ကို ပြန်လည်စုစည်းရန် မြို့ပေါင်းစုံမှ မြန်မာပဒေသရာဇ် မြို့စား၊ နယ်စားများက ဆုံးဖြတ်ခဲ့ကြသည်။

အင်းဝမြို့တော်ကို ဟံသာဝတီ မွန်တပ်များက ၀ိုင်းပတ်ထားချိန်တွင် မြန်မာပဒေသရာဇ်မင်းများက စစ်ကူမပို့ပေးတော့ဘဲ တောင်ငူ ညောင်ရမ်းမင်းဆက်၏ နိဂုံးကို လက်ခံလိုက်ကြသည်။

သီပေါဘုရင်က နောက်ဆုံးအချိန်တွင် လွှတ်တော်သို့ အာဏာပြန်အပ်ပြီး လွှတ်တော်က အင်္ဂလိပ်လက်ဝယ်သို့ လက်နက်ချသည်။

ဒုတိယကမ္ဘာစစ် မြန်မာ့မြေသို့ ဂျပန်ထိုးစစ်ကို မြန်မာတို့က ၀ိုင်းဝန်း ကြိုဆိုခဲ့ကြသည်။ ထို့နောက် ဗြိတိသျှ အမေရိကန်မဟာမိတ်တပ်ပေါင်းစု၏ တန်ပြန်ထိုးစစ်ကို မြန်မာတို့ကထပ်မံကြိုဆိုခဲ့ကြသည်။

 

မြန်မာတို့သည် ပြန်လည်နိုးထရန် မိမိဘာသာ ဘယ်တော့မှမကြိုးစားခဲ့

သူတစ်ပါးလက်အောက် ရောက်နေချိန်တွင် ပြန်လည်နိုးထလာရန် မြန်မာတို့ကို အခြားလူမျိုးများ၊ အခြားနိုင်ငံများကသာ အကြိမ်ကြိမ် လှုံ့ဆော်ပေးခြင်း၊ စစ်ကူပေးခြင်းများ ပြုလုပ်ခဲ့ရသည်။

ရှေးခေတ် မြန်မာတို့က ကူဗလိုင်ခန်၏ မွန်ဂိုတာတာ အင်ပါယာ လက်အောက်တွင် ပျော်ပျော်ရွှင်ရွှင်ဖြင့် တစ်သက်လုံး ဒီအတိုင်း နေသွားကြတော့မည်ကို စိုးရိမ်နေကြသော တရုတ်လူမျိုးများ၊ ရှမ်းလူမျိုးများ၊ ခမာလူမျိုးများ၊ အိန္ဒိယမြောက်ပိုင်းသားများနှင့် ပါရှန်းအာရပ်ကပြားများက ကူဗလိုင်ခန်၏ မွန်ဂိုတာတာအင်ပါယာကို ပြန်များတော်လှန်လေမလား မျှော်လင့်ချက်များဖြင့် မြန်မာပဒေသာရာဇ် မိသားစုများထံ စစ်ပညာရှင်များ၊ စစ်သူရဲများနှင့် စစ်လက်နက်ထုတ်လုပ်ရေး ကျွမ်းကျင်သူ အတတ်ပညာသည်များကို အကြိမ်ကြိမ် စေလွှတ်ပေးပို့ခဲ့ရသည်။ ပြန်တိုက်ဖို့ အကြိမ်ကြိမ် လှုံ့ဆော်ခဲ့ရသည်။

မြန်မာတွေက အင်းဝ ရှမ်း မြန်မာ ကပြားမင်းဆက်အောက်တွင် တစ်သက်လုံး ဆက်နေသွားမည်ကို စိုးရိမ်နေခဲ့ကြသော ရခိုင်များ၊ မွန်များ၊ ခမာများက တောင်ငူ ကေတုမတီအိမ်တော်မှ တော်ဝင်မိသားစုများထံ အမျိုးမျိုးသော လှုံ့ဆော်မှုများနှင့် အကူအညီများကို ပေးပို့ခဲ့ကြသည်။

မြန်မာတို့ အင်္ဂလိပ်လက်အောက်မှ လွတ်မြောက်ရေးအတွက် ပြန်လည်ရုန်းထရန် ပြင်သစ်၊ အမေရိကန်၊ စပိန်၊ မဂိုလ်၊ မန်ချူးတရုတ်၊ ဂျာမနီ၊ တူရကီ၊ အီတလီ၊ ဂျပန်နှင့် ထိုင်းကဲ့သို့သော နိုင်ငံများက လျှို့ ဝှက်လှုံ့ဆော်မှုများနှင့် လျှို့ဝှက်အကူအညီများစွာကို မြန်မာတို့အတွက်ပေးခဲ့ကြသည်။

ယခုခေတ်ပြိုင်တွင်လည်း  မြန်မာတို့က တရုတ်နှင့် မဟာမိတ်ဖွဲ့သွားမည်ကို စိုးရိမ်နေသော အမေရိကန်ပြည်ထောင်စုနှင့် အနောက်နိုင်ငံများက မြန်မာ့အပေါ် တရုတ်လွှမ်းမိုးမှုများ လျှော့ချရေးအတွက် လှုံ့ဆော်မှုများ ဆက်တိုက်ပြုလုပ်နေကြသည်။

ထို့အတူပင် မြန်မာတို့က အနောက်အုပ်စုနှင့် နီယိုလစ်ဘရယ်လှိုင်းကို အလျှော့ပေးလက်ခံလိုက်သွားမည်ကို စိုးရိမ်နေသော ရုရှားပြည်ထောင်စု၊ တရုတ်ပြည်သူ့သမ္မတ နိုင်ငံနှင့် နိုင်ငံတကာရှိ ဒုတိယမျိုးဆက် အရှေ့အုပ်စုသစ်က မြန်မာအစိုးရများအပေါ် အကူအညီများ ဆက်တိုက်ပေးနေကြသည်။

 

မြန်မာတို့သည် အချင်းချင်းတိုက်ခိုက်ခြင်းနှင့် အချင်းချင်း ယှဉ်ပြိုင်ခြင်းတွင်သာ နှစ်ရှည်ဇွဲကြီးပြီး ၀ါသနာထုံကြသည်

မြန်မာအချင်းချင်း ပြည်တွင်းစစ်၊ ပြည်တွင်း အာဏာပြိုင်ပွဲ၊ ပြည်တွင်းပဋိပက္ခ တစ်ခုခုဖြစ်ပြီဆိုလျှင် ဘယ်လိုမှရှင်း၍မရတော့။ ဘယ်နိုင်ငံများကမှ လာဖျန်ဖြေပေး၍လည်း မရတော့။

မြန်မာတို့က အချင်းချင်း တိုက်ခိုက်ရန်နှင့် အချင်းချင်းယှဉ်ပြိုင်ရန်အတွက်သာ အလွန်ဝါသနာကြီးကြသည်။ အလွန်ဇွဲကြီးကြသည်။

ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများအတွင်းပင်လျှင် ဗမာလူမျိုး ဝန်ထမ်းများက အချင်းချင်းယှဉ်ပြိုင်ခြင်း၊ ဒုက္ခပေးခြင်း၊ ကုန်းတိုက်ခြင်းများကို အလွန်အချိန်ပေးလုပ်နေတတ်ကြသည်။

 

မြန်မာတို့သည် ပြန်လည် အင်အားကောင်းလာချိန်တွင် နယ်မချဲ့တတ်

အနော်ရထာ၏ ပုဂံအင်ပါယာ၊ တပင်ရွှေထီးနှင့် ဘုရင့်နောင်၏ တောင်ငူအင်ပါယာ၊ ဦးအောင်ဇေယျ၏ “အမျိုးသားဘုရင့်နိုင်ငံတော်” (National Kingdom) များသည် အကြောင်းတရားများစွာ တိုက်ဆိုင် စုံစည်းမှုများကြောင့်သာ ပေါ်ပေါက်လာကြခြင်းဖြစ်သည်။ မြန်မာတို့က ဖိတ်ခေါ်ခံခဲ့ရခြင်းသာဖြစ်သည်။

အလွန်အင်အားကြီးထွားနေသောခမာအင်ပါယာကို ဖြိုချ၍ အခြားအင်ပါယာ အသစ်တစ်ခုဖြင့် အစားထိုးရန် ခမာလူမျိုးမဟုတ်သော၊ လက်အောက်ခံလူမျိုးပေါင်းစုံမှ ပဒေသရာဇ်များ၏ လှုံ့ဆော်မှုများနှင့် အကူအညီများဖြင့် ပုဂံအင်ပါယာကို အနော်ရထာက ထူထောင်ခဲ့ကြသည်။ အဓိကအားဖြင့် ရှမ်းတပ်များနှင့် မွန်တပ်များဖြစ်သည်။

ရှမ်းဘုရင်များကို ဖယ်ရှားရန် ရခိုင်နှင့် မွန်ပဒေသရာဇ်မင်းများ၏ ကစားပွဲများနှင့် အယုဒ္ဓယနန်းတွင်းမှ တော်ဝင်မင်းသားများအချင်းချင်း၊ မှူးမတ်များအချင်းချင်း ပုဂ္ဂိုလ်ရေးအာဏာပြိုင်ပွဲများအတွင်း ပါဝင်ပတ်သက်မိရင်းဖြင့် တပင်ရွှေထီးနှင့်ဘုရင့်နောင်က တောင်ငူအင်ပါယာကို ထူထောင်မိလျက်သား ဖြစ်သွားခဲ့သည်။

 

ဗိုလ်ချုပ်အောင်ဆန်း၏မိန့်ခွန်းများကို အထအနကောက်ခြင်း

မြန်မာတို့၏ သခင်လူမျိုးစိတ်ဓာတ်ရှိခြင်းဟူသော အယူအဆကို ယုံကြည်သူအချို့က ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းအချို့ကို အထအနကောက်၊ သက်သေပြခဲ့ကြသည်။

ဒုတိယကမ္ဘာစစ်အပြီးတွင် ဗိုလ်ချုပ်အောင်ဆန်းက မိန့်ခွန်းမျိုးစုံပြောခဲ့သည်။ ပြောခဲ့သောအကြောင်းအရာများကလည်း အမျိုးအစားစုံလင်လှသည်။ သူပြောတိုင်းလည်း မြန်မာတို့ကို စွဲချက်တင်လို့မရပါ။

ဗိုလ်ချုပ်အောင်ဆန်းက အနာဂတ်တွင် “အင်ဒိုချိုင်းနားပြည်ထောင်စု” (Indichina Union) (၀ါ) အရှေ့တောင်အာရှပြည်ထောင်စုတစ်ခုကို စည်းရုံးဖွဲ့စည်းရန် မိန့် ခွန်းထဲ ထည့်ပြောခဲ့သည်။

သူဆိုလိုခဲ့သည်မှာ လွတ်လပ်ရေးရလာသော အရှေ့တောင်အာရှနိုင်ငံသစ်များ၏ အနာဂတ်စုပေါင်းကာကွယ်ရေးအတွက် လွတ်လပ်သော အချုပ်အခြာအာဏာပိုင် အမျိုးသားနိုင်ငံတော်များက မိမိဆန္ဒအလျောက် စည်းရုံးစုစည်းထားသည့် “နိုင်ငံပေါင်းစုပြည်ထောင်စုကွန်ဖက်ဒရေးရှင်း” (Confederation) တစ်ခုသာဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်းက အနာဂတ်တွင် “မဟာအရှေ့အာရှဓနသဟာယအဖွဲ့” (Greater Eastern Asian Commonwealth) တစ်ခုကို ထူထောင်ရန် မိန့်ခွန်းထဲ ထည့်ပြောခဲ့သည်။

သူက ဗြိတိသျှဓနသဟာယအဖွဲ့ကြီးကို အတုခိုးဖို့ ပြောခြင်းသာဖြစ်သည်။

 

အနာဂတ်ကာလ အင်ပါယာသစ်အလားအလာများ တကယ်ရှိ မရှိ

ယနေ့ခေတ်တွင် တစ်နိုင်ငံနှင့်တစ်နိုင်ငံ စစ်ရေးအရ ကျူးကျော်ပြီး ပိုင်နက်အဖြစ် သိမ်းယူရေးလုပ်ငန်းအဟောင်းများသည် ခေတ်ပြိုင် ကမ္ဘာဂြိုဟ်၏ သံတမန်မှုနှင့်ပြည်သူ့ဆက်ဆံရေးနယ်ပယ်များ၏ အကန့်အသတ်များကို ရင်ဆိုင်ရမည်သာဖြစ်သည်။

၂၀၂၁ ခုနှစ် မြန်မာပြည်တွင်း ပဋိပက္ခများကြောင့် ယခုအခြေအနေသည် မြန်မာနိုင်ငံအတွက် ၁၉၅၈ ခုနှစ်နောက်ပိုင်းတွင် အဆိုးရွားဆုံးနှင့်အင်အားအနည်းဆုံး အခြေအနေဖြစ်နေသည်ဟု အနောက်နိုင်ငံ များစွာနှင့် မြန်မာ့အရပ်ဘက် လူ့အဖွဲ့အစည်းအတွင်းမှ လူဦးရေ၏ အများစုက လုံးဝယုံကြည်ယူဆထား ကြသည်။

ဒေသပြင်ပမှ အခြားနိုင်ငံတကာပဋိပက္ခများအတွင်း “မြန်မာသမ္မတနိုင်ငံ” (Myanmar Republic) နှင့် မြန်မာ့တပ်မတော်က ပါဝင်ပတ်သက်လာနိုင်ခြေဆိုသည်မှာ အဓိပ္ပာယ်မရှိသော ကိစ္စမျိုးပင်ဖြစ်သည်။

လက်ရှိ မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေဖြစ်သော ၂၀၀၈ ခုနှစ် ဖွဲ့ စည်းပုံအခြေခံဥပဒေအရ “မြန်မာနိုင်ငံ၏ ပိုင်နက်နယ်မြေများသည် ဤဖွဲ့စည်းပုံအခြေခံဥပဒေအာဏာတည်သောနေ့တွင် တည်ရှိသော နယ်နိမိတ်များအတိုင်းဖြစ်သည်။”

“မြန်မာနိုင်ငံသည် မည်သည့် နိုင်ငံကိုမျှ ကျူးကျော်တိုက်ခိုက်ခြင်းမပြုရ။” အစရှိသော တိကျခိုင်မာသော ပြဋ္ဌာန်းချက်များရှိနေသည်။

“ဝေးလံသောအနာဂတ်” (Far Future) တွင် မြန်မာတို့က “ထေရဝါဒဗုဒ္ဓဘာသာအင်ပါယာ” တစ်ခုကို စီးပွားရေးအင်ပါယာ သို့မဟုတ် ယဉ်ကျေးမှုအင်ပါယာတစ်ခုအဖြစ် ထူထောင်လာနိုင်ခြေရှိသည်ဆိုသော စွပ်စွဲချက် တစ်ခုမှာလည်း လုံးဝ မဖြစ်နိုင်သော နောက်ထပ်ခေါင်းစဉ် တစ်ခုသာဖြစ်သည်။

ထိုကဲ့သို့သော “အနုထည် အာဏာအင်ပါယာ” (Soft Power Empire) တစ်ခုကို ထူထောင်ရန် မြန်မာခေါင်းဆောင်များနှင့်မြန်မာပညာတတ်များသည် ဘယ်တုန်းကမှ အလိုဆန္ဒမရှိခဲ့ကြသကဲ့သို့ ဘယ်တုန်းကမှလည်း ရည်ရွယ်ချက် မရှိခဲ့ကြပါ။

နောင်တွင်လည်း ရှိလာလိမ့်မည်မဟုတ်ပါ။ သူတို့ကိုယ်တိုင်ပင်လျှင် မြန်မာ့ပြည်တွင်းရေးများအတွက်ပင် “အနုထည်အာဏာ” (Soft  Power) အသုံးပြုသော အလေ့အထသိပ်မများခဲ့ပါ။

မြန်မာနိုင်ငံသည် ခက်ခဲခါးသီးသော “နိုင်ငံတော် ပြန်လည် စည်းရုံးရေးလုပ်ငန်းစဉ်များ” နှင့် ”နိုင်ငံတော်ပြန်လည်စုစည်းရေးလုပ်ငန်းစဉ်များ”ကိုသာ အခက်အခဲမျိုးစုံအကြားမှ မိမိဘာသာ ပြန်လည် ကြိုးပမ်းအားထုတ်ကြရဦးမည်သာဖြစ်သည်။

မြန်မာနိုင်ငံနှင့် မြန်မာခေါင်းဆောင်များ၏ရည်မှန်းချက်များအပေါ် စိုးရိမ်နေစရာမလိုအပ်ပါ။

မြန်မာလူမျိုးအပါအဝင် မြန်မာတို့၏ လူမျိုးသဘာဝအမှန်မှာ အပျော်အပါးကြိုက်သော၊ ပျော်ပျော်နေတတ်သော၊ အေးအေးလူလူနေချင်သော၊ ဘာအလုပ်မှ မလုပ်ချင်သော၊ ဇိမ်ခံနေချင်သော လူမျိုးတစ်မျိုးသာဖြစ်သည်။

မြန်မာနှင့်ကမ္ဘာ၏အနာဂတ်တစ်ခုလုံးသည် ဘုရားသခင်၏ လက်ထဲတွင်သာရှိနေသည်။ မြေသား မြေသမီးတို့၏ ဉာဏ်ပညာခပ်သိမ်း ဆိုသည်မှာ နှိုင်းရတရားများသာဖြစ်သည်။

Most Read

Most Recent