စံနှုန်းနှစ်မျိုးကို စစ်ဆေးခြင်း

စံနှုန်းနှစ်မျိုးကို စစ်ဆေးခြင်း
Published 22 March 2022

စံနှုန်းနှစ်မျိုး (Double Standard) ဟူသည် သဘောတရားအရ တူညီသည့် အနေအထားနှစ်ရပ်အတွက် ကွဲပြားခြားနားသော သဘောတရားများကို ကျင့်သုံးခြင်းဖြစ်ပြီး  ဘက်တစ်ဘက်ထက် အခြားဘက်တစ်ဘက်ကို ကင်းလွတ်ခွင့်ပေးသည့် အခါမျိုး၌ အသုံးပြုလေ့ရှိသည်။ နှစ်ခု သို့မဟုတ် နှစ်ခုထက်ပိုသော လူများ၊ အခြေအနေရပ်များ သို့မဟုတ် ဖြစ်ရပ်များတွင် တူညီသောနည်းလမ်းအတိုင်း ကျင့်သုံးဆက်ဆံသင့်သော်လည်း ကွဲပြားခြားနားစွာ ကျင့်သုံးဆက်ဆံသည့်အခါ စံနှုန်းနှစ်မျိုးဟူသည့် စကားရပ် ပေါ်ပေါက်လာသည်။ The Double Standard: A Feminist Critique of Feminist Social Science စာအုပ်ကို ရေးသားသူ မာဂရက်အီချလာက တူညီသောအရာနှစ်ခုကို ကွဲပြားခြားနားသော စံနှုန်းများဖြင့် တိုင်းတာခြင်းအား စံနှုန်းနှစ်မျိုးဟုခေါ်ကြောင်း ရှင်းပြခဲ့သည်။

တူညီပုံရသော အနေအထားများ၌ ကွဲပြားခြားနားသော သဘောတရားများ ကျင့်သုံးခြင်းသည် စံနှုန်းနှစ်မျိုး ဖြစ်နိုင်သကဲ့သို့ မဖြစ်နိုင်သည့်အခါလည်း ရှိသည်။ စံနှုန်းနှစ်မျိုး ဟုတ် မဟုတ် ဟူသည်ကို အကြောင်းခြင်းရာများစွာတို့အား စစ်ဆေးကြည့်ရန် လိုအပ်သေးသည်။ တူညီသည်ဟူသော အခြေအနေရပ်များ၌ ယင်းအခြေအနေနှစ်ရပ်ကြား အပြိုင်ဖြစ်နေသည့် အရာများနှင့် ကွဲပြားခြားနားနေသည့်အရာများကို စစ်ဆေးရမည်ဖြစ်သည်။  ၎င်းအပြင် အဆိုပါအခြေအနေရပ်များအပေါ် ကျင့်သုံးသင့်သည့် သဘောတရားများကို   ဖော်ဆောင်ပေးသည့် ဒဿနိကဗေဒဆိုင်ရာ သို့မဟုတ် ယုံကြည်မှုဆိုင်ရာစနစ်ကို စစ်ဆေးရမည်ဖြစ်သည်။ အရည်အသွေးဆိုင်ရာ အမှန်တရား သို့မဟုတ် အချက်အလက်အရ  တူညီပုံရသော်လည်း ပိုမိုနီးကပ်စွာ စစ်ဆေးကြည့်သည့်အခါ ဥပမာအားဖြင့်  ရုပ်ပိုင်းဆိုင်ရာ အရှိတရား၊ ကိုယ်ကျင့်တရားဆိုင်ရာ ဝတ္တရားအစရှိသည်တို့အရ ကွဲပြားခြားနားနေသည့် အခြေအနေရပ်များ၌ စံနှုန်းနှစ်မျိုး ကျင့်သုံးသည်ဟု မဆိုနိုင်ပေ။

ဥပဒေနယ်ပယ်၌ ဥပဒေအရ တန်းတူညီမျှသည့် အခွင့်အရေးရှိသော နှစ်ခု သို့မဟုတ် ယင်းထက်ပိုသော အုပ်စုများအား ကွဲပြားခြားနားသည့် ဒီဂရီ သို့မဟုတ် ဥပဒေကြောင်းအရ ကာကွယ်စောင့်ရှောက်မှု သို့မဟုတ် ကိုယ်စားပြုမှုပေးသည့်အခါ စံနှုန်းနှစ်မျိုးဟု ခေါ်ဆိုသည်။ ယင်းသည် တရားဥပဒေရှေ့မှောက်၌ ဘက်အားလုံးတို့အနေဖြင့် ညီမျှမှုရရှိရမည်ဟူသော နိုင်ငံများစွာတို့၏ တရားစီရင်ရေးအခြေခံကို ချိုးဖောက်သောကြောင့်  စံနှုန်းနှစ်မျိုး ကျင့်သုံးခြင်းကို တရားဥပဒေနှင့်မညီဟု ဆိုနိုင်သည်။ ထို့ကြောင့် စံနှုန်းနှစ်မျိုးကို ဘက်လိုက်သော သို့မဟုတ် တရားမျှတမှု မရှိသော ကျင့်သုံးမှုဟု ဆိုနိုင်သည်။ တရားသူကြီးများနှင့် ခေါင်းဆောင်များအား သမာဓိရှိလိမ့်မည်ဟု မျှော်လင့်ထားသည့် တရားရုံးကဲ့သို့သောနေရာတွင် လူမှုအဆင့်အတန်း၊ ရာထူး၊ လူမျိုး၊ ကျား/မ၊ ကိုးကွယ်ယုံကြည်သည့် ဘာသာ၊ ယောကျ်ားလျာ/မိန်းမလျာဖြစ်ခြင်း၊ အသက်အရွယ် သို့မဟုတ် အခြားကွဲပြားခြားနားမှုများအပေါ် အခြေခံသည့် ဘက်လိုက်ခြင်း သို့မဟုတ် ဦးစားပေးခြင်းတို့ ပြုလုပ်ခြင်းမရှိဘဲ လူအားလုံးအပေါ် တူညီသည့်စံနှုန်းများ ကျင့်သုံးလိမ့်မည်ဟု ပြည်သူလူထုက မျှော်လင့်ထားကြသည်။ နိုင်ငံရေးတွင် နှစ်ဘက် သို့မဟုတ် ယင်းထက်ပိုမိုသော ဘက်များအကြား (လူထုအကျပ်အတည်းအပေါ် တုံ့ပြန်မှု သို့မဟုတ် ရန်ပုံငွေ ခွဲဝေချထားပေးခြင်းကဲ့သို့သော) ကိစ္စရပ်များတွင် ကွဲပြားခြားနားစွာ ကိုင်တွယ်သည့်အခါ စံနှုန်းနှစ်မျိုးဟု ခေါ်ဆိုသည်။

စံနှုန်းနှစ်မျိုးသည် လူတို့၏စိတ်တွင်း၌ များစွာသော ဖြစ်နိုင်ဖွယ်အကြောင်းတရားများကြောင့် ဖြစ်ပေါ်လာသည်ဟု ယုံကြည်ရသည်။ ယင်းတွင် မိမိကိုယ်တိုင်အတွက် ဆင်ခြေပေးစရာ ရှာဖွေခြင်း၊ စီရင်ဆုံးဖြတ်ချက်အပေါ် စိတ်ခံစားမှုက လွှမ်းမိုးခြင်း၊ ဘက်လိုက်မှုများကို အတည်ပြုမှုကဲ့သို့သော ယုံကြည်မှုများကို အထောက်အပံ့ပြုရန် အချက်အလက်များကို ပုံဖျက်ပစ်ခြင်း၊ အလိုအလျောက် ဖြစ်ပေါ်လာသော ဘက်လိုက်မှုများ၊ ဆွဲဆောင် သိမ်းသွင်းခံရသော ဘက်လိုက်မှုများ၊ မလိုမုန်းထားမှုများ၊ မိမိမှန်ကြောင်း သက်သေပြရန် လိုအပ်နေမှု အစရှိသည်တို့ ပါဝင်သည်။

မည်သို့ပင်ဆိုစေကာမူ စံနှုန်းနှစ်မျိုးရှိနေခြင်းသည် တရားမျှတမှုမရှိသည့် အပြုအမူများဆီသို့ ဦးတည်သွားစေနိုင်သည့် ကြောင်သူတော်ဆန်သော၊ ဘက်လိုက်သော မျှတမှုမရှိသော သဘောထားကို ပြသနေခြင်းသာဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

■ မတ် ၂၂ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်