နှစ်ရက်အတွင်း မတ်ပဲစျေးအတက်ကြမ်းပြီး သုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၃၀၀၀ ခန့် စျေးတက်ကာ မြေပဲဆန်စျေး ရက်ပိုင်းအတွင်း တစ်ပိဿာ ကျပ် ၂၀၀ ဝန်းကျင်စျေးကျ

နှစ်ရက်အတွင်း မတ်ပဲစျေးအတက်ကြမ်းပြီး သုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၃၀၀၀ ခန့် စျေးတက်ကာ မြေပဲဆန်စျေး ရက်ပိုင်းအတွင်း တစ်ပိဿာ ကျပ် ၂၀၀ ဝန်းကျင်စျေးကျ
Published 9 March 2022
မင်းလတ်

မန္တလေးပွဲစား၊ ကုန်သည်စက်ပိုင်များ ကထိန်တော်အသင်း (မန္တလေးကုန်စည်ဒိုင်) စျေးကွက်တွင် မတ်ပဲစျေး နှစ်ရက်အတွင်း စျေးအတက်ကြမ်းပြီး သုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၃၀၀၀ ခန့် စျေးတက်ကာ မြေပဲဆန်စျေး ရက်ပိုင်းအတွင်း တစ်ပိဿာ ကျပ်  ၂၀၀ ခန့် စျေးပြန်ကျသွားသည်ဟု မန္တလေးမြို့ပဲ ကုန်သည်များထံမှ သိရသည်

“မတ်ပဲစျေး ၁၃၅၀၀၀ စျေးဖြစ်သွားတယ်။ မနေ့ကနဲ့ ဒီနေ့ဆို တစ်အိတ်ကို ကျပ် ၃၀၀၀ လောက် စျေးတက်သွားတယ်။ ပဲစင်းငုံအနီ ၁၃၂၀၀၀ စျေး၊ သူက စျေးငြိမ်တယ်။ မတ်ပဲစျေးက အတက်နည်းနည်းကြမ်းသွားတယ်။ ကုလားပဲစျေးတွေ ပြန်ပြီးစျေးအေးသွားတယ်လို့ ပြောရမယ်။ V2 ကုလားပဲ ၁၃၂၀၀၀ စျေး၊ ထိုင်ဝမ်ကုလားပဲ ၁၂၄၀၀၀ စျေး၊ ၉၂၉ ကုလားပဲ ၁၂၆၀၀၀ စျေးရှိပါတယ်။ မြေပဲဆန်စျေးလည်း စျေးပြန်အေးတယ်။ အဓိကကုန်ချောတွေ ရောင်းကောင်းတယ်။ ကုန်ကြမ်းဝယ်လိုအားက ကျတယ်လို့ ပြောရမယ်။ ဆီစက်သမားတွေ မြေပဲဆန်ဝယ်လိုအားကျတယ်။ အဓိကက မီးပျက်လို့ မြေပဲဆီသန့်က ရောင်းကောင်းတယ်။ ပဲဆီတစ်ပိဿာ ၉၀၀၀ စျေးရှိတယ်။ မြေပဲဆန်ကတော့ ရောင်းမကောင်းဘူး။ မြေပဲဆန်စျေး တစ်ပိဿာ ၁၅၀ ကနေ ၂၀၀ ကျပ်လောက် စျေးပြန်ကျတယ်။ ပဲဆီစျေးတက်ပေမဲ့  မြေပဲဆန်ဝယ်လိုအားမရှိလို့ စျေးပြန်ကျတယ်။ အဓိကက မီးပျက်လို့ မတ်ပဲစျေး နှစ်ရက်အတွင်း စျေးအတက်ကြမ်းပြီး သုံးတင်းဝင် တစ်အိတ်ကို ကျပ် ၃၀၀၀ လောက် စျေးတက်သွားတယ်။ ကုလားပဲစျေးတွေ စျေးပြန်အေးတယ်။ မြေပဲဆန်စျေးလည်း ရက်ပိုင်းအတွင်း တစ်ပိသာ ၂၀၀ ကျပ်လောက် စျေးကျတယ်။ နှမ်းစျေးက စျေးလည်းမတက်ဘူး။ စျေးလည်း မကျဘူး။ စျေးအပြောင်းအလဲမရှိဘူး။ ပဲတီစိမ်းရွှေဝါက မန္တလေးဘက်မှာ လောလောဆယ် အရောင်းအဝယ်မဖြစ်ဘူး ပြောရမယ်။ ပဲတီစိမ်းရွှေဝါက ရန်ကုန်စျေးကွက်မှာ အရောင်းအဝယ်ဖြစ်နေတယ်။ အညာပဲတီစိမ်းက ပစ္စည်းရှိပေမဲ့ ပဲမကောင်းတော့ စျေးက ၁၁၅၀၀၀ နဲ့  အရောင်းအဝယ်ရှိတယ်။ ပြောင်းဖူးစေ့စျေးက ၁၀၀၀ ကျော်စျေးပေါက်တယ်။ လက်ကြီးသမားတွေ ၁၀၂၀ ကျော်အထိ ပေးဝယ်တယ် ကြားတယ်။ ဗမာကာဘိုးပြောင်းစျေးက ၉၇၀ စျေးရှိတယ်။ ပြောင်းစျေးက ဆက်တိုက်တက်နေတယ်။ အခုထိပြောင်းစျေးကောင်းတုန်းလို့ ပြောရမယ်။ နိုင်ငံခြားငွေစျေးတက်တော့ ကောက်ပဲသီးနှံစျေးတွေ စျေးတက်တယ်လို့ ပြောရမယ်” ဟု မန္တလေးပွဲစား၊ ကုန်သည်စက်ပိုင်များ ကထိန်တော်အသင်း (မန္တလေးကုန်စည်ဒိုင်) ပြန်ကြားရေးတာဝန်ခံက ပြောကြားသည်။

မန္တလေးကုန်စည်ဒိုင်စျေးကွက်၌ မတ် ၈ ရက် မွန်းလွဲပိုင်း ပဲစျေးများမှာ V2 ကုလားပဲ သုံးတင်းတစ်အိတ် ( ၅၇ ဒသမ ၂၅ ပိဿာ) ၁၃၂၀၀၀ စျေး၊ V7ကုလားပဲ သုံးတင်းတစ်အိတ် (၅၇ ဒသမ ၂၅ ပိဿာ) ၁၃၀၀၀၀ စျေး၊ ၉၂၉ ကုလားပဲ သုံးတင်းတစ်အိတ် (၅၆ ဒသ မ၂၅ ပိဿာ ) ၁၂၆၀၀၀ စျေး၊ ထိုင်ဝမ် (ဟော်လန်) ကုလားပဲသုံးတင်း တစ်အိတ် (၅၆ ဒသ မ၂၅ ပိဿာ) ၁၂၄၀၀၀ စျေး၊ ပဲစင်းငုံဖြူ (၂၀၂၂ ) သုံးတင်းတစ်အိတ် (ပိဿာ ၆၀)  ၁၂၇၀၀၀ စျေး၊ ပဲစင်းငုံနီ (၂၀၂၂ ) သုံးတင်း တစ်အိတ် (ပိဿာ ၆၀) ၁၃၁၀၀၀ စျေး၊ ပဲယင်းအဝါ သုံးတင်းတစ်အိတ် (ပိဿာ ၆၀) ၁၀၀၀၀၀ စျေး၊ မတ်ပဲအလုံးကြီး သုံးတင်းတစ်အိတ် (ပိဿာ ၆၀ ) ၁၃၅၀၀၀ စျေးရှိကြောင်း သိရသည်။

 

Most Read

Most Recent