အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုခံထားရသည့် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင်အား စွဲဆိုထားသည့်အမှုငါးမှုစလုံးကို စွဲချက်တင်ကြောင်း မတ် ၈ ရက်တွင် မန္တလေးတိုင်းတရားလွှတ်တော်က အမိန့်ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။
“ဒေါက်တာဇော်မြင့်မောင်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ နဲ့ စွဲဆိုထားတဲ့ အမှုငါးမှုလုံးကို စွဲချက်တင်ကြောင်း အမိန့်ချမှတ်ခဲ့တယ်။ ဒေါက်တာဇော်မြင့်မောင်အနေနဲ့ ကျူးလွန်ခဲ့ခြင်းမရှိဘူးလို့ တရားရုံးမှာ ငြင်းဆိုသွားတယ်။ လာမယ့် မတ် ၁၀ ရက်မှာ အမှုငါးခုလုံးရဲ့ တရားလိုရယ်၊ လိုပြသက်သေတွေရယ်ကို ပြန်ခေါ်သက်သေအဖြစ် စစ်ဆေးဖို့ ချိန်းဆိုထားပါတယ်” ဟု ဒေါက်တာဇော်မြင့်မောင်အား စွဲဆိုထားသည့် အမှုများတွက် လိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေတစ်ဦးက ပြောကြားသည်။
ဇူလိုင် ၆ ရက်က ထုတ်လွှင့်ခဲ့သည့် ပြန်ကြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင်သည် နိုင်ငံရေးရာထူးလက်ရှိဖြစ်ခဲ့စဉ်က ၂၀၁၉ ခုနှစ်အတွင်း ထိုင်းနိုင်ငံ၊ ဘန်ရွမ်ဂရက်(စ်)ဆေးရုံတွင် ဆေးကုသမှုခံယူနေစဉ် မန္တလေးတိုင်းဒေသကြီးအတွင်း စီမံကိန်းလုပ်ငန်းများဆောင်ရွက်နေသော လုပ်ငန်းရှင်တစ်ဦးက လာရောက်တွေ့ဆုံပြီး ဆေးကုသစရိတ်အကြောင်းပြ၍ အမေရိကန်ဒေါ်လာတစ်သိန်းကို သုံးကြိမ်ခွဲ၍ ပေးအပ်ခဲ့ခြင်းကို တံစိုးလက်ဆောင်အဖြစ် လက်ခံရယူခဲ့သည်ဟု ဖော်ပြထားသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၈ ရက်ရုံးချိန်းတွင် စွဲဆိုထားသည့်အမှု ငါးမှုအနက် သုံးမှုအတွက် အမှုများကို စစ်ဆေးခဲ့သည်။ ဖေဖော်ဝါရီ၁၈ရက် ရုံးချိန်းတွင် သက်သေအဖြစ် မောင်ဝိတ်က လာရောက်ထွက်ဆိုခဲ့ကြောင်း သိရသည်။
ကင်ဆာရောဂါခံစားနေရသည့် ဒေါက်တာဇော်မြင့်မောင်မှာ ထိုင်းနိုင်ငံတွင် ဆေးသွားကုစဉ်က ကျန်းမာရေးစရိတ် ထောက်ပံ့ပေးခဲ့ရသည်ဟု မောင်ဝိတ်က စွပ်စွဲထားပြီး ဖေဖော်ဝါရီ ၁၈ ရက်တွင် တရားခွင်အတွင်း ကြားနာရာတွင်မူ လှူဒါန်းခဲ့ခြင်းဖြစ်သည်ဟု ထွက်ဆိုခဲ့သည်။
ဒေါက်တာဇော်မြင့်မောင်၏ ဆေးကုသစရိတ်အား ၎င်း၏သားအကြီးဖြစ်သူနှင့် လေယာဉ်စရိတ်အတွက် NLD ကျန်းမာရေးကွန်ရက်က အကုန်အကျခံကာ ကုသခဲ့ခြင်းဖြစ်သည်ဟု မီဒီယာအချို့တွင် ဖော်ပြချက်အရ သိရသည်။
ဒေါက်တာဇော်မြင့်မောင်အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မများဖြင့် အမှုငါးမှု၊ ဦးဇာနည်အောင်အား နှစ်မှုဖြင့် မန္တလေးတိုင်းတရားလွှတ်တော်တွင် တရားစွဲဆိုထားခြင်းဖြစ်ပြီး အိုးဘိုအကျဉ်းထောင်တွင် အထူးတရားရုံးဖြင့် စစ်ဆေးနေခြင်းဖြစ်သည်။
ဒေါက်တာဇော်မြင့်မောင်အား နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (ခ)ဖြင့် ထောင်ဒဏ် နှစ်နှစ်၊ သဘာသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅/၃၀(က)တို့အတွက် ထောင်ဒဏ်နှစ်နှစ် စုစုပေါင်း ထောင်ဒဏ်လေးနှစ်ကျခံစေရန် အောင်မြေသာစံမြို့နယ်တရားရုံးက အမိန့်ချမှတ်ထားသည်။















