ရန်ကုန်စတော့အိတ်ချိန်းတွင် စာရင်းဝင်အကြိုစျေးကွက် (Pre Listing Board-PLB) အမည်ဖြင့် ဒုတိယစျေးကွက် (Second Board) တည်ထောင်ခွင့်ပြု

ရန်ကုန်စတော့အိတ်ချိန်းတွင် စာရင်းဝင်အကြိုစျေးကွက် (Pre Listing Board-PLB) အမည်ဖြင့် ဒုတိယစျေးကွက် (Second Board) တည်ထောင်ခွင့်ပြု
ရန်ကုန်စတော့အိပ်ချိန်း၌ နေ့စဉ်အရောင်းအဝယ်ဖြစ်မှုအား စောင့်ကြည့်လေ့လာနေသူများကို တွေ့ရစဉ်
ရန်ကုန်စတော့အိပ်ချိန်း၌ နေ့စဉ်အရောင်းအဝယ်ဖြစ်မှုအား စောင့်ကြည့်လေ့လာနေသူများကို တွေ့ရစဉ်
Published 8 March 2022

ရန်ကုန်စတော့အိတ်ချိန်းတွင် စာရင်းဝင်အကြိုစျေးကွက် (Pre Listing Board-PLB) အမည်ဖြင့် ဒုတိယစျေးကွက် (Second Board) တည်ထောင်ခွင့်ပြုကြောင်း ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်ရုံးက အမိန့်ကြော်ငြာစာအမှတ် (၁/၂၀၂၂)ဖြင့် ထုတ်ပြန်ထားသည်။

ရန်ကုန်စတော့အိတ်ချိန်းသည် စာရင်းဝင်အကြိုစျေးကွက်တည်ထောင်ခြင်းနှင့် စပ်လျဉ်း၍ အောက်ပါအတိုင်း ဆောင်ရွက်ရမည်။ (က) စာရင်းဝင်အကြိုစျေးကွက် တည်ထောင်ရန်လိုအပ်သည့် မှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်းစည်းမျဉ်း၊ စာရင်းဝင်အကြိုစျေးကွက်၏ လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာလုပ်ငန်းလမ်းညွှန်စာအုပ်၊ မှတ်ပုံတင်ခြင်းဆိုင်ရာ စံသတ်မှတ်ချက်နှင့် မှတ်ပုံတင်အကြံပေးခန့်အပ်ခြင်းဆိုင်ရာ သတ်မှတ်ပြဋ္ဌာန်းချက်များနှင့် အခြားသက်ဆိုင်ရာစည်းမျဉ်းစည်းကမ်းလမ်းညွှန်ချက်နှင့် လုပ်ထုံးလုပ်နည်းများကို ကော်မရှင်က ထုတ်ပြန်နိုင်ရန်တင်ပြရမည်။

(ခ) စာရင်းဝင်အကြိုစျေးကွက်တွင် မှတ်ပုံတင်မည့်အများနှင့်သက်ဆိုင်သော ကုမ္ပဏီများနှင့်စပ်လျဉ်း၍ မှတ်ပုံတင်အကြံပေးခန့်အပ်ခြင်း၊ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး ကိစ္စများနှင့်စပ်လျဉ်း၍ တည်ဆဲဥပဒေများအား လိုက်နာမှုအခြေအနေများ၊ မှတ်ပုံတင်မည့်ကုမ္ပဏီများ၏ အစုရှယ်ယာများကို အများပြည်သူသို့ ကမ်းလှမ်းရောင်းချခြင်း၊ မှတ်ပုံတင်မည့်ကုမ္ပဏီများ၏အစု ရှယ်ယာများအား နိုင်ငံခြားသားများ ပါဝင်ရောင်းဝယ်ခွင့်ပြုခြင်းတို့ကို သက်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများနှင့်အညီ စိစစ်၍ ကော်မရှင်သို့ တင်ပြရမည်။

(ဂ) စာရင်းဝင်အကြိုစျေးကွက်တွင် မှတ်ပုံတင်ခွင့်ပြုရန် လျှောက်ထားလာသည့်ကုမ္ပဏီကို သတ်မှတ်ထားသည့် အရည်အသွေးစံသတ်မှတ်ချက်နှင့် ကိုက်ညီမှုရှိမရှိ စိစစ်ပြီး သတ်မှတ်ချက်နှင့် ကိုက်ညီသည့်ကုမ္ပဏီကို ကော်မရှင်၏အတည်ပြုချက်ဖြင့် မှတ်ပုံတင်ခွင့်ပြုရမည်။

(ဃ) မှတ်ပုံတင်အကြံပေးအဖြစ် လျှောက်ထားသည့်ကုမ္ပဏီကို ငွေချေးသက်သေခံလက်မှတ်များ မှတ်ပုံတင်ခြင်းဆိုင်ရာလုပ်ငန်းစည်းမျဉ်းများပါ အရည်အချင်း သတ်မှတ်ချက်များနှင့်ကိုက်ညီမှုရှိမရှိစိစစ်ပြီး ကော်မရှင်၏ အတည်ပြုချက်ရယူ၍ခွင့်ပြုရမည်စသည်တို့ ပါဝင်သည်။

အောက်ပါကုမ္ပဏီများသည် စာရင်းဝင်အကြိုစျေးကွက်တွင် စာရင်းဝင်ကုမ္ပဏီအဖြစ် မှတ်ပုံတင်ပြီး အစုရှယ်ယာများ ရောင်းဝယ်ခွင့်ရှိသည်။ ၎င်းတို့မှာ (က) ရန်ကုန်စတော့အိတ်ချိန်းတွင် စာရင်းဝင်ထားသည့် ကုမ္ပဏီများမှတစ်ပါး ငွေချေးသက်သေခံလက်မှတ်များ လဲလှယ်ရောင်းဝယ်ရေးဥပဒေပုဒ်မ ၃၅ ပုဒ်ခွဲ(က)အရ ကော်မရှင်၏အတည်ပြုချက်ဖြင့် အများပြည်သူသို့ အစုရှယ်ယာဖိတ်ခေါ်ထားသည့်ကုမ္ပဏီ၊ (ခ)အစုရှယ်ယာရှင် ၁၀၀ ဦးနှင့်အထက်ရှိသော အများနှင့်သက်ဆိုင်သည့်ကုမ္ပဏီ၊ (ဂ)ရန်ကုန်စတော့အိတ်ချိန်းမှ ထုတ်ပြန်သည့် စာရင်းဝင်အကြိုစျေးကွက်စံသတ်မှတ်ချက်နှင့် ကိုက်ညီသည့်ကုမ္ပဏီတို့ဖြစ်သည်။

ထို့ပြင်စာရင်းဝင်အကြိုစျေးကွက်တွင် မှတ်ပုံတင်မည့်ကုမ္ပဏီများ ဆောင်ရွက်ရမည့်အချက်များ၊ မှတ်ပုံတင်အကြံပေးလိုက်နာရမည့်အချက်များ၊ မှတ်ပုံတင်အကြံပေးသည် ရန်ကုန်စတော့အိတ်ချိန်း၏ စာရင်းဝင်အကြိုစျေးကွက်တွင် မှတ်ပုံတင်အကြံပေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် လိုက်နာရမည့်အချက်များ စသည်တို့ကိုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါအမိန့်ကြော်ငြာစာပါ ပြဋ္ဌာန်းချက်များနှင့်အညီ စာရင်းဝင်အကြိုစျေးကွက် တည်ထောင်ဆောင်ရွက်ရာတွင် ငွေချေးသက်သေခံလက်မှတ်လွှဲပြောင်းမှုများတွင် အီလက်ထရွန်နစ်နည်းဖြင့် မှတ်တမ်းတင်နိုင်ရန် ရန်ကုန်စတော့အိတ်ချိန်း၊ ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီများနှင့် မှတ်ပုံတင် အကြံပေးကုမ္ပဏီတို့သည် ကော်မရှင်မှ ထုတ်ပြန်ထားသည့် အမိန့်ကြော်ငြာစာ ၁/၂၀၁၅ကို လိုက်နာရမည်ဖြစ်ကြောင်း၊ စာရင်းဝင်အကြိုစျေးကွက်တွင် နိုင်ငံခြားသားများကို ကော်မရှင်မှ ထုတ်ပြန်သည့်အမိန့်ကြော်ငြာစာနှင့် ညွှန်ကြားချက်များနှင့်အညီ ပါဝင်ရောင်းဝယ်ခွင့်ပြုသည်ဟု ဖော်ပြထားသည်။

ရန်ကုန်စတော့အိတ်ချိန်း၏ စာရင်းဝင်ကုမ္ပဏီများ တိုးတက်လာစေရေးအတွက် အထောက်အကူပြုနိုင်စေရန်နှင့် စတော့ရှယ်ယာစျေးကွက်ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ရန်ကုန်စတော့အိတ်ချိန်းတွင် စာရင်းဝင်ရောက်လိုသော်လည်း စာရင်းဝင်ဆိုင်ရာစံသတ်မှတ်ချက်များ ပြည့်မီရန် လိုအပ်ချက်များ ရှိနေသောအများပိုင်ကုမ္ပဏီများအတွက် ကြားခံပြင်ဆင်ဆောင်ရွက်သည့် စျေးကွက်တစ်ခု ဖန်တီးပေးရန်၊ မြန်မာနိုင်ငံ၏အသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စာရင်းဝင်အကြိုစျေးကွက်မှတစ်ဆင့် အရင်းအနှီးများ ရှာဖွေစုဆောင်းနိုင်စေရန် စသည့်ရည်ရွယ်ချက်များဖြင့်  YSX တွင် စာရင်းဝင်အကြိုစျေးကွက်အမည်ဖြင့် ဒုတိယစျေးကွက် (Second Board) တည်ထောင်ခွင့်ပြုခြင်း ဖြစ်သည်။

 

 

Most Read

Most Recent