အညာဒေသက တစ်ကျော့ပြန် ကိုဗစ်

အညာဒေသက တစ်ကျော့ပြန် ကိုဗစ်
COVID-19 ဖြင့် ​သေဆုံးသူအချို့ကို သင်္ဂြိုဟ်ရန် ဆောင်ရွက်နေစဉ် ​(ဓာတ်ပုံ- ပရဟိတဝါသနာ)
COVID-19 ဖြင့် ​သေဆုံးသူအချို့ကို သင်္ဂြိုဟ်ရန် ဆောင်ရွက်နေစဉ် ​(ဓာတ်ပုံ- ပရဟိတဝါသနာ)
Published 6 March 2022
သက်ထိန်ဝင်း (ပခုက္ကူ )

 “အခုရက်ပိုင်း ဖျားတဲ့သူနဲ့ နှာစေးတဲ့သူ နဲ့ ပိုးတွေ့တာတွေလည်း များလာတယ်။ အပြင်ထွက်ရင် Mask ပြန်တပ်ကြ” လို့ အိမ် နားမှာ ပြောနေကြတဲ့ အသံတွေ။

သတိပေးစကားပြောမယ်ဆိုလည်း ပြောစရာ။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီကစပြီး ပခုက္ကူမှာ ကိုဗစ်အတည်ပြုလူနာ နေ့တိုင်းလို့ တွေ့လာ ရတယ်။ အခုမတ်လသာရောက်လာတယ် ပိုး တွေ့သူက နေ့တိုင်း။ ၂၀၂၂ ခုနှစ်ရဲ့ နှစ်စ ဇန်နဝါရီလထိ ပခုက္ကူမြို့မှာ ကိုဗစ်ပိုးတွေ့သူ နှစ်ဦးပဲရှိခဲ့ပေမဲ့ ဖေဖော်ဝါရီလမှာတော့ ပိုး တွေ့သူ ၂၀၀ ကျော်ရှိလာပါတယ်။ ပခုက္ကူ မြို့နယ်မှာ တစ်ရက်ထက် တစ်ရက် ကူးစက်ခံ ရသူတွေ တိုးလာခဲ့လို့ တချို့ရက်တွေမှာ ကို ဗစ်ပိုးတွေ့သူ ၅၀ ကျော်အထိ ရှိခဲ့ပါတယ်။ သို့ပေမဲ့ လူအတော်များများကတော့ ပါးစပ်နဲ့ နှာခေါင်းစည်း တပ်ဆင်ခြင်းမပြုဘဲ ပေ့ါဆစွာ ဆက်လက်နေထိုင်ခဲ့ပါတယ်။

ဒီအတွက်ကြောင့်ပဲ ပိုးတွေ့လူနာ တိုး လာသလို သေဆုံးသူလည်း ရှိလာပါတယ်။ ဖေဖော်ဝါရီလ အတွင်းမှာ သေဆုံးသူ ရှစ်ဦး အထိ ရှိခဲ့ပါတယ်။ သေဆုံးသူတွေထဲမှာ အသက် ၉၀ ကျော် သက်ကြီးတွေကနေ ၁၁ လအရွယ်နဲ့ နှစ်ရက်သားသာရှိသေးတဲ့ မွေး ကင်းစ ကလေးတွေအထိ ပါဝင်ပါတယ်။ အသက် ၃၈ နှစ်အရွယ် လူလတ်ပိုင်းတွေလည်း သေဆုံးမှုရှိတာကြောင့် ကိုဗစ်စတုတ္ထလှိုင်း ဟာ အရွယ်သုံးပါး မရွေးပါဘူး။

လက်ရှိမတ်လမှာလည်း ပိုးတွေ့သူက နေ့တိုင်းပါပဲ။ မတ် ၁ ရက်မှာ ရှစ်ဦး ၊ မတ် ၂ ရက်မှာ ၁၅ ဦးနဲ့ မတ် ၃ရက်မှာ ငါးဦးတွေ့ရှိပြီး ဆေးကုသမှု ခံယူနေရသူတွေထဲက တစ်ဦး သေဆုံးခဲ့ပါ တယ်။  ပခုက္ကူမြို့မှာ ၂၀၂၂ ခုနှစ် ဇန်နဝါရီလကနေ မတ်လဆန်းအထိ ကိုဗစ်ပိုး ကူးစက်ခံထားရတယ်လို့ စစ်ဆေးတွေ့ရှိသူ ၃၀၀ ကျော်အထိ ရှိပါတယ်။ သေဆုံးသူ ကိုး ဦးရှိပါတယ်။ ဒီစာရင်းက စစ်ဆေးမှု ပြုလုပ်လို့ ပိုးတွေ့ရှိမှုပါ။ ကျန်သူတွေထဲမှာ ဘယ်သူတွေ ဘယ်လောက်ထိ ပိုးကူးစက်ခံထားသလဲဆို တာ မှန်းဆရခက်ပါတယ်။ အတော်များများ ဖျား ၊ အသံဝင် ၊ နှာစေး ၊ ချောင်းဆိုးနေကြတာ။

ကိုဗစ်ပိုးတွေ့ရှိသူနဲ့ သေဆုံးသူတွေထဲမှာ ပခုက္ကူမြို့ခံတွေတင်မဟုတ်ဘဲ အခြားနယ် ဝေးက ရောက် လာသူတွေလည်း ပါပါတယ်။ အနီးနားမြို့နယ်တွေမှာ နယ်မြေမအေးချမ်း လို့ ပခုက္ကူမြို့ကို ပြောင်းလာတာကနေ ပိုးတွေ့ တာ။ အခြားမြို့ကနေ ပခုက္ကူဆေးရုံကြီးကို ဆေးကုလာရင်း ပိုးစစ်ဆေးတာကနေ ပိုးတွေ့ တာတွေလည်း ရှိပါတယ်။ လက်ရှိ ပခုက္ကူမြို့ မှာ နယ်စုံကနေ ဆေးပြလာသူ၊ အရောင်း အဝယ် လာလုပ်သူတွေနဲ့ဆိုတော့ ကိုဗစ်ကူး စက်မှုတွေက ရှိနေဦးမှာပါ။

မိမိကနေ တစ်ပါးသူကို မကူးစက်ဖို့ တစ်ပါးသူကနေ မိမိမိသားစုကို မကူးစက်ဖို့ ကာကွယ်မှုတွေလုပ်ဖို့ လိုပါတယ်။ ကာကွယ် မှု နည်းလမ်းတွေထဲမှာ အပြင်ထွက်ချိန် Mask တပ်ခြင်းနဲ့ လက်ဆေးခြင်းတို့က အဓိ ကပါပဲ။ သိပ်ခက်ခဲတဲ့ အလုပ်တွေ မဟုတ်ဘူး ဆိုပေမဲ့ အများစုက မလုပ်ကြတော့ပါဘူး။ အညာဒေသလေးမှာ နောက်တစ်ကြိမ် ကိုဗစ် ကပ်ဆိုးမကြုံဖို့ အနည်းဆုံးတော့ ငါ့မိသားစု အတွက်ဆိုတဲ့ စိတ်လေးနဲ့ ကျန်းမာရေးဌာန ကထုတ်ပြန်ထားတဲ့ ထုတ်ပြန်ချက်တွေကို လိုက်နာမယ်ဆိုရင် လက်ရှိ ကိုဗစ်လှိုင်းကို အထိအခိုက်နည်းစွာနဲ့ ဖြတ်ကျော်နိုင်မှာပါ။

ကုန်ဆုံးခဲ့ပြီးဖြစ်သည့် ၂၀၂၁ ခုနှစ်တွင် အညာအရပ်က ပခုက္ကူမြို့မှာ ကိုဗစ်ကပ်ဆိုး ကျရောက်ခဲ့ပါ တယ်။ ၂၀၂၁ ခုနှစ် ဇွန်လ ကုန်မှာ ကိုဗစ်ကူးစက်မှုများ ဆက်တိုက်ဆို သလို ဖြစ်ခဲ့ပြီး သေဆုံးသူလည်း မနည်းလှပါ။ ၂၀၂၁ခုနှစ် ဇွန်လမှ ဒီဇင်ဘာလထိ ပခုက္ကူမြို့ နယ်တွင် ကိုဗစ်ပိုးကူးစက်ခံရသူ ၁၄၉၄ ဦး ရှိခဲ့ပြီး သေဆုံးသူ ၁၄၉ ဦးထိ ရှိခဲ့တယ်လို့ သိရ ပါတယ်။ ဒီအရေအတွက်ဟာ ကျန်းမာရေး ဌာနာက ရရှိ ထားတဲ့ အချက်အလက်ပါ။  နေ အိမ်တွေမှာ မိမိအစီအစဉ်နဲ့ စစ်ဆေးမှုပြု လုပ်ပြီး ဆေးကုသသူတွေ၊ နေအိမ်မှာ ဆေး ကုသရင်း သေဆုံးသူတွေ မပါသေးပါဘူး။

ပခုက္ကူမြို့မှာ ပြီးခဲ့တဲ့ ၂၀၂၁ ဇူလိုင်လက နေ နိုဝင်ဘာလထ ကိုဗစ်ပိုးတွေ့လူနာများတာ ကြောင့် အောက်ဆီဂျင် လိုအပ်ချက်မြင့်တက် ခဲ့ပြီး အောက်ဆီဂျင်လှူဒါန်းတဲ့ဆီမှာ လာ ရောက်တန်းစီသူတွေဟာလည်း နေ့ညများ ပြားခဲ့ပါတယ်။ တချို့ဆို ကားတွေငှားပြီး မန္တလေး နဲ့ မုံရွာမြို့များထိ သွားရောက်သယ် ယူကြပါတယ်။  အောက်ဆီဂျင်လိုအပ်ချက် များလွန်းလို့ ပခုက္ကူမြို့ခံတွေနဲ့ ဦးဆောင် ဆရာတော်တွေရဲ့ အားထုတ်မှုနဲ့ အောက် ဆီဂျင် ထုတ်လုပ်တဲ့စက် အမြန်တပ်ဆင်ပြီး အောက်ဆီဂျင်လိုအပ်ချက် ဖြည့် ဆည်းပေးခဲ့ ရသည်အထိကို ကိုဗစ်လူနာ များပြားခဲ့ပါတယ်။

“မနှစ်တုန်းကတော့ အောက်ဆီဂျင်ရဖို့ အတော်ကြိုးစားရတယ်။ ကပစစက်ရုံက ပေး တဲ့ အောက်ဆီဂျင်လည်း သွားတန်းစီရတယ်။ မုံရွာစက်ရုံဆိုလည်း ညအိပ် သွားတန်းစီ ရတယ်။ မန္တလေးစက်ရုံဆိုလည်း သွားရတာ ပဲ။ အိုးတွေ ပခုက္ကူရောက်ပြီဆိုတာနဲ့ လိုတဲ့ သူတွေဆီ ပြန်လှူပေးလိုက်တာ။ ပိုတဲ့နေ့ကို မရှိဘူး။ ပိုးတွေ့လူနာနည်းလို့ အောက်ဆီ ဂျင်ကူညီရတာ နည်းချိန်မှာ အိုးတွေကို ပြန် စစ်တယ်။ လေဖြည့်တာတွေ လုပ်ထားတယ်။ ဖြစ်လာရင် ချက်ချင်း ကူညီနိုင်အောင် ဦးဇင်း တို့ကတော့ ပြင်ဆင်ထားတယ်”ဟု အောက် ဆီဂျင်လှူဒါန်းပေးသည့် ဆရာတော်ဦးပညာ က မိန့်ကြားသည်။

နာရေးလုပ်ဆောင်ခဲ့တဲ့ အဖွဲ့တွေရဲ့ မှတ်တမ်းတွေအရတော့ ဇူလိုင်လကနေ အောက်တိုဘာလလောက်အထိ နေ့စဉ်နီးပါး သင်္ဂြိုဟ်ပေးရတယ်လို့ သိရပါတယ်။ ဆေးရုံ ကနေ သင်္ဂြိုဟ်ပေးရတာရှိသလို နေအိမ် တွေကတစ်ဆင့် သင်္ဂြိုဟ်ပေးတာတွေရှိ တယ်လို့ ပြောပြပါတယ်။ နိုဝင်လဘာကုန်ပိုင်း ရောက်မှသာ ကိုဗစ်ပိုးကူးစက်ခံရသူရော သေ ဆုံးသူပါ လျော့ကျခဲ့ပါတယ်။ ဒီဇင်ဘာလ ထဲမှာတော့ ကိုဗစ်ပိုး ကူးစက်မှု မတွေ့ရတဲ့ နေ့ရက်တွေ၊ သေဆုံးသူမရှိတဲ့ နေ့ရက်တွေ များပြားခဲ့ပါတယ်။ ဒီလိုဖြစ်စဉ်တွေနဲ့ အတူ မြို့ခံတွေ၊ စျေးဝယ်လာသူတွေရဲ့ နေထိုင်မှု တွေဟာလည်း ပေါ့လျော့လာပါတယ်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်မှာကိုဗစ်ကြောင့် လူမှုဘဝတွေ ထိခိုက်နစ်နာခဲ့ပါတယ်။ စိုက် ပျိုးရေး ၊ ရောင်းဝယ်ရေးကအစ အလွှာပေါင်း စုံထိခိုက်ခဲ့တာ အခုဆို နှစ်နှစ်နီးပါးရှိပါပြီ။ တိုင်းပြည်ရဲ့ နိုင်ငံရေးကလည်း တစ်ပူပေါ် နှစ် ပူဆင့်သလို ဖြစ်ခဲ့ရပါသေးတယ်။ ဘယ်လိုပဲ အခက်အခဲတွေရှိရှိ ဝမ်းရေးအလျင်မီဖို့ လုပ်ငန်းခွင် ပြန်ဝင်နေကြပါပြီ။ သို့ပေမဲ့ ကိုဗစ်ကိုတော့ မေ့ထားလို့ မရပါ။ ဆက်ပြီး ရင်ဆိုင်ရဦးမယ်။ ကိုဗစ်နဲ့ အတူယှဉ်တွဲနေ ထိုင်နိုင်အောင် ကြိုးစားရပါမယ်။

 “ရွာကနေ ကိုဗစ်ဆေး သွားထိုးကြတယ်။ နှစ်ကြိမ်လည်းပြည့်ရော Mask မတပ်တော့ ဘူး။ တပ်ခိုင်းလည်း သူတို့က ကာကွယ်ဆေး ထိုးပြီးသားလို့ ပြောတော့တာ။ ကာကွယ်ဆေး ထိုးပြီးလည်း ကူးစက်နိုင်တယ်ဆိုတာကို မသိ တာလား မသိချင်ယောင် ဆောင်တာလားကို မပြောတတ်ဘူး။ ကျန်းမာရေးဌာနက ထုတ် ပြန်ထားတဲ့ အချက်တွေကို သေချာဖတ်ရင် အဆင်ပြေမယ်။ အခုက ဆေးထိုးပြီးတာနဲ့ Mask တပ်စရာ မလိုတော့ဘူး ထင်နေတာပဲ”ဟု ကိုဗညားက ပြောကြားသည်။

လက်ရှိ လျှပ်စစ်မီးအခြေအနေက အောက်ဆီဂျင်ထုတ်လုပ်မှုတွေကို ပြဿနာ ရှိစေပါတယ်။ ကိုဗစ်ပိုး မကူးစက်နိုင်သမျှ မကူးစက်အောင် နေထိုင်ရပါမယ်။ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်တုန်းကလို အောက်ဆီဂျင် မပေါ ပါ။ အရင်နှစ်က မီးမှန်လို့ အောက်ဆီဂျင်ထုတ် စက်ကြီးတွေ တစ်နေကုန် လည်ပတ်နိုင်ပေမဲ့ လက်ရှိကတော့ ညပိုင်းလောက်ပဲ လည်ပတ် နိုင်ပါတယ်။ ဒါကြောင့်လည်း အောက်ဆီဂျင် ကူညီရေးအသင်းတွေမှာ အောက်ဆီဂျင် မပြတ်လပ်ရအောင် ယခုကတည်းက အား ထုတ်နေကြပါတယ်။ ကိုဗစ်ပိုးတွေ့ လူနာ များပြားလာရင် လုံလောက်ပါ့မလားလို့ စိုး ရိမ်မိပါတယ်။

ပခုက္ကူမြို့ ဆေးရုံကြီးနဲ့ တိုက်နယ်ဆေး ရုံတွေမှာ ကိုဗစ်ပိုးနဲ့ ကုသမှုခံယူနေသူ ၅၀ ဦးကျော် ရှိပါသေးတယ်။ လူမှုရေးအသင်း တွေလည်း နိုင်တဲ့ဘက်ကနေ ပါဝင်ကူညီနေ ကြပါတယ်။ နောက်တစ်ကြိမ် ကိုဗစ်ကြောင့် မိတ်ဆွေတွေ၊ မိသားစုတွေ မဆုံးရှုံးရဖို့ အတွက် ဂရုပြုနေထိုင်ကြဖို့ လိုတာကတော့ အသေအချာပါပဲ ။

Most Read

Most Recent