ကမ္ဘာပေါ်မှာ လက်ရှိ ကိုဗစ်ဖြစ်ပွားသူအားလုံးရဲ့ ၉၈ ဒသမ ၃ ရာ ခိုင်နှုန်းဟာ အိုမီခရွန်ဖြစ်ပြီး ကျန် ၁ ဒသမ ၇ ရာခိုင်နှုန်းဟာ ဒယ်တာဖြစ်ကြောင်း သိရပါတယ်။ ဒယ်တာက ရောဂါပိုမိုပြင်းထန်ခြင်း၊ ရောဂါ ဘေးထွက်ဆိုးကျိုးများခြင်း၊ အောက်ဆီဂျင်ရှူရခြင်း၊ အသက်ဆုံးရှုံးခြင်းများပါတယ်။ အိုမီခရွန်က ရောဂါကူးစက်ပျံ့နှံ့မှု ပိုများကာ ကမ္ဘာတစ်ဝန်း ဖြစ်ပွားနေဆဲဖြစ်ပါတယ်။ သေဆုံးနှုန်းကြည့်ရင် အိုမီခရွန် (သုည ဒသမ ၉ ရာခိုင်နှုန်း) နဲ့ ဒယ်တာ(၅ ဒသမ ၃ ရာခိုင်နှုန်း) ရှိပါတယ်။
အိုမီခရွန်က သုည ဒသမ ၆ ရာခိုင်နှုန်းသာ ဆေးရုံတက်ရပြီး သုည ဒသမ ၀၃ ရာခိုင်နှုန်းပဲ သေ ဆုံးနိုင်တယ်။ ဒယ်တာမျိုးကွဲက ၁ ဒသမ ၄ ရာခိုင်နှုန်း ဆေးရုံတက်ရပြီး သုည ဒသမ ၃ ရာခိုင်နှုန်း သေဆုံးနိုင်ပါတယ်။
အိုမီခရွန်ဟာ အသက်ရှူ အပေါ်လမ်းကြောင်းမှာပဲ သက်ရောက်မှုဖြစ်တာများပြီး အခြားကိုဗစ်တွေလို အသက်ရှူအောက် လမ်းကြောင်း တွယ်ကပ်တာနည်းပါတယ်။ ဆိုးရွားတဲ့အဆုတ်ရောင်တာ၊ အောက်ဆီဂျင်ကျတာမရှိပါဘူး။ ဟောင်ကောင်လေ့လာမှုမှာ အိုမီခရွန်ဟာ ယခင်ပိုးအမျိုးအစားတွေနဲ့စာရင် လေပြွန်ကြီးတွေအပေါ်ပိုင်း အဆုတ်လေပြွန်မှာအဆ ၇၀ ပိုးပွားများတာတွေ့ရပြီး အသက်ရှူ လမ်းအောက်ပိုင်း အဆုတ်ပြွန်နဲ့လေအိတ်လေးတွေမှာ စွဲကပ်တာပိုးပွားတာ ၁၀ ဆပိုနည်းပါတယ်။ လေပြွန်ကြီးတွေပိုရောင်ပြီး ချောင်းဆိုးတာပို ဖြစ်ပါတယ်။ ပိုးတွေအလွယ်တကူ ဖြန့်ပြီး ကူးစက်စေပါတယ်။ အောက်ပိုင်းအသက်ရှူလမ်းကြောင်းနဲ့ အဆုတ်လေအိတ်တွေမှာဖြစ်တဲ့ နမိုးနီးယားအဆုတ်ရောင်တာ၊ အောက် ဆီဂျင်ကျတာ၊ ရောဂါပြင်းထန်တာ နည်းသွားပါတယ်။ ဒါကြောင့် အသေအပျောက်နှုန်းနည်းသွားပါတယ်။
အိုမီခရွန်က ကူးစက်နှုန်း အရမ်းမြန်တာကြောင့် ကာကွယ်မထားဘဲ လွှတ်ထားရင်ဖြစ်တဲ့သူ အများကြီးတိုးပွားလာပြီး ဆေးရုံတက်ရသူဦးရေ၊ ဆိုးတဲ့လူနာဦးရေ၊ သေဆုံးလူနာကတော့ ဒယ်တာ ထက်တန်းတူ (သို့မဟုတ်) ပိုပြီး များသွားနိုင်ပါတယ်။ ရောဂါအခံရှိသူများ ကိုဗစ်ကြောင့် ပိုသေဆုံးတဲ့ အပြင် ကိုဗစ်မကူးစက်အောင် သီးသန့်လုပ်ထားရလို့ ကြည့်ရှုစောင့်ရှောက်မှု အပြည့်မရလို့ အသက်ဆုံး ရှုံးတာပိုများပါတယ်။ နောက်တစ်ယောက် မကူးအောင် အထူးဂရုစိုက် နေရပါတယ်။
အိုမီခရွန်မျိုးစိတ်က ဒယ်တာထက်ပိုပြီး ကူးစက်နှုန်းမြန်တာ သုတေသီတို့ လေ့လာချက်အရ သိရတယ်။ တစ်ခါရောဂါ ကူးစက်မှုဖြစ် ပြီးရင်လည်း အိုမီခရွန်ကူးစက်မှု ဖြစ်နိုင်ခြေများပါတယ်။ အယ်ဖာ၊ ဒယ်တာ၊ ဘီတာတုန်းကရောဂါ တစ်ကြိမ် ဖြစ်ပြီးသူတွေ ခန္ဓာကိုယ်မှာ ပဋိပစ္စည်း ထွက်ရှိနေပြီဖြစ်လို့ ထပ်ဖြစ်တာ ရှားပါးပါတယ်။
အိုမီခရွန်ကတော့ ဒယ်တာ ထက်ကူးစက်နှုန်း ၂ ဒသမ ၄ ဆပို များကာ ကလေးငယ်တွေ၊ သက်ကြီး ရွယ်အိုတွေ၊ နာတာရှည် ရောဂါအခံရှိသူတွေ၊ ကိုယ်ခံအားနည်းသူတွေ၊ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေမှာ ကူးစက်ပြန့်နှံ့နိုင်ပါတယ်။
ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ်၊ ထပ်ဆင့်မြှင့် ကာကွယ်ဆေး တစ်ကြိမ်ထိုးနှံခြင်း၊ နှာခေါင်းစည်းတပ်ခြင်း၊ လက်ကိုဆပ်ပြာရေတို့နဲ့စက္ကန့် ၂၀ ကျော်ကြာဆေးကြောခြင်း၊ လူတစ်ဦးနဲ့တစ်ဦး လူမှုအကွာအဝေး ခြောက်ပေခွာခြင်း၊ လူစုလူဝေး ရှောင်ခြင်း၊ လေဝင်လေထွက်ကောင်းစေခြင်း၊ အာဟာရပြည့်ဝစွာစားသုံးခြင်း၊ နေ့စဉ်နာရီဝက်မှ တစ်နာရီ အားကစားအပြေး၊ လမ်းလျှောက်၊ ရွရွပြေး၊ စက်ဘီးစီး၊ ရေကူးပြုသင့်ပါတယ်။ အိပ်ချိန် (၆-၈) နာရီ အိပ်ရေးဝသင့်ပါတယ်။ တစ်ကိုယ်ရေသန့်ရှင်းရေး ဂရုစိုက်ပြီး ကာကွယ်သင့်ပါတယ်။
ကိုဗစ်တစ်ကိုယ်ရေသုံး စစ်ဆေးကိရိယာဟာ သင့်တော်တဲ့ ဆေးကုသမှုကို အချိန်မှန်ခံယူနိုင်အောင် ကူညီဆုံးဖြတ်ပေးပါတယ်။ ကိုဗစ် အတည်ပြုမှုနဲ့ အခြားရောဂါများအတည်ပြုမှု၊ ကုသမှုအတွက်ရည် ရွယ်တာမဟုတ်ဘူး။ အိုမီခရွန်ရှေ့မှာ အယ်ဖာ၊ ဘီတာ၊ ဂမ်မာ၊ လမ်ဘဒါ၊ မြူ၊ ဒယ်တာ၊ အသစ် (မြူ) နဲ့ ဇီတို့ကျော်ကာ အိုမီခရွန်လို့ ပြောင်းလဲခေါ်ဝေါ်ခဲ့ပါတယ်။ အိုမီခရွန်မှာ ပရိုတိန်းဆူးချွန် ၃၂ ချောင်းပါဝင်လို့ ဗီဇပြောင်းထားတဲ့နေရာ ၅၀ လောက်တွေ့ရကာ ကူးစက်တာ လျင်မြန်စေပါတယ်။
ဒယ်တာနဲ့ဆိုရင်ကူးစက်နှုန်း (၂၀-၂၀၀) ဆပိုမြန်ပါတယ်။ ကမ္ဘာ့ ဆင်းရဲချမ်းသာ နိုင်ငံများကြားကိုဗစ် ကာကွယ်ဆေးရရှိမှု မညီမျှတာကြောင့် အိုမီခရွန်လိုမျိုးကွဲတွေ ရှိလာဦးမှာ ဖြစ်ပါတယ်။ ကာကွယ်ဆေး သုံးကြိမ်ထိုးပြီးတဲ့ ဗြိတိန်၊ အမေရိကန်၊ အစ္စရေး၊ စင်ကာပူတို့ ရှိသလို ချီလီ၊အစ္စရေးနဲ့ထိုင်းမှာ ကာ ကွယ်ဆေးလေးကြိမ် ထိုးပြီးပါပြီ။
အိုမီခရွန်ရောဂါ ကူးစက်ရင် ဖျားခြင်း၊ လည်ချောင်းနာခြင်း၊ ချောင်းဆိုးခြင်း၊ နှာရည်ယိုခြင်း၊ ခေါင်းကိုက်ခြင်း၊ ကိုယ်လက်မအီမသာဖြစ်ခြင်း၊ နုန်းခွေနေခြင်း၊ အစာမစားချင်ခြင်း၊ အိပ်မပျော်ခြင်း၊ တစ်ကိုယ်လုံး ကိုက်ခဲခြင်းတို့ ဖြစ်နိုင်ပါတယ်။ ပြည်သူတွေက ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ်ရထားလို့ အကြောက်အလန့် မရှိတော့တာပါ ဝင်တယ်။ မျိုးဗီဇပြောင်းရခြင်းက ၎င်းတို့မှာ ပရိုတိန်းဆူးချွန် ၃၀ ကျော် ပါဝင်တာအကြိမ် ၅၀ လောက် မျိုး ဗီဇပြောင်းလဲနိုင်ပါတယ်။ မျိုးစိတ် (B.1.1.529) ဖြစ်ပါတယ်။ ကိုယ်ခံအား ဆဲလ်တွေကို အကောင်းဆုံး ရှောင်တိမ်းနိုင်စွမ်း ရှိပါတယ်။
အိုမီခရွန်က ကိုဗစ်စတုတ္ထလှိုင်းဖြစ်လာဖို့ လိုပါသေးတယ်။ ဒယ်တာတုန်းကလို တတိယလှိုင်း မဖြစ်နိုင်သေးပါ။ ကူးစက်မှုတွေမှာ ကလေးငယ်နဲ့ အသက်၂၀ ကျော် တွေပါဝင်ပါတယ်။ ကာကွယ်ဆေး မထိုးနှံသူတွေမှာ ရောဂါလက္ခဏာ ပြင်းထန်စွာ ခံစားရကာ အောက်ဆီဂျင်ရှူခြင်း၊ ဆေးရုံတက်ရခြင်းနဲ့ သေဆုံးခြင်းရှိနိုင်ပါတယ်။
တောင်အာဖရိကမှာ ၂၆ ရာခိုင်နှုန်း ကာကွယ်ဆေးထိုးနှံပြီးချိန်မှာ အိုမီခရွန် မျိုးဗီဇသစ် တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ အိုမီခရွန်အပေါ် ကာကွယ်ဆေးသက်ရောက်မှု ရှိသလား ပြောရရင် ကာကွယ်ဆေး နှစ်ကြိမ် ထိုးပြီးရင် ခုခံနိုင်စွမ်း ၈၀ ရာခိုင်နှုန်းရှိပါတယ်။ ဆိုင်နိုဖမ်းရဲ့ ကိုဗစ် ကာကွယ်ဆေးနှစ်လုံးနဲ့ ထပ်ဆင့်မြှင့် ကာကွယ်ဆေးတစ်လုံး ထိုးနှံမှုရတဲ့ ပဋိပစ္စည်းဟာ ခြောက်လအကြာမှာ သိသိသာသာ လျော့ကျခဲ့ပြီး ထပ်တိုး စတုတ္ထကာကွယ်ဆေးကလည်း အိုမီခရွန်မျိုးကွဲကို ကာကွယ်နိုင်ဖို့ သိသိသာသာ ကိုယ်ခံအားမြှင့်တင် ပေးနိုင်ခြင်းမရှိကြောင်း တရုတ်လေ့လာမှုတစ်ခုက ဆိုပါတယ်။ အိန္ဒိယထုတ် ကိုဗက်၊ ကိုဗစ်ရှီး၊ ရုရှား ထုတ် စပွန်းနစ်တို့က အိုမီခရွန်တွန်းလှန်နိုင်မှာဖြစ်ပါတယ်။ ဖိုင်ဇာကုမ္ပဏီက ရက်ပေါင်း ၁၀၀ အတွင်း အိုမီခရွန် ကာကွယ်ဆေး ထုတ်လုပ်သွားမယ် ဆိုထားသလို မိုဒါနာကုမ္ပဏီက လည်း ၂၀၂၂ မတ်လအတွင်း ကာ ကွယ်ဆေး ထုတ်လုပ်ဖြန့်ချိသွားမယ် ဆိုပါတယ်။ ဖိုင်ဇာက အသက် ခြောက်လမှ ၁၁ နှစ်ကြားကလေးငယ်များ အိုမီခရွန်ကာကွယ်ဆေးထိုးနှံဖို့၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးထံ တင်ပြထားပြီး ခွင့်ပြုရင် ဖေဖော်ဝါရီလကုန်မှာ စတင်ထိုးနှံသွားမယ်ဆိုတယ်။
အိုမီခရွန်မျိုးကွဲ နှစ်မျိုးရှိလာပြီး ဒိန်းမတ်နိုင်ငံမှာ (BA.2) ရှိကာ (BA.1) နဲ့နှိုင်းယှဉ်လာတယ်။ နိုင်ငံ အများအပြားက ရယူထားတဲ့ နမူနာများအခြေခံကာ ပြင်းထန်မှုအခြေအနေ ကွဲပြားမှုမတွေ့ရှိသေးကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးတန်းတာဝန်ရှိသူ မာရီယာဗန်ကာကော့ဖ်က ဖေဖော်ဝါရီ ၂၂ ရက်က ဆိုပါတယ်။ ကနဦးရရှိထားတဲ့ရလဒ်အရ (BA.2)မျိုးကွဲအသစ်ဟာ (BA.1)ထက်ပိုမို ကူးစက်မြန်ဖွယ်ရှိကြောင်း သိထားပြီး နောက်ထပ်သုတေသန အများအပြား လုပ်ဆောင်နေကြောင်း (WHO) ကထုတ်ပြန်ပါတယ်။ တစ်ပတ်အတွင်း ကမ္ဘာပေါ်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ အသစ် ၁၂ သန်းကျော်ရှိကြောင်း (WHO) ရဲ့အပတ်စဉ်ရောဂါ အစီ ရင်ခံစာအရ ဆိုပါတယ်။ ကိုဗစ်ကြောင့် သေဆုံးသူအသစ် ကမ္ဘာတစ်ဝန်း ၆၇၀၀၀ ခန့်ရှိပြီး ရှစ်ရာခိုင်နှုန်း လျော့ကျခဲ့ကြောင်း ဇန်နဝါရီ အစောပိုင်းကတည်းက သီတင်းပတ်အလိုက် ကိုဗစ်ကြောင့် သေဆုံးမှု ကျဆင်းတာ ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရပါတယ်။
၂၀၂၂ ခုနှစ်မတ် ၂ ရက်အထိ တစ်ကမ္ဘာလုံးကိုဗစ်လူနာပေါင်း ၄၄၀ သန်းရှိခဲ့ပြီး ရောဂါကြောင့် သေဆုံးသူ ၅ ဒသမ ၉ သန်း ရှိခဲ့ပြီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ကိုဗစ် ဖြစ်ပွားသူ ၅၉၂၁၃၉ ဦး၊ ကိုဗစ်ကြောင့် သေဆုံးသူ ၁၉၃၇၅ ဦးရှိ ခဲ့ပြီဖြစ်ပါတယ်။ အိုမီခရွန်ကြောင့် အချို့ကျောင်းတွေတစ်ပတ်နားတာ၊ ရုံးတွေတစ်ပတ်နားတာ၊ စက်ရုံတွေ တစ်ပတ်နားတာ၊ တစ်ဝက်တက်၊ တစ်ဝက်နားစနစ် ကျင့်သုံးတာ၊ ပိုးတွေ့ရှိသူများ ကျူဝင်၊ ကုသမှုပေးတာ၊ ထပ်ဆင့်မြှင့် ကာကွယ်ဆေးကို အသက် ၅၀ ကျော်တွေမှာ ထိုးနှံပေးတာ၊ ကိုဗစ်ကာကွယ်ဆေးထိုးမှု အစီအစဉ်မြှင့်တင်တာတို့လုပ်ဆောင်နေပါတယ်။ ကိုဗစ်ကြောင့် အားယူနေတဲ့ အသေးစားနဲ့အလတ်စားလုပ်ငန်းတွေ၊ ကူးသန်းရောင်းဝယ်ရေးနဲ့ စီးပွားရေးလုပ်ငန်း၊ လမ်းပန်းဆက်သွယ်ရေး လုပ်ငန်းနဲ့ဟိုတယ် နဲ့ ခရီးသွားလုပ်ငန်းတွေဟာ ဖွင့်လှစ်ကာစမှာပင် ပြန်လည်လော့ဒေါင်းချရမယ့်အထဲ ပါဝင်နေပါတယ်။










