ကုန်ကြမ်းရှားပါးမှုနှင့် လျှပ်စစ်မီးပြတ်တောက်မှုများအကြား ဆက်တိုက်ကျဆင်းလာသည့် မြန်မာ့ကုန်ထုတ်လုပ်ငန်းများ

ကုန်ကြမ်းရှားပါးမှုနှင့် လျှပ်စစ်မီးပြတ်တောက်မှုများအကြား ဆက်တိုက်ကျဆင်းလာသည့် မြန်မာ့ကုန်ထုတ်လုပ်ငန်းများ
 ရန်ကုန်မြို့ စက်မှုဇုန်တစ်ခုရှိ အထည်ချုပ်လုပ်ငန်းခွင်တစ်ခုကို ကိုဗစ်ကာလမတိုင်မီက တွေ့ရစဉ်
 ရန်ကုန်မြို့ စက်မှုဇုန်တစ်ခုရှိ အထည်ချုပ်လုပ်ငန်းခွင်တစ်ခုကို ကိုဗစ်ကာလမတိုင်မီက တွေ့ရစဉ်
Published 6 March 2022
နီလာ

မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ထုတ်လုပ်မှုအခြေအနေများမှာ ဖေဖော်ဝါရီလတွင် ပိုမြန်သည့်နှုန်းဖြင့် ဆုတ်ယုတ်လာနေကြောင်း၊ ကုန်ကြမ်းများရှားပါးလျက် လျှပ်စစ်မီးပြတ်တောက်မှုများအကြားတွင် လက်ကျန်အလုပ်များ စံချိန်တင်မြင့်တက်လာခြင်း၊ ကုန်ကျစရိတ်များနှင့် ရောင်းစျေးများ၏ ငွေကြေးဖောင်းပွမှု တစ်ဟုန်ထိုုးအရှိန် မြင့်လာခြင်း စသည်တို့ကို အဓိက တွေ့ရှိရကြောင်း ၂၀၂၂ ခုနှစ် ဖေ ဖော်ဝါရီလအတွက် ထုတ်ပြန်သော နစ်ကေးမြန်မာ့စက်မှုကုန်ထုတ်လုပ်ငန်း PMI အညွှန်းကိန်း (Manufacturing Purchasing Manager’s Index- ဝယ်ယူရေးမန်နေဂျာများ၏ အညွှန်းကိန်း) အရ သိရသည်။

 

အာဆီယံ ကုန်ထုတ်လုပ်မှု

အာဆီယံကုန်ထုတ်လုပ်သူ တို့သည် နောက်ဆုံးရ  IHS Markit ဝယ်ယူရေးမန်နေဂျာများ၏အညွှန်းကိန်း (PMI) ဒေတာအရ ဖေဖော်ဝါရီလတွင် လုပ်ငန်းအခြေအနေများ အခိုင်အမာ တိုးတက်လာခဲ့ကြောင်း မှတ်တမ်းတင်ခဲ့ကြကြောင်း Nikkei ၏ ပံ့ပိုးမှုဖြင့် ပြုလုပ်သော ဖေဖော်ဝါရီလ IHS Markit စစ်တမ်းတွင် ဖော်ပြချက်အရ သိရသည်။

“အာဆီယံနိုင်ငံအတွင်း ကုန်ထုတ်လုပ်ရေးအခြေအနေများမှာ ဖေဖော်ဝါရီလတွင် ခိုင်ခိုင်မာမာ တိုးတက်လာခဲ့ပြီး လွန်ခဲ့တဲ့အောက်တိုဘာလမှစ၍ အလုပ်သစ်အမြန်ဆုံးဦးမော့မှုအကြားတွင် ထုတ်လုပ်မှုမှာ အခိုင်အမာထပ်တိုးလာခဲ့လျက် PMI မှာ စံချိန်တင်အမြင့်ဆုံး ဖြစ်လျက်ရှိပါတယ်”ဟု IHS Markit မှ စီးပွားရေးပညာရှင် Lewis Cooper က ပြောကြားခဲ့သည်။

အော်ဒါမှာယူမှုပမာဏများ လွန်ခဲ့သည့်နှစ် အောက်တိုဘာလ မှစပြီး အမြန်ဆုံးအရှိန်ဖြင့် မြင့်တက်လာကာ အကျိုးဆက်အနေဖြင့် စက်ရုံထုတ်လုပ်မှု အခိုင်အမာတိုး ချဲ့လာကာ ဝယ်လိုအားအခြေအနေများမှာ ဆက်လက်ဦးမော့လာခဲ့သည်။

တစ်ချိန်တည်းမှာပင် ငွေကြေးဖောင်းပွမှု ဖိအားပေးမှုများ ဆက်လက်မြင့်တက်လျက်ရှိနေခဲ့သည်။ သွင်းကုန်စရိတ်များမှာ ငါးလခန့် အနှေးဆုံးနှုန်းနှင့် ရှိနေခဲ့သော်လည်း တစ်ဟုန်ထိုးတက်လာသဖြင့် ထုတ် လုပ်သူတို့က ၎င်းတို့၏ရောင်းစျေးများကို စံချိန်တင်အများဆုံးနှုန်းဖြင့် တိုးမြှင့်ခဲ့ကြသည်။

“စောင့်ကြည့်လေ့လာနေတဲ့ အာဆီယံနိုင်ငံ ခုနစ်နိုင်ငံအနက် ခြောက်နိုင်ငံတို့က ဖေဖော်ဝါရီလတွင် ကုန်ထုတ်လုပ်မှုအခြေအနေ ပိုကောင်းလာကြောင်း မှတ်တမ်းတင်ခဲ့ပြီး စင်ကာပူနဲ့ ဗီယက်နမ်တို့က  ထိပ်ဆုံးမှ ဦးဆောင်နေလျက် ကုန်ထုတ်လုပ်မှု ဦးမော့လာမှုမှာ မြန်မာနိုင်ငံမှတစ်ပါး ကျယ်ပြန့်သည့်သဘောကို ဆောင်ခဲ့ပါတယ်”ဟု စီးပွားရေးပညာရှင် Lewis Cooper က ဆိုသည်။

ဖေဖော်ဝါရီလတွင် အာဆီယံ အဖွဲ့ဝင်နိုင်ငံ ခုနစ်နိုင်ငံအနက် ခြောက်နိုင်ငံမှာ ကုန်ထုတ်လုပ်ရေး အခြေအနေများ ပိုကောင်းလာခဲ့သည်။ စင်ကာပူနိုင်ငံသည် ဖေဖော်ဝါရီလတွင် အမြင့်ဆုံး အဓိကအကျဆုံး အညွှန်းကိန်းကို ၅၈ ဒသမ ၃ ဖြင့် သုံံးလဆက်တိုက် မှတ်တမ်းတင်လိုက်ခြင်းဖြင့် ကုန်ထုတ်လုုပ်ရေး ကဏ္ဍအခြေအနေများ မှတ်တမ်းထဲတွင် အမြင့်ဆုံးဦးမော့လာနေခြင်းကို အချက်ပြနေသည်။

ဒုတိယနေရာတွင် ဗီယက်နမ် ရှိနေခဲ့ပြီး ပြီးခဲ့သည့်ဧပြီလမှစ၍ လုပ်ငန်းအခြေအနေများ အမြန်ဆုံးနှုန်းနှင့် အခိုင်အမာ တိုးတက်လာခဲ့ ခြင်းဖြစ်သည်။

အခြားနိုင်ငံများအနက် ဖိလစ်ပိုင်နိုင်ငံသည် ၂၀၂၂ ခုနှစ် ပထမ သုံးလပတ်အလယ်ပိုင်းတွင် ကုန်ထုတ်လုပ်မှု တိုးမြှင့်ထုတ်လုပ်နိုင်သည့် နယ်ပယ်သို့ ပြန်လည်ရောက်လာကြောင်း မှတ်တမ်းတင်ခဲ့သည်။

ထိုင်းနိုင်ငံတွင်လည်း တိုးတက်မှုအရှိန်ရလာခဲ့ပြီး အဓိကအကျဆုံး PMI အညွှန်းကိန်းမှာ စစ်တမ်းတစ်လျှောက် အမြင့်ဆုံးနေရာသစ် ၅၂ ဒသမ ၅ သို့တက်သွားပြီး အဘက်ဘက်မှ အားကောင်းလာသည့်ဦးမော့မှုကို အချက်ပြနေသည်။

ယင်းအတောအတွင်း မလေးရှားနိုင်ငံပါ ဖေဖော်ဝါရီလတွင် တိုးတက်မှုအရှိန်ရလာမှုကို မြင်တွေ့ရသော်လည်း အဓိကအကျဆုံး PMI အညွှန်းကိန်း ၅၀ ဒသမ ၉ တွင်ရှိနေခြင်းက  ခြုံကြည့်လျှင် အခြေအနေများ အသင့်အတင့်တိုးတက်မှုကို ညွှန်ပြနေသည်။

အင်ဒိုနီးရှားနိုင်ငံသည် ဖေဖော်ဝါရီလအတွင်း ကုန်ထုတ်လုပ်မှု အခြေအနေများ ပိုနှေးသည့်နှုန်း ဖြင့် တိုးတက်မှုကို မှတ်တမ်းတင်ထားရသည့် တစ်ခုတည်းသောနိုင်ငံ ဖြစ်သည်။

ဖေဖော်ဝါရီလ၏ အစဉ်နှင့် ပြောင်းပြန်ဖြစ်လျက် မြန်မာနိုင်ငံ၏ ကုန်စည်ထုတ်လုပ်ရေးကဏ္ဍမှာ  ကျဆင်းမှုနယ်ပယ်ထဲတွင် ဆက်လက်ရှိနေခဲ့သည်။ထို့ပြင် PMI သည် သုံးလအတွင်း အနိမ့်ဆုံး ၄၇ ဒသမ ၃ သို့ ထိုးကျသွားပြီး ခိုင်မာသည့်ကျဆင်းမှုနှုန်းကို ဖော်ပြနေသည်။

ခြုံငုံသုံးသပ်ကြည့်ပါက အာဆီယံ ကုန်ထုတ်လုပ်ရေးကဏ္ဍသည်  ဖေဖော်ဝါရီလတွင် အားကောင်းသော စွမ်းဆောင်မှုကို မှတ်တမ်းတင်လိုက်ပြီး ထုတ်လုပ်မှုအခိုင်အမာတိုးလာခဲ့ကြောင်း၊ အလုပ်အသစ်များမှာ လွန်ခဲ့သည့်အောက်တိုဘာလမှစပြီး အမြန်ဆုံးနှုန်းဖြင့် တိုးရလာခဲ့ပြီး နိုင်ငံခြားမှ ဝယ်လိုအား ပိုအား ကောင်းလာခဲ့ကြောင်း၊ ရလဒ်အနေဖြင့် ကုမ္ပဏီကြီးများက ဖေဖော်ဝါရီလတွင် ၎င်းတို့၏ ဝယ်ယူရေးလှုပ် ရှားမှုကို ဆက်လက်အရှိန်မြှင့်ခဲ့ကြကြောင်း၊ တိုးတက်မှုနှုန်းမှာမူ လက်ရှိ ငါးလကြာအစဉ်ထဲတွင် အားအ နည်းဆုံးဖြစ်ခဲ့သော်လည်း သင့်တင့်သည့်နှုန်းအဖြစ် ရပ်တည်နေဆဲဖြစ်ကြောင်း ဖော်ပြထားသည်။

 

၁၈ လဆက်လိုက် ကျဆင်းနေဆဲ မြန်မာ့ကုန်ထုတ်လုပ်မှု

နိုင်ငံရေးမတည်ငြိမ်မှုများ၊ ကုန်ကြမ်းရှားပါးမှုများနှင့် ကိုဗစ်- ၁၉ တို့က ထုတ်လုပ်မှုနှင့်ဝယ်လိုအားအပေါ် ဖိစီးလာခဲ့ကြပြီး ယခုလအတွင်း နှစ်ခုစလုံး ပိုမြန်သည့် နှုန်းဖြင့် ကျဆင်းသွားကြောင်း ၂၀၂၂ ခု နှစ် ဖေဖော်ဝါရီလအတွက် ထုတ်ပြန်သော နစ်ကေးမြန်မာ့စက်မှုကုန်ထုတ်လုပ်ငန်း PMI အညွှန်းကိန်း (Manufacturing Purchasing Manager’s Index- ဝယ်ယူရေးမန်နေဂျာများ၏ အညွှန်းကိန်း)အရ သိရသည်။

ကုမ္ပဏီများက ဝယ်ယူမှုများကို လျှော့ချလာခဲ့စဉ် လက်ကျန်အလုပ်များမှာမူ စစ်တမ်းတွင် စံချိန်တင်နှုန်းဖြင့် မြင့်တက်လာခဲ့သည်။          

တစ်ချိန်တည်းတွင် ဒေါ်လာ-ကျပ် ငွေလဲလှယ်မှုနှုန်း ဆိုးလာခြင်း၊ ပို့ဆောင်ခနှုန်းများ မြင့်လာပြီး ကုန် ကြမ်းစျေးနှုန်းများ ကြီးမြင့်လာခြင်းကြောင့် ထည့်ကုန်များနှင့် ရောင်းစျေးများ နှစ်မျိုးစလုံး၏ငွေကြေး ဖောင်းပွမှုမှာ လေးလအတွင်း အမြင့်ဆုံးသို့ တစ်ရှိန်ထိုး တက်သွားခဲ့သည်။

“ဖေဖော်ဝါရီဒေတာက အကျဘက်မှာ ရုန်းကန်နေရတဲ့ မြန်မာနိုင်ငံက ကုမ္ပဏီတွေအတွက် တွေ့မြင်နေကျ ကားချပ်ပုံကို ဖော်ပြနေပါတယ်။ ထုတ်လုပ်မှု၊ အော်ဒါအသစ်တွေနဲ့  ဝယ်ယူရေးလုပ်ငန်းတွေ ပိုမို လျင်မြန်စွာ ကျဆင်းလာချိန်မှာ လက်ကျန်အလုပ်တွေ စံချိန်တင်အရှိန်အဟုန်နဲ့ မြင့်တက်လာခဲ့တယ်။ စီးပွားရေးလုပ်ငန်းတွေအပေါ် ဖိစီး နေကြတဲ့အချက်တွေအဖြစ် နိုင်ငံရေး မတည်ငြိမ်မှုတွေ၊ ဓာတ်အား ပြတ်တောက်မှုတွေ၊ ကူးစက်မြန် ကပ်ဘေးနဲ့ ကုန်ကြမ်းရှားပါးမှုကို ထပ်ပြီး အစီရင်ခံညွှန်ပြခဲ့ကြပြန်ပါ တယ်”ဟု IHS Markit မှ စီးပွားရေးပညာရှင် Shreeya Patel က ပြောကြားခဲ့သည်။

အပြုသဘောဆောင်သည့် အချက်အဖြစ် ကုမ္ပဏီများက လာမည့် တစ်နှစ်အတွင်း ၎င်းတို့၏ထုတ်လုပ် မှုပမာဏများ တိုးလာမည်ဟု အပြုသဘောမြင်နေခြင်းကို ထောက်ပြနိုင်သည်။ ဝန်ထမ်းငှားရမ်းမှုပါ မြင့် တက်လာရာ ဦးရေမှာ သုံးလဆက် တိုက်မြင့်တက်လာခဲ့သည်။

အဓိကအကျဆုံး IHS Markit မြန်မာထုတ်လုပ်မှု PMI အညွှန်းကိန်း-ထုတ်လုပ်မှု လုပ်ကိုင်နိုင်စွမ်းကို ဖော်ပြပေးသည့် တစ်ခုတည်းသော ကိန်းဂဏန်းကို ဖေဖော်ဝါရီလတွင်၄၇ ဒသမ ၃၌ မှတ်တမ်း တင်ခဲ့ရာ  ဇန်နဝါရီလ၏ ၄၈ ဒသမ ၅ ထက် နိမ့်နေ ပြီး ၁၈ လဆက်တိုက် အပြောင်းအလဲမရှိ အမှတ် ၅၀ အောက်သာ ရှိနေသည်။      

စစ်တမ်းတွင် ပါဝင်ဖြေကြားသူတို့၏ သုံးသပ်ချက်များက နိုင်ငံရေးအပြောင်းအလဲ၊ ကိုဗစ်-၁၉၊ လျှပ်စစ်ပြတ်တောက်မှုများနှင့် နိုင်ငံတကာပစ္စည်းပေးသွင်းမှု ပြတ်တောက်လာခြင်း၏ အကျိုးဆက်များကို မီးမောင်းထိုးပြနေကြသည်။

အလားတူပင် အော်ဒါအသစ်များမှာ ပိုမြန်ဆန်စွာ ကျဆင်းလာခဲ့လျက် ကျဆင်းမှုအစဉ်ကို ၁၈ လသို့ ဆွဲဆန့်ပေးလိုက်သည်။ အစီရင်ခံစာ အများအပြား၌ ဖောက်သည်များထံတွင် ငွေသားပြတ်တောက်မှုများနှင့် ဘဏ္ဍာရေးအခက်အခဲများရှိနေခြင်းကို ဖော်ပြထားသည်။

ဝယ်လိုအားအခြေအနေများ  ဆုတ်ယုတ်လာနေပြီး စျေးနှုန်းများမှာ သမိုင်းတွင် အမြင့်ဆုံးနှုန်းဖြင့် မြင့်တက်လာနေချိန်၌ ကုမ္ပဏီများသည် ၎င်းတို့၏ ဝယ်ယူမှုများကို ဖေဖော်ဝါရီလတွင် ပြန်လျှော့ချခဲ့ကြရသည်။

ဝယ်ယူမှု အားနည်းမှုက လျှပ်စစ်မီးပြတ်တောက်မှုများနှင့်ပေါင်းမိခြင်းကြောင့် မပြီးဘဲ ကျန်ရစ်ခဲ့ သည့်အလုပ်များမှာ စစ်တမ်း၏ ခြောက်နှစ်တာ သမိုင်းတွင် အများဆုံးနှုန်းဖြင့် မြင့်တက်လာစေခဲ့သည်။ လက်ကျန်အလုပ်များ သမိုင်းဝင်စံချိန်တင်နှုန်းဖြင့် မြင့်တက်လာခဲ့သည်မှာ သုံးလဆက်တိုက်ဖြစ်သည်။

ကုန်ကျစရိတ်များ၏ ဝန်ထုပ်ဝန်ပိုးများမှာ ဖေဖော်ဝါရီလတွင် ကုန်ကြမ်းစျေးနှုန်းများနှင့် ပို့ဆောင်ခနှုန်းများ မြင့်တက်လာမှုနှင့်အတူ  တစ်ဟုန်ထိုး မြင့်မားလာခဲ့သည်။

ထို့ပြင် ဒေါ်လာ-ကျပ်ငွေလဲ လှယ်နှုန်း ဆိုးရွားလာခြင်းကိုပါ အစီရင်ခံစာများထဲတွင် ကျယ်ပြန့်စွာ ထောက်ပြခဲ့ကြသည်။ မြင့်တက်လာသည့် ကုန်ကျစရိတ်များကို စျေးဝယ်များအပေါ်သို့ လွှဲချခဲ့ကြရာ ထည့် ကုန်စျေးနှုန်းများအတွက်ရော ရောင်းစျေးများအတွက်ပါ ငွေကြေး ဖောင်းပွမှုမှာ လေးလအတွင်း အ မြင့်ဆုံးသို့ မြင့်တက်သွားခဲ့သည်။

“ငွေကြေးလဲလှယ်မှုနှုန်း ဆိုးရွားလာပြီး ပစ္စည်းပေးသွင်းမှုဆိုင်ရာ ပြဿနာတွေကြောင့် ငွေကြေးဖောင်းပွမှု ဖိအားပေးမှုက ဖေဖော်ဝါရီလမှာ စိုးရိမ်ဖွယ်ရာ အရှိန်မြင့်လာခဲ့တယ်။ တစ်ချိန်တည်းမှာ သုံးစွဲသူများအကြား ငွေသားပြတ်တောက်မှုများနဲ့ ငွေရေးကြေးရေးစိုးရိမ်မှုတွေ ရှိနေခြင်းကြောင့် ပြည်တွင်းစျေးကွက်ထဲက ရောင်းချမှုတွေ နှေးလာခဲ့ရပါတယ်”ဟု စီးပွားရေးပညာရှင် Shreeya Patel က ဆိုသည်။

နောက်ဆုံးအနေဖြင့် ကုမ္ပဏီများသည် လာမည့် ၁၂ လကာလအတွင်း ထုတ်လုပ်မှုတိုးလာမည်ဟု ယုံ ကြည်နေကြကြောင်း၊ သို့သော်လည်း နိုင်ငံရေးမတည်ငြိမ်မှုများ၊ ကူးစက်မြန်ကပ်ဘေးနှင့် ငွေကြေး ဖောင်းပွမှု ဖိအားပေးမှုများက ယုံကြည်မှုအပေါ်သို့ ဖိစီးနေကြသောကြောင့် အကောင်းမြင်မှုမှာ အားနည်းလာကြောင်း ဖော်ပြထားသည်။

“ထုတ်လုပ်ရေးကဏ္ဍဟာ လွန်ခဲ့တဲ့တစ်နှစ်ခွဲအတွင်းမှာ ပြင်းထန်စွာထိုးနှက်ခံခဲ့ရသော်လည်း ကျဆင်းမှုနှုန်းမှာ နောက်ဆုံးလအနည်းငယ်အတွင်း အနည်းငယ် တည်ငြိမ်လာခဲ့ပါတယ်။ ကုမ္ပဏီများက ထုတ် လုပ်မှုတိုးတက်နိုင်ဖို့ ဆက်လက် မျှော်လင့်နေကြသော်လည်း ပြည်တွင်းအခြေအနေတွေ တိုးတက်လာမှသာ ထုတ်လုပ်မှုတွေ တိုးတက်ဖို့ ဖြစ်လာနိုင်ပါမယ်ဟု စီးပွားရေးပညာရှင် Shreeya Patel က သုံးသပ် ပြောကြား ခဲ့သည်။