‘ပြည်သူ့စေကျွန်’ ဗိုလ်ိုဒီမာ ဇယ်လန်းစကီး

‘ပြည်သူ့စေကျွန်’ ဗိုလ်ိုဒီမာ ဇယ်လန်းစကီး
မတ် ၄ ရက်တွင် သမ္မတရုံး ပုံနှိပ်ဌာနက ထုတ်ပြန်သည့် ဗီဒီယိုမှ ဖမ်းယူထားသောပုံတွင် နိုင်ငံတော်သို့ မိန့်ခွန်းပြောနေသည့် ဇယ်လန်းစကီးကို တွေ့ရစဉ် (Photo : AFP)
မတ် ၄ ရက်တွင် သမ္မတရုံး ပုံနှိပ်ဌာနက ထုတ်ပြန်သည့် ဗီဒီယိုမှ ဖမ်းယူထားသောပုံတွင် နိုင်ငံတော်သို့ မိန့်ခွန်းပြောနေသည့် ဇယ်လန်းစကီးကို တွေ့ရစဉ် (Photo : AFP)
Published 6 March 2022
မိုးဧအောင်

ရုရှားသမ္မတ ဗလာဒီမာပူတင်၏ ကျူးကျော်တပ်ဖွဲ့များ ယူကရိန်းသို့ ဝင်ရောက်လာခဲ့သည့် ရက်များအတွင်း သမ္မတ ဗိုလိုဒီမာဇယ်လန်းစကီးသည် ယူကရိန်းခံစစ်စည်း၏ အထင်ကရရုပ်ပုံလွှာ ဖြစ်လာသည်။ တကယ်တော့ မစ္စတာ ဇယ်လန်းစကီးသည် အရိုးအစဉ် နိုင်ငံရေးအတွေ့အကြုံ များများစားစားမရှိဘဲ အာဏာနယ်ပယ်တွင်း ချင်းနင်းဝင်ရောက်ခဲ့သူ ဖြစ်သည်။ ရွေးကောက်တင်မြှောက်ခြင်း မခံရမီက သူသည် “ကျောင်းဆရာအဖြစ်မှသည် မျှော်လင့်မထားဘဲ အာဏာအသိုင်းအဝိုင်းသို့ တွန်းပို့ရောက်ရှိခဲ့သူအဖြစ်”သရုပ်ဆောင်ခဲ့ရသော ရုပ်သံစတားတစ်ဦးအဖြစ် ဟိုးဟိုးကျော်ခဲ့သည်။ လေးနှစ်တာ အပိုင်းအလိုက်ပြသခဲ့သော ‘ပြည်သူ့စေကျွန်’ (Servant of the People) အမည်ရ ထိုရုပ်သံဇာတ်လမ်းက သူ့အတွက် ဧရာမအမှတ်တံဆိပ် ခတ်နှိပ်ပေးလိုက်လေသည်။

ရုရှားတို့ စတင်ထိုးစစ်ဆင်ခဲ့သော ၂၀၂၂ ခု၊ ဖေဖော်ဝါရီ ၂၄ ရက်မှအစပြု၍ မစ္စတာ ဇယ်လန်းစကီးသည် ကမ္ဘာကြီး၏ ပုံရိပ်တစ်ခုအဖြစ် ပရိသတ်နှလုံးကို သိမ်းကျုံးယူငင်ထားသည်။ ဗီဒီယိုများ၌ ထွက်ပေါ်လာသော သူ့ပုံကိုကြည့်လိုက်ပါက ကိယက်ဗ်မြို့လယ် အခြေပြုစခန်းမှ ကျည်ကာလက်ပြတ်အကျႌကို        မကြာခဏဆိုသလို ဝတ်ဆင်လျက် ပြည်သူများသို့ ခုခံတွန်းလှန်ရန် အားပေးနေပုံကို တယ်လီဂရမ်၊ Facebook နှင့် အင်စတာဂရမ် လူမှုကွန်ရက်များတွင် တွေ့နိုင်သည်။ ကျန်အချိန်များတွင် အနောက်အုပ်စု၏ အထင်ကရ ခေါင်းဆောင်များ ဖြစ်သော အမေရိကန်သမ္မတ ဘိုင်ဒင်၊ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်၊ ပြင်သစ်သမ္မတ အီမန်နျူယယ်မက်ခရွန်တို့ကို ရုရှား ပစ်ခတ်လိုက်သော ဒုံးကျည်များသည် အကြမ်းဖက်မှုသာ ဖြစ်ကြောင်း ရှင်းပြကာ မစ္စတာပူတင်အပေါ် ပိတ်ဆို့ ကန့်သတ်မှုဆန်ရှင်များ တစ်ဆင့်ထက်တစ်ဆင့် တိုးမြှင့်ပြဋ္ဌာန်းသွားရန် အာပေါင်အာရင်းသန်သန် အချိန်ယူကာ ရှင်းပြနေတတ်သည်။

ရုရှားတို့၏ ကြမ်းတမ်းရက်စက်သော တိုက်ခိုက်မှုများ အရှိန်မြင့်လာသည်နှင့်အမျှ အရပ်ဘက်ပစ်မှတ်များကို ပိုမိုချဲ့ထွင်ထိခိုက် လာစေသော လေကြောင်းမှ ပစ်လွှတ်လိုက်သည့် ဒုံးကျည်များသည် သူ့ကို ကရင်မလင်က အသေချေမှုန်းခြင်း သို့မဟုတ် အရှင်ဖမ်းရန် ကြံစည်နေခြင်းဖြစ်ကြောင်း မစ္စတာ ဇယ်လန်းစကီးက သဘောပေါက်သည်။ သို့သော် သူကိုယ်တိုင်ရော၊ သူ့မိသားစုပါ ဖွတ်ဖွတ်ညက်ညက် ကြေနေသော သူ့တိုင်းပြည်ကို ထားရစ်စွန့်ခွာမည်မဟုတ်ကြောင်း မပြောင်းလဲသည့်ရည်မှန်းချက်ကို ကမ္ဘာသိ ပြောဆိုထားသည်။

၂၀၁၉ ခုနှစ် သမ္မတခရီးအစ

မစ္စတာ ဇယ်လန်းစကီးသည် သမ္မတအဖြစ် ၂၀၁၉ ခုနှစ်၌ ရွေးကောက် တင်မြှောက်ခြင်းခံခဲ့ရသည်။ သူ့အရင် သမ္မတ ပီထရို ပိုရိုရှင်ကို လက်ထက်က မရှင်းနိုင်သော ပြဿနာအများအပြားကို ဆက်ခံ ရှင်းလင်းရသည်။ အာဏာအဝန်းအဝိုင်းနှင့် အဟပ်ကွာသော ဇယ်လန်းစကီးအဖို့ အဂတိလိုက်စားမှုများကို ရှင်းလင်းရန်၊ မော်စကိုနှင့် စိတ်ချကောင်းမွန်သော လုံခြုံရေး ပြန်လည်တည်ဆောက်ရန်၊ ယခင်လူ၏ နိုင်ငံရေးဓလေ့ကို ပြောင်းပြန်လှန်ကာ ထူထောင်ရန် စိတ်အား ထက်သန်ခဲ့သည်။ အဆိုပါအချက်သည် သူသရုပ်ဆောင်ခဲ့သော ရုပ်သံဇာတ်ညွှန်းကို အခြေပြုခဲ့ပုံရပါသည်။ ဇာတ်လမ်းထဲမှ သာမန်လူတန်းစား ဇာတ်လိုက်မှာ တိုင်းပြည် အတွက် အရှုပ်များရှင်းပေးရန် ‘၀ိုင်းဝန်းတင်မြှောက်ခြင်း’ ခံရသဖြင့် သမ္မတ ဖြစ်လာရသော ဇာတ်လမ်းဖြစ် သည်။ အပြင်က လက်တွေ့ဘဝ ရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော သူ့ပါတီကိုပင် ဇာတ်လမ်းတွဲ အဆုံးသတ်ချိန်မှသာ အမည်ပေးခဲ့ရ၏။

ရုရှား၏ ကျူးကျော်မှုကို ရင်ဆိုင်ခြင်း

ယူကရိန်းနယ်စပ်အနီး ရုရှားတို့၏ တပ်အင်အားချထားမှုမှာ လပိုင်းအတွင်း တဖြည်းဖြည်း များလာခဲ့ရာမှ နောက်ဆုံးတွင် ၁၉၀,၀၀၀ ထိရောက်ရှိသွားခဲ့သည်။ တပ်များ စတင်ချထားချိန်က မစ္စတာ ဇယ်လန်းစကီးသည် သူ့အတွေးအမြင်အရ အေးအေးချမ်းချမ်းနှင့် ပြီးသွားမည့်ကိစ္စအဖြစ် သဘောထားခဲ့သည်။ အမေရိကန်တို့က သတိပေးခဲ့သော ‘သိမ်းပိုက်မှုအန္တရာယ် ကျရောက်လုဆဲဆဲ’ ဆိုသော အသုံးအနှုန်းသည် ချဲ့ကားရာရောက်ပြီး ယူကရိန်း၏ စီးပွားရေးကို ထိခိုက်စေကြောင်း ပြောကြားခဲ့သည်။ သူ့တွေးပုံအရ လွန်ခဲ့သော နွေဦးကာလက ရုရှားတို့အနေနှင့် ထိုသို့သော စစ်ရေးပြင်ဆင်မှုမျိုး ကြီးကြီးမားမား ဆောင်ရွက်ခဲ့သည့်တိုင် နောက်ဆုံးတစ်နေ့၌ ပြန်လည်ဆုတ်ခွာသွားသည်သာဖြစ်ကြောင်း ထောက်ပြခဲ့ သည်။

သို့သော် ဖေဖော်ဝါရီ ၂၄ ရက် ၌ ရုရှားတို့ ကိယက်ဗ်နှင့် အခြားယူကရိန်းမြို့ကြီးများကို စတင်ပစ်ခတ်ချိန်တွင် ယူကရိန်းကာကွယ်ရေးခံ စစ်စည်းမှာ သူ့ကို မဏ္ဍိုင်ပြုလာရသည်။ အနောက်အုပ်စုထံမှ အကူ အညီများကိုလည်း ရနိုင်သမျှ သူယူခဲ့သည်။ ရုရှားတို့၏ ၀ါဒဖြန့်ချိပုံအရ တိုင်းပြည်ထဲမှ သူထွက်ပြေးသွားပြီ ဟု သတင်း (မှား) များ တက်လာချိန်တွင် ကိယက်ဗ်ရှိ သမ္မတနန်းတော်ကို နောက်ခံထားလျက် သူ၏ အရှင် လတ်လတ် လှုပ်ရှားနေပုံကို ကိုယ်တိုင်ရိုက်ကူးထားသော ဗီဒီယိုတင်၍ ချေဖျက်နိုင်ခဲ့သည်။ ယူကရိန်းတို့အ တွက် ကိုယ့်တိုင်းပြည်ကိုယ် ကာကွယ်ကြရန် တွန်းအားပေးနိုင်ခဲ့သည်။ အချိန်ပိုင်းအတွင်း တယ်လီဂရမ်နှင့် Facebook ကွန်ရက်၌ သန်းချီ ပျံ့နှံ့သွားသော ထိုရုပ်သံမှတ်တမ်းတွင် ပုံစံကျ အနောက်တိုင်းဝတ်စုံ၊ လည်စည်းမျိုး မပါတော့ဘဲ စစ်သုံးအကျႌလက်ရှည်နှင့် သမ္မတဇယ်လန်းစကီးကို ကမ္ဘာက မြင်လိုက်ရသည်။

ရုရှား၏ ယူကရိန်းသို့ ကျူး ကျော်အားထုတ်မှုများ လျော့ကျစေ ရန်အလို့ငှာ မော်စကိုကို ဆန်ရှင်တိုး မြှင့်သွားရန် မစ္စတာ ဇယ်လန်းစကီးသည် အနောက်တိုင်းခေါင်းဆောင်များနှင့် အကြိမ်ကြိမ်စကားပြောခဲ့သည်။ ဥရောပခေါင်းဆောင်များက ပိုမိုပြင်းထန်သော အရေးယူဆောင်ရွက်ချက်မျိုး တစ်ညီတစ်ညွတ်တည်း ပြုလုပ်ပေးကြရန် ဗီဒီယိုတစ်ခုတွင် သူတောင်းပန်ခဲ့သည့်အတွက် ၀ါရင့်သံတမန်အချို့က အနေအထိုင်၊ အ ပြောအဆိုဆင်ခြင်ရန် အကြံပြုလျက် ယခုဗီဒီယိုသည် သူ့ကို အသက်ရှင်လျက်မြင်ရမည့် နောက်ဆုံး အချိန်ဖြစ်သွားနိုင်ကြောင်း သတိပေးခဲ့ကြရသည်။

“တိတ်တိတ်နေရင် ထောင်တန်တယ်”ဟု ဥရောပသမဂ္ဂ၏ အဆင့်မြင့်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။ ရုရှားတို့ ကျူးကျော်ခဲ့သော ကာလတိုအတွင်း ဒေသတွင်း ၂၇ နိုင်ငံက အရေးယူဆုံးဖြတ်ချက်များကို တစ်ဆင့်ပြီးတစ်ဆင့် တင်းကျပ် လိုက်သည့်အတွက် မော်စကိုနှင့် အနောက်အုပ်စုအကြား အနေအထားမှာ ပိုမိုတင်းမာလာခဲ့သည်။

ရုရှား အကန်၊ အနောက်အုပ်စု အကပ်

၂၀၁၉ ခုနှစ် ယူကရိန်းသမ္မတအဖြစ် တင်မြှောက်ခံရပြီးချိန်က မစ္စတာဇယ်လန်းစကီးသည် ရုရှားနှင့် ချဉ်းကပ်မှုအသစ် ပြုလုပ်ခဲ့ဖူးသည်။ သူသမ္မတမဖြစ်မီ ၂၀၁၄ ခုနှစ်အတွင်း ရုရှားတပ်ဖွဲ့များက ပင်လယ် နက်ထွက်ပေါက်ရှိရာ ခရိုင်းမီးယားကို သိမ်းပိုက်ပြီး ကိယက်ဗ်၏ ဗဟိုအုပ်ချုပ်မှု လျော့ရဲရာဒေသနှစ်ခု၌ ရုရှားလိုလားသော သူပုန်တပ်ဖွဲ့ များကို ‘မွေးထား’ ခဲ့သည့်အတွက် ကရင်မလင်နှင့် ကိယက်ဗ်မှာ ‘တ စောင်းစေးနှင့် မျက်ချေးပမာ’ ဖြစ်ခဲ့ကြသည်။ မစ္စတာ ဇယ်လန်းစကီးသည်  ရွေးကောက်ပွဲ၌ အာမခံက တိပြုခဲ့သည့်အတိုင်း မစ္စတာပူတင်နှင့် ဆက်ဆံရေး တိုးတက်စေရန် ကြိုးပမ်းကာ အစပိုင်း၌ အောင်မြင်မှုများ ရခဲ့သည်။ ရုရှားနှင့် အကျဉ်းသားလဲလှယ်ရေး တစ်ကြိမ် ဆောင်ရွက်နိုင်ခဲ့ပြီး ၂၀၁၅ ခုနှစ် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ဆက်လက်တည်ဆောက်နိုင်မည့်  အပြုသဘောဆောင်မည့် နည်းလမ်းကို ရှာဖွေလိုခဲ့သည်။

သူ့စီမံချက်များ အကောင်အထည်ဖော်နေဆဲတွင် လမ်းမပေါ်တက်လာသော ဆန္ဒပြမှုများက လမ်းကြောင်း ပြောင်းသွားစေခဲ့သည်။ အနောက်တိုင်းသံတမန်များက မစ္စတာ ပူတင်သည် မစ္စတာ ဇယ်လန်းစကီးကို လက်မှတ်ထိုးစေပြီး ခွဲထွက်ရေး ကြားခံနယ်မြေများမှတစ်ဆင့် ယူကရိန်း၏ အနာဂတ်ကို ရုရှားသြဇာခံအဖြစ် သွတ်သွင်းနိုင်ကြောင်း၊ ဥရောပသမဂ္ဂနှင့် NATO ဝင်ရောက်ရေးကိုပါ အတားအဆီးပြုနိုင်ကြောင်း သတိပေးခဲ့ကြသည်။

ထိုအခါ မစ္စတာဇယ်လန်းစကီးသည် ယူကရိန်းကို NATO နှင့် နီးစေသောဘက်သို့ ပြောင်းခဲ့ပြီး ခရိုင်းမီးယားကို ပြန်လည်ရယူနိုင်ရေး တိုက်ပွဲဝင်သွားမည်ဟူသော လူကြိုက်များသည့် လမ်းကြောင်းပေါ် ပြန်တက်လာခဲ့သည်။ သူနှင့် နီးစပ်သူတစ်ဦး၏ အပြောအရ ရုရှားသည် ထိုအချိန်မှစ၍ ဇယ်လန်းစကီးကို သွားလေသူ သမ္မတပိုရိုရှင်ကိုနှင့် ထူးမခြားနားဟု ရှုမြင်သွားခဲ့သည်။ ပိုရိုရှင်ကိုသည် ယူကရိန်းကို အနောက်အုပ်စုနှင့် မနီး,နီးအောင် တွန်းပို့ခဲ့သော သမ္မတဟု မော်စကိုက ရှုမြင်သည်။

နိုင်ငံရေး ပိုင်းခြားစိတ်ဖြာသူ များက ယူကရိန်းသည် သူနိုင်ငံ၏ အနာဂတ်မျှော်လင့်ချက်အတွက် အနောက်အုပ်စုနှင့် ပူးပူးကပ်ကပ် ဆက်ဆံကာ ကိုယ့်လမ်းကိုယ်ရှာသွားခြင်းသည် မစ္စတာပူတင်ကို ဒေါ သထွက်စေကြောင်း၊ ပူတင်သည် စစ်အေးခေတ်အပြီး လွန်ခဲ့သော နှစ် ၃၀ ကျော်က လက်လွှတ်ခဲ့ရသည့် ရုရှား၏ သြဇာစက်ဝန်းကို ချဲ့ထွင်ရန် အမြဲအားထုတ်နေသူဖြစ်ကြောင်း သုံးသပ်ခဲ့ကြသည်။

ကျူးကျော်မှု၏ ပဥ္စမမြောက်နေ့ မတ် ၁ ရက်တွင် မစ္စတာ ဇယ်လန်းစကီးက ယူကရိန်းပြည်သူများသည် ဥရောပသမဂ္ဂအဖွဲ့ဝင်များနှင့် တန်းတူညီတူဖြစ်ရန် ပေးဆပ်ရသော တန်ဖိုးကြီးမားစွာဖြင့် တိုက် ပွဲဝင်နေကြကြောင်း ပြောခဲ့သည်။ “ကျွန်တော်တို့ဟာ တန်းတူညီမျှမှု ရရှိဖို့အတွက် ကျွန်တော်တို့ဘဝတွေ ကို ပေးဆပ်နေပါတယ်။ ခင်ဗျားတို့ဟာ ကျွန်တော်တို့နဲ့အတူဖြစ်ကြောင်း သက်သေပြကြပါ။ ကျွန်တော်တို့ချည်း ပစ်မထားပါနဲ့”ဟု နှုတ်ခမ်းမွေး၊ မုတ်ဆိတ်မွေးများ ရိတ်သင်မထားသော မျက်နှာနှင့် စစ်စိမ်း ရောင် တီရှပ်ဝတ်ထားသည့် ဇယ်လန်းစကီးက EU သို့ ပန်ကြားခဲ့သည်။

ရုပ်သံစတားမှ သမ္မတအဖြစ်သို့

မစ္စတာ ဇယ်လန်းစကီးသည် ဥပဒေဘာသာရပ်ဖြင့် ဘွဲ့ယူပြီးနောက် ရုပ်မြင်သံကြားထုတ်လုပ် ရေးကုမ္ပဏီတစ်ခုကို ထူထောင်ခြင်းဖြင့် ဖျော်ဖြေရေးလုပ်ငန်းနယ်ပယ်သို့ ဝင်ရောက်ခဲ့သည်။ တစ်ခန်းရပ် ဟာသခွင်အတိုများဖြင့် သူ ကျော်ကြားလာခဲ့ပြီး ပြကွက်တစ်ခု၌ သူနှင့် အပေါင်းအဖော် ကြံရာပါများ ဘောင်းဘီကျွတ်ကျချိန်တွင် ပီယာနိုကို လက်ချောင်းများမသုံးဘဲ အခြားသင့်ရာနှင့် တီးခွင့်ပြုရန် တောင်း ပန်သည့်အကွက်မှာ အူတက်ပွဲကျခဲ့ကြသည်။ နောက်ပိုင်းတွင် ယူကရိန်းဘာသာပြန် “Dancing with the Star” ဖြင့် ၂၀၁၆ ခုနှစ်တွင် သူ အောင်ပွဲဆင်နိုင်ခဲ့ပြီး လန်ဒန်မြို့သို့ သွားရောက်လည်ပတ်သော ဝက်ဝံ လေးအကြောင်း ရိုက်ကူးထားသည့် ရုပ်ရှင်ဇာတ်ကားတွင် Paddington အဖြစ် အသံသရုပ်ဆောင်ခဲ့သည်။

ယူကရိန်းတစ်နိုင်ငံလုံးရှိ ပရိသတ်များ၏ အသည်းဘဝင်ကို စွဲထင်စေခဲ့သော ‘ပြည်သူ့စေကျွန်’ ရုပ်သံဇာတ်လမ်းတွဲကို ၂၀၁၅ ခုနှစ်က စတင်ထုတ်လွှင့်ခဲ့သည်။ မစ္စတာ ဇယ်လန်းစကီးသည် အဆိုပါဇာတ် လမ်းထဲတွင် နှိမ့်ချရိုးသားသော ကျောင်းဆရာတစ်ဦး၏ဘဝမှ သမ္မတဖြစ်လာခဲ့ပြီး ယူကရိန်းပြည်သူတို့ မျိုသိပ်ထားရသော နေ့စဉ်ဘဝထဲရှိ အဂတိလိုက်စားမှုများ၊ လာဘ်ပေး လာဘ်ယူကိစ္စများကို ဇာတ်ကွက်အဖြစ် ထည့်သွင်းထားရာ ဤရုပ်သံဇာတ်လမ်းတွဲမှာ ဝက်ဝက်ကွဲ အောင်မြင်ခဲ့သည်။ တောရောမြို့ပါ နေရာအနှ့ံ စောင့်ကြည့်အားပေးကြရုံမျှမက သူ့ဇာတ်ကောင်စရိုက် နှင့်အညီ သမ္မတတစ်ဦး ဖြစ်လာစေရန် ဤရုပ်သံဇာတ်လမ်းက တွန်းအားပေး အရောက်ပို့ခဲ့သည်။

ရုပ်သံဇာတ်လမ်း၏ အောင်မြင်မှုသည် မစ္စတာ ဇယ်လန်းစကီးကို လက်တွေ့ဘဝ၌ နိုင်ငံရေးလောကထဲ ဝင်ရဲလာအောင် ဆွဲခေါ်ခဲ့သည်။ ရွေးကောက်ပွဲအတွက် သူ၏ မဲဆွယ်ပွဲများတွင် ရုပ်သံဇာတ်လမ်းထဲမှ သင့်နိုးရာရာ ဇာတ်ဝင်ခန်းတစ်ခုခုကို ဖွင့်ပြလိုက်ရုံမျှဖြင့် ထောက်ခံမဲအတွက် ‘ပွဲသိမ်း’ဟု ဆိုရပါမည်။ ပါ တီနာမည်ကိုလည်း ထွေထွေထူးထူး စဉ်းစားနေရန်မလိုဘဲ Servant of the People ဟု အမည်ပေးခဲ့သည်။ သူသည် သမ္မတရွေးကောက်ပွဲ ဒုတိယအကျော့ တိုင်းလုံးပြည်နှ့ံ မဲအရေအတွက် ၇၃ ရာခိုင်နှုန်းဖြင့် မစ္စတာ ပိုရိုရှင်ကိုအား အပြတ်အသတ်အနိုင်ရခဲ့သည်။

ဇယ်လန်းစကီး၏ မိသားစု

၁၉၇၈ ခုနှစ် ဇန်နဝါရီ ၂၅ ရက်တွင် ယူကရိန်းတောင်ပိုင်း ရုရှားစကားပြောနယ်မြေ၌ မစ္စတာ ဇယ်လန်းစကီးကို မွေးဖွားခဲ့သည်။ ဂျူးမိသားစု နောက်ခံမှ ပေါက်ဖွားခဲ့သူ ဖြစ်ပြီး ဒုတိယကမ္ဘာစစ်အတွင်း သူ့ဆွေမျိုးများမှာ နာဇီတို့၏ သတ်ဖြတ်မှုကို ခံခဲ့ကြရသည်။ အဘိုးဖြစ်သူမှာ ဒုတိယကမ္ဘာစစ်အတွင်း ဆိုဗီယက်တပ်မတော်၌ အရာရှိတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ဇယ်လန်းစကီး၏ ဖခင်မှာ သချင်္ာပညာရှင်၊ မိခင်မှာ အင်ဂျင်နီယာဖြစ်သည်။ ယခင် ဆိုဗီယက်ယူနီယံသည် ပြည်ပ ပြောင်းရွှေ့အခြေစိုက်မှုကို ခွင့်ပြုခဲ့စဉ် အခြားဂျူးများက အမေရိကန် သို့မဟုတ် အစ္စရေးသို့ ထွက်ခွာသွား ကြသော်လည်း ဇယ်လန်းစကီး၏ မိဘနှစ်ပါးမှာ ယူကရိန်းတွင်သာ နေထိုင်ရန် ရွေးချယ်ခဲ့ကြသည်။ သူ၏ ငယ်သူငယ်ချင်းများက ဇယ် လန်းစကီးသည် ကိုယ့်ပိုက်ဆံကိုယ် ငယ်စဉ်ကပင် ရှာဖွေတတ်ကြောင်း နှင့် အတန်းထဲ၌ အဆင့်ကောင်း ကြောင်း ပြောပြခဲ့ကြသည်။ ထို့နောက် ကိယက်ဗ် အမျိုးသား စီးပွားရေးတက္ကသိုလ်မှ ဥပဒေဘွဲ့ကို ရရှိခဲ့ သည်။

၂၀၂၀ ပြည့်နှစ်အတွင်း မစ္စတာ ဇယ်လန်းစကီးသည် သူ၏ ဂျူး အမှတ်အသား သရုပ်သကန်ကို အနည်းငယ် ထုတ်ဖော်ပြောကြားခဲ့သည်။ သူသည် ဆိုဗီယက်ခေတ် သာမန် ဂျူးမိသားစုမှ ပေါက်ဖွားလာသူဖြစ်ပြီး အခြားမိသားစုဝင်များကဲ့သို့ ဘာသာရေးဘက် ထူးထူးခြားခြား လိုက်စားခြင်းမရှိခဲ့ကြောင်း ပြောခဲ့သည်။ ဤနေရာ၌ ယခင် ဆိုဗီယက်ယူနီယံခေတ်တစ်လျှောက် ယူကရိန်းအပါအဝင် ဂျူးများကို မသိကျိုး ကျွန်ပြုထားကြောင်း၊ သူတို့၏ ဘာသာရေးဆိုင်ရာ အမှတ်အသားသရုပ်မှာ ဖိနှိပ်ခံထားကြောင်းနှင့် စည်းဝိုင်းအပြင်ဘက်က လူများအဖြစ် သဘောထားခဲ့ကြောင်း ပေါ်လွင်လာသည်။ မျက်မှောက်ရေးရာ လေ့လာသူများက မစ္စတာ ဇယ်လန်း စကီးအနေနှင့် ရုပ်သံလောက၊ သမ္မတရွေးကောက်ပွဲ နှစ်ခုလုံး၌ အများ အမြင်တွင် ထင်ဟပ်ပေါ်လွင်စေခဲ့သော စည်းအပြင်ကလူအဖြစ် သူ့ကိုယ်သူ ထပ်မံပုံဖော်လိုက်ခြင်းဟု ကောက်ချက်ချကြပါသည်။

ယူကရိန်းလူမျိုးတို့သည် ယခင် ဆိုဗီယက်အဝန်းအဝိုင်းအတွင်းမှ အခြားနိုင်ငံသားများနှင့် နှိုင်းစာသော် ဂျူးတို့အပေါ် အကောင်းမြင်စိတ် ပိုမိုသာလွန်သည်။ ၂၀၁၉ တွင် ကောက်ယူခဲ့သော Pew Reserarch Center ၏ စစ်တမ်းတစ်ရပ်အရ ယူကရိန်းပြည်သူများ၏ ငါးရာခိုင်နှုန်းကသာ ဂျူးများကို နိုင်ငံသားအဖြစ် အသိအမှတ်မပြုစေလိုကြောင်း တွေ့ရသည်။ ပိုလန်တွင် ၁၈ ရာခိုင်နှုန်း၊ ချက်တွင် ၁၉ ရာခိုင်နှုန်း၊ ရိုမေနီး ယားတွင် ၂၂ ရာခိုင်နှုန်းက ထိုသို့ လက်မခံလိုကြောင်း ဆန္ဒပြုချက်များ နှင့် နှိုင်းယှဉ်ကြည့်နိုင်သည်။ မစ္စတာ ဇယ်လန်းစကီး သမ္မတဖြစ်ချိန်တွင် ယူကရိန်းဝန်ကြီးချုပ် ဖြစ်လာသူ ဗိုလိုဒီမာ ဂရော့မင်မှာလည်း ဂျူး တစ်ယောက် ဖြစ်သည်။

မစ္စတာ ပူတင်က ဒုတိယကမ္ဘာစစ်ကို ရည်ညွှန်း၍ ရုရှားနိုင်ငံအပေါ် ပြင်းထန်စွာ အကျိုးသက်ရောက်လာ စေသော ယူကရိန်းခေါင်းဆောင်မှု၏ ‘နာဇီဆန်သော အပြုအမူများကို နှိမ်နင်းရန် (“de- Nazify”) ရုရှားက ဝင်ရောက်သိမ်းပိုက်ရကြောင်းပြော လာသည့်အခါ မစ္စတာဇယ်လန်းစကီးက ရုရှားခေါင်းဆောင်၏စကားကို အချိန်မဆိုင်းဘဲ ပြက်ရယ်ပြုခဲ့လေ၏။

ဇယ်လန်းစကီး၊ ထရန့်နှင့် ဘိုင်ဒင်

အချိန်တိုအတွင်း သမ္မတ ဖြစ်လာခဲ့သော ဇယ်လန်းစကီးနှင့် တစ်ဆက်တည်း အမေရိကန်သမ္မတနှစ် ဦးဖြစ်သော ဒေါ်နယ်ထရန့်၊ ဂျိုးဘိုင်ဒင်တို့အကြား အချိတ်အဆက်ကလည်း စိတ်ဝင်စားဖွယ်ကောင်းသည်။ ထရန့်နှင့် ဘိုင်ဒင်တို့ သမ္မတရွေးပွဲ အပြိုင်ကြဲနေကြချိန်အတွင်း ယူကရိန်းနိုင်ငံအတွင်း ဘိုင်ဒင်၏ သားဖြစ်သူ ပိုင်ဆိုင်သော ကုမ္ပဏီ၏ အဂတိလိုက်စားမှုအခြေအနေကို စုံစမ်းဖော်ထုတ်ရန် ထရန့်က ဇယ်လန်းစကီးထံ ဖုန်းဆက်ပြောကြားခဲ့ကြောင်း ဘိုင်ဒင်၏ ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့က စွပ်စွဲခဲ့သည်။ အမေရိကန်အောက်လွှတ်တော်၌ မစ္စတာထရန့်သည် အမေရိကန် အရေးပေါ်လုံခြုံရေး လျာထားဘတ်ဂျက်မှ အမေရိကန်ဒေါ်လာ ၃၉၁ သန်းကို မစ္စတာ ဇယ်လန်းစကီးထံ လွှဲပြောင်းထားကြောင်း စွပ်စွဲချက် တစ်ရပ်ပေါ်ပေါက်ခဲ့သည်။ အဆိုပါ အထောက်အပ့ံသည် နိုင်ငံအရှေ့ပိုင်းရှိ ယူကရိန်းတပ်ဖွဲ့များအား မွမ်း မံအဆင့်မြှင့်ရာတွင် သုံးစွဲရန်ဟု ဆိုသည်။

မစ္စတာထရန့်ကမူ အမှားအယွင်းပြုခဲ့သည်ဆိုသော စွပ်စွဲချက်များကို ပယ်ချခဲ့ပြီး အောက်လွှတ်တော်၌ ထရန့် စွပ်စွဲခံနေရချိန်အတွင်း အထက်လွှတ်တော်က အမှုကို တရားသေလွှတ်ခဲ့သည်။

ထို့နောက်တွင် မစ္စတာဘိုင်ဒင် သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခြင်း ခံခဲ့ရသည်။

ဘိုင်ဒင်အနေနှင့် မိမိ၏အကျိုးစီးပွား၊ အမေရိကန်ပြည်ထောင်စု၏ အကျိုးစီးပွား၊ ယူကရိန်း၏အကျိုးစီး ပွားအပေါ် မည်သို့မည်ပုံ ချိန်ခွင်လျှာအပြောင်းအညှိ ဆက်လက် လုပ်ဆောင်မည် မသိ။

ယူကရိန်းကတော့ ရုရှား၏ ကျူးကျော်စစ်ဒဏ် ခံနေရသည်။ သမ္မတ ဇယ်လန်းစကီး နေထိုင်သော ကိယက်ဗ်မြို့အတွင်း အမြောက်သံ၊ ဒုံးသံများအကြား  လေကြောင်းရန် အချက်ပေး ဥသြသံ ကျယ်ကျယ် လောင်လောင် မြည်ဟည်းလျက် ရှိနေပြီ။