၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ဖေဖော်ဝါရီလကုန်အထိ မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၂ ဒသမ ၇၂၈ ဘီလျံကျော်ရရှိပြီး ယခင်နှစ်ကာလတူထက် ကုန်သွယ်မှုဒေါ်လာ ၃၆၆ သန်းကျော်လျော့ကျ

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ဖေဖော်ဝါရီလကုန်အထိ မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၂ ဒသမ ၇၂၈ ဘီလျံကျော်ရရှိပြီး ယခင်နှစ်ကာလတူထက် ကုန်သွယ်မှုဒေါ်လာ ၃၆၆ သန်းကျော်လျော့ကျ
 ပို့ကုန်သွင်းကုန်လုပ်ငန်းများ ဆောင်ရွက်ရာ ရန်ကုန်မြို့ရှိ  ဆိပ်ကမ်းတစ်ခုကို တွေ့ရစဉ်(ဓာတ်ပုံ-ကြည်နိုင်)
ပို့ကုန်သွင်းကုန်လုပ်ငန်းများ ဆောင်ရွက်ရာ ရန်ကုန်မြို့ရှိ  ဆိပ်ကမ်းတစ်ခုကို တွေ့ရစဉ်(ဓာတ်ပုံ-ကြည်နိုင်)
Published 5 March 2022

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (Mini Budget) ဖေဖော်ဝါရီလကုန်ပိုင်းအထိ မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၂ ဒသမ ၇၂၈ ဘီလျံကျော်ရရှိပြီး ယခင် နှစ်ကာလတူထက် ကုန်သွယ်မှု ဒေါ်လာ ၃၆၆ သန်းကျော်လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

၂၀၂၁ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်အထိ မြန်မာနိုင်ငံ၏ ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၂ ဒသမ ၇၂၈ ဘီလျံသာရှိသည်။ ယခင်နှစ်ကာလတူတွင် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၃ ဒသမ ၀၉၅ ဘီလျံအထိရှိသည်။ သို့ဖြစ်ရာ လက်ရှိဘဏ္ဍာနှစ် ဖေဖော်ဝါရီလကုန်ပိုင်းအထိ မြန်မာနိုင်ငံ၏ ကုန်သွယ်မှုပမာဏသည် ယခင်နှစ်ကာတူထက် ဒေါ်လာ ၃၆၆ ဒသမ ၅၄၆ သန်း လျော့ကျခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ လယ်ယာထွက်ကုန်ပစ္စည်း၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ကုန်ပစ္စည်း၊ သတ္တုတွင်းထွက်ပစ္စည်း၊ သစ်တောထွက်ပစ္စည်း၊ စက်မှုကုန်ချော (CMP) နှင့် အခြားသောကုန်ပစ္စည်းများကို တင်ပို့လျက်ရှိကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

သွင်းကုန်တင်သွင်းမှုတွင် ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်း၊ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်း၊ လူသုံးကုန်ပစ္စည်း၊ CMP ကုန်ကြမ်းပစ္စည်းများကို အဓိကတင်သွင်းလျက်ရှိသည်။

အဆိုပါကာလအတွင်း ပို့ကုန်တင်ပို့မှုသည် ယခင်နှစ်ကာလတူထက် ဒေါ်လာသန်း ၃၀ ကျော်လျော့ကျခဲ့ပြီး သွင်းကုန်တင်သွင်းမှုသည် ယခင်နှစ်ကာလတူထက် ဒေါ်လာ ၃၃၆သန်းကျော် လျော့ကျခဲ့ခြင်းဖြစ်သည်။

နှစ်အလိုက် မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုအနေဖြင့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ပို့ကုန်ဒေါ်လာ ၈၉၇၇ ဒသမ ၀၁၅ သန်း၊ သွင်းကုန်ဒေါ်လာ ၉၀၆၈ ဒသမ ၉၁၄ သန်း ဖြင့် ကုန်သွယ်မှုပမာဏဒေါ်လာ ၁၈၀၄၅ ဒသမ ၉၂၉ သန်းရရှိခဲ့သည်။

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ပို့ကုန်ဒေါ်လာ ၁၁၁၃၆ ဒသမ၈၇၈ သန်း၊ သွင်းကုန်ဒေါ်လာ ၁၆၅၇၇ ဒသမ ၉၄၈ သန်းဖြင့် ကုန်သွယ်မှုပမာဏဒေါ်လာ ၂၇၇၁၄ ဒသမ ၈၂၆ သန်းရရှိခဲ့သည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ပို့ကုန်ဒေါ်လာ ၁၁၉၉၈ ဒသမ ၅၄၅ သန်း၊ သွင်းကုန်ဒေါ်လာ ၁၇၂၁၁ ဒသမ ၀၆၂ သန်းဖြင့် ကုန်သွယ်မှုပမာဏဒေါ်လာ ၂၉၂၀၉ ဒသမ ၆၀၇ သန်းရရှိခဲ့သည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ပို့ကုန်ဒေါ်လာ ၁၄၈၈၃ ဒသမ ၁၆၀ သန်း၊ သွင်းကုန်ဒေါ်လာ ၁၈၆၉၄ ဒသမ ၈၉၂ သန်းဖြင့် ကုန်သွယ်မှုပမာဏဒေါ်လာ ၃၃၅၇၈ ဒသမ ၀၅၂ သန်းရရှိခဲ့သည်။

၂၀၁၈ ခုနှစ် Mini Budget တွင် ပို့ကုန်ဒေါ်လာ ၈၈၆၁ ဒသမ ၀၃၂ သန်း၊ သွင်းကုန်ဒေါ်လာ ၉၈၆၇ ဒသမ ၇၈၃ သန်းဖြင့် ကုန်သွယ်မှုပမာဏဒေါ်လာ ၁၈၇၂၈ ဒသမ ၈၁၅ သန်းရရှိခဲ့သည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ပို့ကုန်ဒေါ်လာ ၁၇၀၆၀ ဒသမ ၄၁၅ သန်း၊ သွင်းကုန်ဒေါ်လာ ၁၈၀၈၆ ဒသမ ၅၉၇ သန်းဖြင့် ကုန်သွယ်မှုပမာဏဒေါ်လာ ၃၅၁၄၇ ဒသမ ၀၁၂ သန်းရရှိခဲ့သည်။

မြန်မာနိုင်ငံမှ ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေးအတွက် အမျိုးသားပို့ကုန်မဟာဗျူဟာ အကောင်အထည်ဖော်နေပြီး အမျိုးသားပို့ ကုန်မဟာဗျူဟာ ၂၀၂၀- ၂၀၂၅ ၏အဓိက ဦးစားပေးကဏ္ဍများတွင် လယ်ယာထွက်ကုန် ပစ္စည်း အခြေခံစားသောက်ကုန် ထုတ်လုပ်ခြင်းကဏ္ဍ၊ အထည်အလိပ် နှင့် အဝတ်အထည်ကဏ္ဍ၊ စက်မှုနှင့်လျှပ်စစ်ပစ္စည်း ကဏ္ဍ၊ ရေထွက်ကုန်လုပ်ငန်းကဏ္ဍ၊သစ်တောထွက်ပစ္စည်း ကဏ္ဍ၊ ဒစ်ဂျစ်တယ်ထုတ်ကုန်များ နှင့် ဝန်ဆောင်မှုကဏ္ဍ၊  ထောက်ပံ့ပို့ဆောင်ရေး ဝန်ဆောင်မှုကဏ္ဍ၊ အရည်အသွေးစီမံခန့်ခွဲမှု ကဏ္ဍ၊ ကုန်သွယ်မှုသတင်းအချက်အလက် ဝန်ဆောင်မှုကဏ္ဍ၊ တီထွင်ဆန်းသစ်မှုနှင့်စွန့် ဦးတီထွင်ဆောင်ရွက်ခြင်း ကဏ္ဍစသည်တို့ ပါဝင်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

Most Read

Most Recent