ရုရှား-ယူကရိန်း စစ်ပွဲ တစ်ပတ်တာမှတ်စု - ၁

ရုရှား-ယူကရိန်း စစ်ပွဲ တစ်ပတ်တာမှတ်စု - ၁
မတ် ၂ ရက်က ခါကိဗ်မြို့ ကွန်စတီကျူးရှင်းရင်ပြင်ကို ရုရှားတပ်များက အမြောက်များဖြင့် ပစ်ခတ်ခဲ့ပြီးနောက် အဆောက်အအုံတစ်ခုအဝင်ဝရှိ အပျက်အစီးများအကြား မီးသတ်သမားတစ်ဦး လမ်းလျှောက်သွားစဉ် (Photo-AFP)
မတ် ၂ ရက်က ခါကိဗ်မြို့ ကွန်စတီကျူးရှင်းရင်ပြင်ကို ရုရှားတပ်များက အမြောက်များဖြင့် ပစ်ခတ်ခဲ့ပြီးနောက် အဆောက်အအုံတစ်ခုအဝင်ဝရှိ အပျက်အစီးများအကြား မီးသတ်သမားတစ်ဦး လမ်းလျှောက်သွားစဉ် (Photo-AFP)
Published 3 March 2022
မိုးဧအောင်

၂၀၂၁ ခု ဒီဇင်ဘာလအတွင်းမှစတင်ကာ လိပ်ခဲတည်းလည်းဖြစ်နေခဲ့သော ရုရှား-ယူကရိန်းအကျပ်အတည်းသည် တဖြည်းဖြည်းချင်း ပဋိပက္ခအသွင်ဆောင်နေခဲ့ရာမှ ယခုအခါစစ်ပွဲအဖြစ်သို့ ကူးပြောင်းသွားပြီဖြစ်သည်။

တိတိကျကျဆိုရသော် ၂၀၂၂ ခု ဖေဖော်ဝါရီ ၂၄ ရက် မော်စကိုစံတော်ချိန် နံနက် ၆ နာရီ၌ ရုရှားသမ္မတ ဗလာဒီမာပူတင်က တိုင်းပြည်ကိုမိန့်ခွန်းပြော၍ စစ်ပွဲစတင်လိုက်သည်ဟု မှတ်တမ်းတင်ရပါမည်။

စစ်တို့၏သဘောသဘာဝအရ ကနဦးကျဆုံးသည်မှာ “အမှန်တရား” ဟု ဆိုကြ၏။ နှစ်ဖက်စစ်တပ်များအနေနှင့် မိမိအောင်မြင်မှုနှင့် ရန်သူ၏ဆုံးရှုံးမှုအပေါ် ပူဖောင်းသဖွယ် “လေမှုတ်” ကြီးထွားစေသည့် တစ်ချိန်တည်း၌ ပင်၊ မိမိ၏ဆုံးရှုံးမှုနှင့် ရန်သူ၏ အောင်မြင်မှုအပေါ်ပြားကပ်ပိန်ချပ်သွားသည်အထိ “ချုံ့တတ်” ကြသည်မှာလည်း သဘောသဘာဝပင် ဖြစ်သည်။

တစ်ဖန် ယခုစစ်ပွဲအပေါ် ရှုမြင်ကြရာတွင်လည်း နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာအာဏာရှုထောင့်မှလည်းကောင်း၊ နိုင်ငံများစွာ ပါဝင်ပတ်သက်နေသော ဒေသတွင်းအင်အား ချိန်ခွင်ရှုထောင့်မှ လည်းကောင်း၊ လစ်ဘရယ် ဒီမိုကရေစီနှင့် တစ်ဦးတည်းအာဏာပိုင်စနစ်တို့၏ ပဋိပက္ခရှုထောင့်မှလည်းကောင်း မိမိ တို့သန်ရာသန်ရာအလိုက် ပညတ်လောက၏ အမှန်တရားများ အားပြိုင်ပြီး သတင်းရယူ၊ ထုတ်ပြန်၊ သုံးသပ်၊ ဝေဖန်လျက်ရှိနေချိန် ဖြစ်သည်။

ထိုထိုသော ဝေ၀ါးထွေပြားနေသည့်ကြားမှ ငြင်းချက်ထုတ်ရန်မလိုသည့် သတင်း၊ ဖြစ်တည်ပျက်သုဉ်းပြီး အချက်အလက်များကို အခြေခံကာ ရုရှား-ယူကရိန်းစစ်ပွဲ၏ ပထမတစ်ပတ်တာကို စုစည်း တင်ပြလိုက်ပါသည်။

 

ရုရှား၏ ကနဦး စစ်ပြင်ဆင်ခြင်း

၂၀၂၁ ခု ဧပြီလမှစတင်ကာ ရုရှား-ယူ ကရိန်းနယ်စပ်အနီး အဓိကစစ်ရေး တည်ဆောက်မှုများ ပြုခဲ့သည်။ ဒုတိယဆင့်အဖြစ် ၂၀၂၁ ခု အောက်တိုဘာမှ ၂၀၂၂ ခု ဖေဖော်ဝါရီလအတွင်း စစ်သည်အင်အား ၁၀၀,၀၀၀ ကျော်အထိ ဆက်လက်နေရာယူခဲ့သည်။ စစ်ပြင်ဆင်နေသောကာလကပင် ရုရှားတို့၏ စစ်လက်နက် အသုံးအဆောင်ပစ္စည်းများ၏ မြင်သာသောနေရာများတွင် “ဇ” စာလုံးကို ရှေးဟောင်းခရစ်ယာန် ဆလဗ်အက္ခရာရေးထုံးဖြင့် အမှတ်အသားပြုထားသည်။ တင့်ကားများ၊ စစ်သုံးယာဉ်များနှင့် အခြားစစ် လက်နက်အသုံးအဆောင်များပေါ်၌ ဤအမှတ်အသားမှာ ဖေဖော်ဝါရီ ၂၂ ရက်နောက်ပိုင်းမှစကာ ထင်းခနဲမြင်လာရသည်။ ကျွမ်းကျင်သူတို့က ထိုသို့အမှတ်အသားပြုခြင်းသည် စစ်ပွဲအတွင်း အချင်းချင်း မှားယွင်းတိုက်ခိုက်မှုမျိုး မဖြစ်ပေါ်စေရန် ရည်ရွယ်ချက်ဟု ယူဆကြသည်။

ယူကရိန်းနိုင်ငံအရှေ့ပိုင်းခွဲထွက်ရေး နယ်မြေမှသည် လွတ်လပ်သော သမ္မတနိုင်ငံများအဖြစ် ထူထောင်ခဲ့ကြသည့် ဒိုးနက်နှင့် လူဟန့်တွင် ယူကရိန်းတပ်များနှင့် ခွဲထွက်ရေးအုပ်စုများအကြား အပြန်အလှန်ပစ်ခတ်မှု၊ အပြန်အလှန်စွပ်စွဲမှုများ တောက်လျှောက် ဖြစ်ပေါ်ခဲ့သည်။ ဖေဖော်ဝါရီ ၁၉ ရက် တစ် ရက်တည်း၌ပင် အပြန်အလှန်ပစ်ခတ်မှု ၆၆ ကြိမ် ဖြစ်ပွားခဲ့ပြီး ခွဲထွက်ရေးသမားများက တားမြစ်ထားသော ၈၂ မီလီမီတာ၊ ၁၂၀ မီလီမီတာ မော်တာများကိုသုံးကာ နယ်စပ်မြို့များကို ပစ်ခတ်နေကြောင်း ယူကရိန်းအရှေ့ပိုင်း ပူးတွဲကွပ်ကဲမှု စစ်ဌာနချုပ်က ထုတ်ပြန်ခဲ့သည်။

တစ်ချိန်တည်း၌ပင် ယူကရိန်းနယ်စပ်၌ ဖြန့်ကြက်ထားသော ရုရှားတပ်ဖွဲ့ဝင်များ၏ စစ်ရေးလှုပ်ရှားမှုမှ ရာခိုင်နှုန်း ၄ဝသည် နည်း ဗျူဟာအရ “တိုက်ပွဲဝင် အသင့်အနေအထား” ဖြင့် စုစည်းပြီးကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁၈ ရက်တွင် ပြောကြားခဲ့သည်။ ပုံမှန်အခြေအနေ စုစည်းမှုမှာ တပ်ရင်း ၆၀၊ ဖေဖော်ဝါရီ လဆန်းပိုင်းတွင် တပ်ရင်း၈၀ ရှိရာမှ ဖေဖော်ဝါရီ တတိယပတ်တွင် တပ်ရင်း ၁၂၅ ရင်းအထိ ရှိလာသည်။ ဤအခြေအနေသည် ရုရှား၏ လှန့်လုံးမဟုတ်ဘဲ ကျူးကျော်စစ်တစ်ရပ် ဆင်နွှဲနိုင်ရန် အသေအချာ စီမံကွပ်ကဲနေခြင်း ဖြစ်ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က ABC သတင်းဌာနသို့ ပြောခဲ့သည်။

တင်းမာမှုများ မြင့်တက်နေစဉ်ကာလအတွင်း ရုရှားသည် အသံထက်မြန်သော နောက်ဆုံးပေါ် ဟိုက်ပါဆောနစ်၊ ခရုစ်နှင့် နျူကလီးယား ထိပ်ဖူးတပ်ဆင်ပစ်လွှတ်နိုင်သော ပဲ့ထိန်းဒုံးကျည်များ၊ တီယူ-၉၅ ဗုံးကြဲလေယာဉ်များ၊ ရေငုပ်သင်္ဘောများ ပါဝင်သော မဟာဗျူဟာမြောက် စစ်ရေးလေ့ကျင့်မှုကို အဆင့်သတ်မှတ်ချက် နှစ်မျိုးဖြင့် လုပ်ဆောင်ခဲ့သည်။ ပထမဆင့်မှာ လက်နက်များ၏ ဖြိုခွင်းနိုင်မှု အန္တရာယ်အတိုင်းအဆ စမ်းသပ်ခြင်းနှင့် ဒု တိယဆင့်မှာ ပိတ်ဆို့မှု၊ တန်ပြန်တိုက်ခိုက်မှုအတွက် ရည်ရွယ်လေ့ကျင့်ခြင်းဖြစ်သည်။ ရုရှားသမ္မတ ဗလာဒီမာပူတင်သည် အလည်အပတ်ရောက်ရှိနေသော ဘီလာရုစ်သမ္မတ အလက်ဇန္ဒားလူကာရှန်ကိုနှင့်အတူ ကရင်မ လင်ရှိ စစ်ဆင်ရေးထိန်းသိမ်းကွပ်ကဲရေးဗဟိုဌာနရှိ ထိန်းချုပ်ရေးအခန်းမှ မဟာဗျူဟာမြောက် စစ်ဆင်ရေးလေ့ကျင့်မှုကို ကြည့်ရှုခဲ့သည်။

ဖေဖော်ဝါရီ ၂၁ ရက်၌ ပြင်သစ်သမ္မတ အီမန်နျူယယ်မက်ခရွန်၏ ကမကထပြုမှုမှ တစ်ဆင့် ရုရှား-အမေရိကန် ထိပ်သီးဆွေး နွေးပွဲပြုလုပ်ရန် မူအားဖြင့် သဘောတူခဲ့ကြသည်။ ပူတင်နှင့် မက်ခရွန်တို့ ဖုန်းနှစ်ကြိမ် ပြောခဲ့ကြပြီး ၁၀၅ မိနစ်ကြာခဲ့ကြောင်း၊ တင်းမာမှုမြင့်တက်စေရန် ယူကရိန်းတပ်ဖွဲ့များက ရန်စတိုက်ခိုက်မှုပြုနေသည်ဟု ပူတင်က ပြောခဲ့ကြောင်း၊ အမေရိကန်နှင့် NATO အနေနှင့် ရုရှားက တောင်းဆိုသော လုံခြုံရေးအာမခံချက်ကို အလေးအနက်ထားရန်လိုအပ်ကြောင်း၊ ပေါ်ပေါက်နေသော အကျပ်အတည်းအတွက် သံတမန်နည်းလမ်းကို အလေးထားရန် မက်ခရွန်ရော၊ ပူတင်ကပါ သဘောတူကြကြောင်း သတင်းများ ထွက်ပေါ်လာသည်။

တစ်ဖန် ဖေဖော်ဝါရီလအတွင်း ရုရှားဒူးမားလွှတ်တော်က ယူကရိန်းခွဲထွက်နယ်မြေများဖြစ်သော ဒိုးနက်နှင့် လူဟန့်ကို လွတ်လပ်သော သမ္မတနိုင်ငံများအဖြစ် အသိအမှတ်ပြုရန် ဆုံးဖြတ်ချက် ချထားခဲ့ပြီးဖြစ်သည်။ ဖေဖော်ဝါရီ ၂၀ ရက်ညတွင် သမ္မတပူတင်က အဆိုပါနယ်မြေနှစ်ခုကို လွတ်လပ်သောနိုင်ငံများအဖြစ် အသိအမှတ်ပြုသည့် အမိန့်ဒီဂရီကို လက်မှတ်ရေးထိုးလိုက်သည်။ နာရီပိုင်းအတွင်း ရုရှားတို့အဆိုအရ ငြိမ်းချမ်းရေးထိန်းသိမ်းမှုမစ်ရှင်အဖြစ် အဆိုပါဒေသသို့ စစ်သားများ စတင်စေလွှတ်ခဲ့သည်။

ရုရှားသည် ငြိမ်းချမ်းရေးကြိုးပမ်းမှုများကို နှောင့်ယှက်နေကြောင်း၊ ပူတင်လင်မှတ် ရေးထိုးခဲ့သော အမိန့်ဒီဂရီသည် ယူကရိန်းနိုင်ငံ၏ အချုပ်အခြာနယ်မြေပိုင်စိုးမှုကို ချိုးဖောက်ရာရောက်ကြောင်း၊ မည်သည့်ပိုင်နက် နယ်မြေကိုမှ အလျှော့ပေးထိုးအပ်မည်မဟုတ်ကြောင်း ယူကရိန်းသမ္မတ ဇယ်လန်းစကီးက ကြေညာခဲ့၏။

ပူတင်၏လုပ်ရပ်သည် မင့်စ်သဘောတူညီချက်များကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းဖြစ်ကြောင်း၊ ပြင်သစ်၊ ဂျာမနီနှင့် အမေရိကန်ခေါင်းဆောင်တို့ တစ်သဘော တည်းရှိကြကြောင်း၊ ကုလသမဂ္ဂ ပဋိညာဉ်နှင့် လည်း ကိုက်ညီမှုမရှိကြောင်း ကမ္ဘာ့ခေါင်းဆောင်အသီးသီးက တုံ့ပြန်ခဲ့သည်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အထူးအစည်းအဝေး ခေါ်ယူကာ ပူတင်၏ နိုင်ငံသစ်များအဖြစ် အသိအမှတ်ပြုမှုကို ပြစ်တင်ရှုတ်ချကာ စစ်တပ် စေလွှတ်ရန် ညွှန်ကြားချက်သည် နိုင်ငံတကာဥပဒေကို ချိုးဖောက်ခြင်းဟု ဖော်ပြခဲ့ သည်။

ဖေဖော်ဝါရီ ၂၂ ရက်တွင် ရုရှားလွှတ်တော်က နိုင်ငံပြင်ပ၌ ရုရှားတပ်မတော်အား အသုံးပြုခွင့်ကို သမ္မတပူတင်ထံ အပ်နှင်းခဲ့သည်။ ထို့လုပ်ရပ်သည် ယူကရိန်းကို ရုရှား၏ “ကျူးကျော်မှု”အစ ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့ သည်။ ရုရှားဘဏ်များနှင့် ပုဂ္ဂလိကတစ်ဦး ချင်းအပေါ်ပိတ်ဆို့မှုအစီအစဉ်များကို အမေရိကန်၊ ဥရောပသမဂ္ဂ၊ ဗြိတိန်၊ ကနေဒါ၊ သြစတြေးလျတို့က ကြေညာခဲ့ပြီး ဂျာမနီနိုင်ငံကလည်း ရုရှားဓာတ်ငွေ့ပိုက်လိုင်း Nord Stream 2 စီမံကိန်းကို ဆိုင်းင့ံထားရန် ဆုံး ဖြတ်ခဲ့သည်။ ယူကရိန်းအရေးတင်းမာမှုများ လျှော့ချရန် ကမ္ဘာ့နိုင်ငံများကို ဆွေးနွေးစေလိုကြောင်း၊ ယူကရိန်းအရေးသည် အလွန်ရှုပ်ထွေးသော နောက်ခံသမိုင်းကြောင်းရှိသည့်အတွက် စေ့စပ်ညှိနှိုင်းခြင်းဖြင့်သာ ငြိမ်းချမ်းစွာအဖြေရှာကြရန်နှင့် အမေရိကန်က ယူကရိန်းသို့ လက်နက်ခဲယမ်းများ ပေးပို့နေခြင်းကို ရှုတ်ချကြောင်း တရုတ်နိုင်ငံက သဘောထား ထုတ်ပြန်သည်။

ခြိမ်းခြောက်မှုများ၊ ထပ်တလဲလဲတိုက်ခိုက်မှုများ ကြုံတွေ့နေရသော ယူကရိန်းရှိ ရုရှားသံတမန်များအား ယူကရိန်းနိုင်ငံတွင်းမှ ပြောင်းရွှေ့ပေးသွားရန် ရုရှားအစိုးရက ပြောကြားသည်။ တစ်ချိန်တည်းတွင် ယူကရိန်း ဘက်ကလည်း သူ့နိုင်ငံသား အသက် ၁၈ နှစ် မှ ၆၀ နှစ်အကြား အရန်တပ်ဖွဲ့ဝင်များကို စစ်မှုထမ်းရန် ပြန်လည်ဆင့်ဆိုကြောင်း၊ စစ်မှုထမ်းကာလမှာ အများဆုံးတစ်နှစ်ဖြစ်ကြောင်း ယူကရိန်းမြေပြင်တပ်ဖွဲ့၏ Facebook စာမျက်နှာမှတစ်ဆင့် ခေါ်ယူခဲ့သည်။

စစ်ဆင်ရေး စတင်ဆင်နွှဲခြင်း

၂၀၂၂ ခု ဖေဖော်ဝါရီ ၂၄ ရက်။

မော်စကိုစံတော်ချိန် နံနက် ၆ နာရီတွင် ရုရှားသမ္မတ ဗလာဒီမာပူတင်က ရုပ်မြင်သံကြားမိန့်ခွန်းမှတစ်ဆင့် ယူကရိန်းနိုင်ငံအပေါ် အထူးစစ်ဆင်ရေးတစ်ရပ် ဆင်နွှဲမည်ဟု ကြေညာလိုက်သည်။

အထူးစစ်ဆင်ရေး၏ ရည်မှန်းချက်မှာ လွန်ခဲ့သော ရှစ်နှစ်တာကာလအတွင်း ယူကရိန်း၏ ခြိမ်းခြောက်မှု၊ လူမျိုးတုံးသတ်ဖြတ်ရန် ကြံစည်မှုတို့နှင့်ရင်ဆိုင်နေရသော ဒွန်ဘတ်ဒေသမှ ပြည်သူများကို ကာကွယ်ရန် ဖြစ်ကြောင်း၊ ဤအထူးစစ်ဆင်ရေးဖြင့် ရုရှားနိုင်ငံသားများအပါအဝင် အရပ်သားများအပေါ် ရာဇဝတ်မှုကျူးလွန်သူများကို တရားဥပဒေရှေ့မှောက် အရောက်ပို့ဆောင်မည်ဖြစ်ကြောင်း၊ ယူကရိန်း၏ စစ်ဝါဒစွဲလုပ်ရပ်များကို ချေဖျက်နိုင်ရန် အထူးစစ်ဆင်ရေးပြု လုပ်ရုံမှတစ်ပါး အခြားနည်းလမ်းရွေးချယ်စရာ မရှိတော့ကြောင်း၊ ယူကရိန်းအရေး၌ ကြားဝင်စွက်ဖက်လာသည့် မည်သည့်နိုင်ငံမဆို သမိုင်းတွင် မကြုံဖူးသည့် အကျိုးဆက်များ ရင်ဆိုင်ရမည်ဖြစ်ကြောင်း သမ္မတပူတင်က ပြောကြားခဲ့သည်။

အထူးစစ်ဆင်ရေး၌ ရုရှား၏ ကြည်း၊ ရေ၊ လေ တပ်အင်အားသုံးမျိုးလုံးကို အသုံးပြုခဲ့ပြီး ပူတင်၏ကြေညာချက်နှင့် မရှေးမနှောင်းပင် ယူကရိန်းမြို့တော် ကိယက်ဗ်၊ အရှေ့ပိုင်းမြို့ကြီး မာရူပိုးလ်နှင့် ပင်လယ်နက် ဆိပ်ကမ်းမြို့ အိုဒက်ဆာတို့တွင် ပေါက်ကွဲသံများ စတင်ထွက်ပေါ်ခဲ့သည်။ ယူကရိန်း မြောက်ပိုင်းနှင့် တောင်ပိုင်းနယ်စပ်ရှိ ယူကရိန်းစစ်ဘက်အခြေစိုက်စခန်းများ စစ်ဘက် နှင့် လေကြောင်းကာကွယ်ရေး အဆောက်အအုံများ၊ စစ်လေယာဉ်ကွင်းများကို မြေပြင်ရော၊ ဝေဟင်ပါ အမြောက်များ၊ ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ယူကရိန်း မြောက်ပိုင်းသို့ ဝင်ရောက်သည့် ရုရှားတပ် များကို ဘီလာရုစ်က စစ်ကူပေးနေပြီး တောင်ဘက်ရှိ ရုရှားသိမ်းပိုက်ထားသော ခရိုင်းမီးယားကျွန်းဆွယ်ဘက်မှလည်း တိုက်ခိုက်လျက်ရှိကြောင်း၊ ဒိုးနက်ဒေသတွင် ရုရှားစစ် လေယာဉ်ခြောက်စင်းအား ပစ်ချနိုင်ခဲ့ကြောင်း၊ ယူကရိန်း အရှေ့မြောက်ပိုင်း ခါကိဗ် တွင်လည်း ရုရှားသံချပ်ကာယာဉ် လေးစီးအား ဖျက်ဆီးပစ်ခဲ့ကြောင်း ယူကရိန်းစစ်ဘက်က ထုတ်ပြန်ခဲ့သည်။ ယူကရိန်းလွှတ်တော်ကလည်း ပဋိပက္ခဖြစ်ပွားနေသော ဒိုးနက်နှင့် လူဟန့်ဒေသများမှတစ်ပါး ဖေဖော်ဝါရီ ၂၄ ရက်မှစတင်ကာ ရက် ၃၀ ကြာ နိုင်ငံတော်အရေးပေါ်အခြေအနေအဖြစ် ဥပဒေကြမ်းတစ်ရပ်ကို အတည်ပြုကြေညာခဲ့သည်။ ယူကရိန်း သမ္မတ ဇယ်လန်းစကီးက ရုရှားနိုင်ငံနှင့် သံတမန်ဆက်ဆံရေး ပြတ်တောက်သွားပြီဖြစ်ကြောင်း ပြောကြားလိုက်သည်။