အင်အားကြီးရန်သူ ရုရှားကို ယူကရိန်း၏ တွန်းလှန်တိုက်ခိုက်နည်း

အင်အားကြီးရန်သူ ရုရှားကို ယူကရိန်း၏ တွန်းလှန်တိုက်ခိုက်နည်း
(Photo : AP)
(Photo : AP)
Published 2 March 2022
ဖြိုးဟိန်းကျော်

၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလထဲတွင် ခရိုင်းမီးယားကျွန်းဆွယ် သိမ်းယူခံရစဉ်က ချည့်နဲ့နေသော ယူကရိန်းစစ်တပ်သည် တွန်းလှန်ကာကွယ်နိုင်ခြင်း အလျဉ်းမရှိခဲ့ပေ။ နောက်ပိုင်းတွင်မူ လက်နက်ခဲယမ်းအင်အား မတောင့်တင်းသော်လည်း စစ်သွေးစစ်မာန် ပြည့်ဝသည့် ယူကရိန်းစစ်တပ်သည် နိုင်ငံအရှေ့ပိုင်း ဒွန်းဘတ်စ်ဒေသရှိ ခွဲထွက်ရေးသူပုန်များနှင့် တိုက်ပွဲများ ဖြစ်ပွားလာခဲ့ရာတွင် ထောင်နှင့်ချီ အကျအဆုံးရှိခဲ့သည်။

ယင်းကာလအတွင်း ယူကရိန်းသည် ၎င်းတို့စစ်တပ်ကို အများအားဖြင့် အစီအစဉ် တကျမဟုတ်သော ပြင်ဆင်ဖွဲ့စည်းမှု အစီအစဉ်ကို စတင်ဖော်ဆောင်ခဲ့ပြီးနောက်ပိုင်း အရေးပါသည့်အင်္ဂါရပ်အများအပြားတွင် ပျော့ ကွက်ရှိနေသည့်တိုင် ယခင်ထက် အင်အားအတော်အတန် ပိုမိုတောင့်တင်းသော စစ်တပ် တစ်ခု ဖြစ်လာခဲ့ပေသည်။

၂၀၁၄ နှင့် ၂၀၁၅ ခုနှစ်မှစတင်ကာ ယူကရိန်းသည် ၎င်း၏ကာကွယ်ရေးအသုံးစရိတ်ကို သုံးဆတိုးမြှင့်ကာ စစ်တပ်ကို အဆင့်မြှင့်တင်ရန် ကြိုးပမ်းလာခဲ့ပြီး ရုရှား၏ အန္တရာယ်မှ မိမိကိုယ်ကို ကာကွယ်နိုင်ရန်အတွက်သာမက မြောက်အတ္တန္တိတ်စာချုပ်ဝင်နိုင်ငံများအဖွဲ့  (နေတိုး) ၏ အဖွဲ့ဝင်ဖြစ်လာရေးအတွက် လိုအပ်သည့်စံနှုန်းများနှင့် ကိုက်ညီစေရန်အ တွက်လည်း ဦးတည်လုပ်ဆောင်လာခဲ့သည်။

စာရွက်ပေါ်တွင်ရှိသော အင်အားအရ ယူကရိန်းစစ်တပ်သည် အထင်ကြီးစရာကောင်းပြီး အမြဲတမ်းတပ်ဖွဲ့ဝင် နှစ်သိန်းခန့် နှင့် ၎င်းတို့ကို အထောက်အကူပြုကာ သယ်ယူပို့ဆောင်ပေးလျက်ရှိသော အကြီးစားတင့်ကား အစီး ၈၀၀ ခန့်နှင့် ထောင်နှင့်ချီသည့် သံချပ်ကာယာဉ်များကို ပိုင်ဆိုင်ထားသည်။ အဆိုပါ တပ်ဖွဲ့ဝင်အင်အားသည် ၂၀၁၄ ခု နှစ်ကနှင့်နှိုင်းယှဉ်လျှင် လေ့ကျင့်ရည် သိသိသာသာ ပိုမိုကောင်းမွန်လာခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။

စစ်တပ်အားလုံးအတွက် အဓိကကျောရိုးဖြစ်သည့် ပြန်တမ်းဝင်မဟုတ်သော အထူး လေ့ကျင့်ထားသည့်အရာရှိများသည် ကောင်းမွန်သော ခေါင်းဆောင်မှုစွမ်းရည်များရှိကြပြီး စိတ်ဓာတ်နှင့် လှုံ့ဆော်မှု မြင့်မားကြသည် ဟု အကဲခတ်အများစုက ဆိုသည်။

ရုရှား၏ လက်နက်ကြီးပစ်ခတ်မှုနှင့် လေတပ်ကို ခုခံနိုင်စွမ်းနည်းနေ

ယူကရိန်း၏ သံချပ်ကာယန္တရားတပ်ဖွဲ့ နှင့် လက်နက်ခဲယမ်းအများစုသည် အတော်အတန် ခေတ်နောက်ကျနေပြီဖြစ်ကာ ယူကရိန်းရှိ စစ်လက်နက်ထုတ်လုပ်သည့် စက်ရုံ များက T72 တင့်ကားကဲ့သို့သော မိုဒယ်အဟောင်းများကို အဆင့်မြှင့်တင်ထုတ်လုပ်လျက်ရှိသော်လည်း ၎င်းတို့ထက် များစွာသာ လွန်အဆင့်မြင့်သော ရုရှားတင့်ကားများနှင့် သံချပ်ကာယာဉ်များကို ဟန့်တားကာကွယ်ရာတွင် အကျိုးသက်ရောက်မှု နည်းပါးလိမ့်မည်ဖြစ်သည်။

ရုရှားလုပ်တင့်ကားနှင့် သံချပ်ကာယာဉ် အမျိုးအစားအချို့သည် နေတိုးမဟာမိတ်အုပ်စု၏ လက်ဝယ်တွင်ရှိသော အကောင်းဆုံးတင့်နှင့် သံချပ်ကာယာဉ်များကိုပင် တန်းတူယှဉ်နိုင် (သို့တည်းမဟုတ်) သာလွန်နေသည်ဟု သိရသည်။

ထို့အပြင် ယူကရိန်းစစ်တပ်သည် အစဉ်အလာအရ ဆိုဗီယက်ယူနီယံ၏ စွမ်းပကားအကြီးဆုံး ဖြစ်ခဲ့သော ရုရှားအမြောက်တပ်ကို သာမက ရုရှားတိုက်လေယာဉ်များ၏ အန္တ ရာယ်ကို ခုခံရန်အတွက်လည်း အားနည်းချက်များ ရှိနေခဲ့သည်။

မကြာသေးမီတွင် နေတိုးမဟာမိတ်အုပ်စုက ပေးပို့ခဲ့သော ပခုံးထမ်း တင့်ဖျက်ဒုံးကျည်၊ လေယာဉ်ပစ် ဒုံးကျည်များနှင့် အခြားစစ်လက်နက်များသည် ရုရှားစစ်တပ်ကို ထိခိုက်ကျရှုံး မှုများရှိစေမည်ဖြစ်သော်လည်း စစ်ရေးဒီရေကို အပြောင်းအလဲဖြစ်နိုင်စေဖွယ် မရှိပေ။

ယူကရိန်းလေတပ်မှာမူ အင်အားအတော်အတန်ကြီးသော စစ်အေးခေတ်တိုက် လေယာဉ်အုပ်ကို ပိုင်ဆိုင်ထားပြီး တပ်ဖွဲ့ဝင် များသည်လည်း စည်းကမ်းနှင့် လေ့ကျင့်ရည် ပြည့်ဝနေသူများ ဖြစ်ကြသည်။

သို့ရာတွင် ရုရှားသည် ၎င်းတို့၏ စွမ်းအားမြင့် S 400 တာဝေးပစ် လေယာဉ်ပစ်ဒုံးကျည်များနှင့် အခြားလက်နက်စနစ်များကို အသုံးပြုကာ အရေးပါသော ဝေဟင်စိုးမိုးမှုရရှိရေးနှင့် ထိန်းချုပ်ရေးအတွက် လေကြောင်း နှင့် အာကာသတပ်ဖွဲ့ကို သီးသန့်တာဝန်ပေးထားပြီးဖြစ်သည်။ 

S 400 ဒုံးကျည်စနစ်များသည် ၁၉၉၀ ပြည့်နှစ်များကတည်းကပင် အသုံးပြုခဲ့သည့် ယူကရိန်း၏ သက်တမ်းရင့် တိုက်လေယာဉ်များနှင့် ဗုံးကြဲလေယာဉ်များကိုပင် မဆိုထား နှင့် အဆင့်အမြင့်ဆုံးသော နေတိုးမဟာမိတ် အုပ်စု၏ လေတပ်များကပင် အလေးအနက်ထားနေရသည့် ဒုံးကျည်စနစ်များဖြစ်သည်။

ယူကရိန်းအနေဖြင့် လူအများ၏ တွက်ကိန်းကို မှားယွင်းစေခဲ့သည့် အောင်မြင်မှုအချို့ကိုရရှိခဲ့သော်လည်း နောက်ဆုံးတွင်မူ ရုရှား၏ အဆင့်မြင့် တိုက်လေယာဉ်များနှင့် ဒုံးကျည်များကသာ ဝေဟင်ကို စိုးမိုးသွားဖွယ် ရှိနေသည်။

ယူကရိန်းလေသူရဲများသည် တိုက်လေယာဉ်များကို မောင်းနှင်ကာ ခုခံတိုက်ခိုက်နေဆဲဖြစ်ပြီး ရုရှားဂျက်တိုက်လေယာဉ်များကို ပစ်ချနိုင်ခဲ့သည်ဆိုသော ယုံကြည်ရသည့် သတင်းများ ထွက်ပေါ်လျက်ရှိသည်။ ထို့အပြင် ခေတ်မမီတော့သည့်တိုင် စနစ်တကျကိုင်တွယ်အသုံးပြုမှုကြောင့် ထိရောက်မှုရှိနေဆဲဖြစ်သော လေယာဉ်ပစ်ဒုံးကျည်များသည်လည်း ရုရှားကို အထိနာအောင် လုပ်နိုင်ခဲ့သည်ဟု ယူကရိန်းသတင်းရင်းမြစ်များက ဆိုသည်။ 

■ ယူကရိန်းက ရုရှားကို အချိန်ဆွဲ၍ တိုက်ခိုက်မည်လော

ယူကရိန်းစစ်ဗိုလ်ချုပ်ကြီးများသည် ရုရှားက အသာစီးရနေသည့် စွမ်းရည်များကို ထိပ်တိုက်ရင်ဆိုင်ဖွယ်မရှိသကဲ့သို့ ရန်သူ၏ လက်နက်ကြီးပစ်အားနှင့် လေကြောင်းမှ ပစ်အားကြောင့် မိမိတပ်ဖွဲ့ဝင်များ အကျအရှုံးများစေမည့် တပ်ဖြန့်မှုမျိုးကိုလည်း ပြုလုပ်ဖွယ်မရှိပေ။ ယခင်ကလည်း ၎င်းတို့အနေဖြင့် ယင်းအခြေအနေမျိုးကို ကြုံတွေ့ခဲ့ရပြီးဖြစ်သည်။ ၂၀၁၄ ခုနှစ်က နိုင်ငံအရှေ့ပိုင်းတွင် စု ဖွဲ့နေရာယူနေသည့် ယူကရိန်းတပ်ဖွဲ့ဝင်များသည် ရော့ကတ်ဒုံးကျည်ဖြင့် ချေမှုန်းခံခဲ့ရဖူးသည်။ ယင်းဖြစ်စဉ်တွင် ရုရှားကျောထောက် နောက်ခံပြု ခွဲထွက်ရေးအင်အားစုများက ဒရုန်းများလွှတ်တင်ကာ ပစ်မှတ်များကို ရော့ကတ်ဖြင့် ထိထိရောက်ရောက်တိုက်ခိုက်နိုင်စေရန် လမ်းကြောင်းပြကာ အကူအညီပေးခဲ့ ခြင်းဖြစ်သည်။

စစ်လက်နက်အင်အားညီမျှမှု သို့တည်းမဟုတ် အရေအတွက်တစ်ခုတည်းကိုသာ အာရုံစိုက်နေခြင်းသည် ကြီးမားသောအမှား တစ်ခုပင် ဖြစ်ပေလိမ့်မည်။

ဗြိတိန်၏ စစ်ရေးဒဿနအရ တိုက်ခိုက်ရေးစွမ်းရည်ကို ပုံဖော်ပေးသည့် အခြေခံအချက် သုံးချက်ရှိနေပြီး ယင်းတို့မှာ ကျင့်ဝတ်၊ တွေးခေါ်မြော်မြင်မှုနှင့် ရုပ်ဝတ္ထုပစ္စည်းတို့ ဖြစ်ကြသည်။ ကျင့်ဝတ်ပိုင်းတွင် စိတ်ဓာတ်၊ ညီညွတ်မှု၊ လှုံ့ဆော်မှုတို့ပါဝင်နေပြီး တွေးခေါ် မြော်မြင်မှုအပိုင်းတွင် မဟာဗျူဟာ၊ ဆန်းသစ် တီထွင်မှု၊ စစ်ရေးအယူအဆတို့နှင့် အကျုံးဝင်နေကာ ရုပ်ဝတ္ထုပစ္စည်းဆိုသည်မှာမူ စစ်လက်နက် ခဲယမ်းများကို ရည်ညွှန်းခြင်းဖြစ်သည်။

ယူကရိန်းအနေဖြင့် နိုင်ငံရေးအရ ထိခိုက်ဆုံးရှုံးမှု ကြီးမားလာနိုင်သော ကာလရှည် စစ်ပွဲတစ်ရပ်ကို ဆင်နွှဲနိုင်ဖွယ်မရှိသည့် ရုရှား ၏ အားနည်းချက်ကို အသုံးချနိုင်ရန် ကြိုးပမ်း ပေလိမ့်မည်။

ယူကရိန်းပြည်သူ အတော်များများသည် လက်နက်ခဲယမ်းများ ကိုင်တွယ်အသုံးပြုနည်းကို အခြေခံအားဖြင့် သိရှိထားကြပြီးဖြစ်ကာ ရုရှားက ကျူးကျော်မှု လုပ်ဆောင်လာချိန်တွင် သိန်းနှင့်ချီသည့် အရန်တပ်ဖွဲ့ဝင်များကိုလည်း ဆော်သြစည်းရုံးထားခဲ့သည်။ ၎င်းတို့အနေဖြင့် ခေတ်မီ တင့်ကားများနှင့် အဆင့်မြင့်စစ် လက်နက်အင်အား ချို့တဲ့နေသည့်တိုင် စိတ်ဓာတ်ပြင်းပြမှုနှင့် အယူအဆပိုင်းတို့တွင် အားသာချက်ရှိနေနိုင်သည်။

ယူကရိန်းတွင် နယ်မြေကာကွယ်ရေး အယူအဆ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေသည့် တော်လှန်ရေး ပြောက်ကျားစစ်ဆင်နွှဲ ခဲ့သည့် အစဉ်အလာတစ်ရပ် ခိုင်ခိုင်မာမာ ရှိနေခဲ့သည်။

ဂျာမန်တို့၏သိမ်းပိုက်မှုအောက်မှ လွတ်မြောက်ခဲ့ပြီးနောက် စစ်အေးကာလ၏ အစောပိုင်းနေ့ရက်များတွင် ယူကရိန်း၌ ပြောက်ကျားလက်နက်ကိုင်တပ်ဖွဲ့သည် ဆိုဗီယက်ကို တွန်းလှန်တိုက်ခိုက်ခဲ့ပြီး ၁၉၅၃ ခုနှစ်အ ရောက်တွင် ချေမှုန်းခံခဲ့ရသည်။

သို့ရာတွင် ယင်းကာလအတွင်း ၎င်းပြောက်ကျားတပ်ဖွဲ့သည် ရန်သူကို သောင်း နှင့်ချီပြီး အသေအပျောက်ရှိအောင် လုပ်ဆောင်နိုင်ခဲ့သည်။ ယင်းဖြစ်စဉ်ကို ကမ္ဘာပေါ် ရှိ အခြားနေရာဒေသများတွင် မေ့လျော့နေဖွယ်ရှိသော်လည်း ယူကရိန်းတွင်မူ ၎င်းလှုပ်ရှားမှုကို ကောင်းစွာအမှတ်ရနေပေလိမ့်မည်။

ယူကရိန်းသည် ရုရှားကို တတ်နိုင်သမျှ အထိခိုက် အကျအဆုံးများစေရန်နှင့် ရုရှားက သိသိသာသာ အသာစီးယူနိုင်ဖွယ်မရှိသည့် မြို့ပြဧရိယာများသို့ ရုရှားစစ်တပ်ကို မျှားခေါ်ရန် ရည်ရွယ်လျက်ရှိသည်။

စစ်မြေပြင်တွင် အရေးနိမ့်ခဲ့မည်ဆိုလျှင် တောင်ယူကရိန်း၏ ခုခံကာကွယ်သူများသည် အနောက်နိုင်ငံများ၏ အထောက်အပံ့နှင့်အတူ ရေရှည်တွန်းလှန်တိုက်ခိုက်မှုကို လက်နက်အင်အား အလုံအလောက်ဖြင့် စိတ်ဓာတ် ပြင်းပြစွာလုပ်ဆောင်လာဖွယ် ရှိနေသည်။

သို့ရာတွင် အခြားရှုထောင့်မှကြည့်မည် ဆိုပါက ယူကရိန်း၏ ယင်းကဲ့သို့ တွန်းလှန် တိုက်ခိုက်မှုကို အနောက်နိုင်ငံများက ကျောထောက်နောက်ခံပေးမည်ဆိုပါက မှန်းဆ၍ မရနိုင်သည့် အလွန်အန္တရာယ်များသော တုံ့ပြန်မှုမျိုးကို ရုရှားဘက်က ပြုလုပ်နိုင်ဖွယ်ရှိသည်။

စစ်ကြေညာသည့်မိန့်ခွန်းကို ပြောကြားစဉ်တွင် သမ္မတပူတင်က မိမိတို့ကို ဟန့်တား နှောင့်ယှက်ရန်ကြိုးပမ်းနေသူများအဖို့ သမိုင်းတွင် မကြုံဖူးသေးသည့် အကျိုးဆက်များနှင့် ရင်ဆိုင်ရနိုင်သည်ဟု ခြိမ်းခြောက်ခဲ့ပြီး ၎င်း၏ အင်အားကြီးမားသော နျူကလီးယားလက်နက်များကို ရည်ညွှန်းပြောဆိုခဲ့ပေသည်။ 

■Ref : CNA