အပြစ်ဒဏ်၏ ရည်ရွယ်ချက်များ

အပြစ်ဒဏ်၏ ရည်ရွယ်ချက်များ
Published 2 March 2022

ပြစ်မှုဆိုင်ရာဥပဒေသည် ပြစ်မှုနှင့်ဆက်နွှယ်နေသော ဥပဒေ၏ အဓိကအစိတ်အပိုင်း ဖြစ်သည်။ ယင်းကို ပြည်သူတို့၏ အိုးအိမ်စည်းစိမ်၊ ကျန်းမာရေး၊ ဘေးကင်းလုံခြုံမှုနှင့် ကိုယ်ကျင့်တရားဆိုင်ရာ ကောင်းကျုးချမ်းသာတို့အပေါ် ခြိမ်းခြောက်မှု၊ ထိခိုက်စေမှု သို့တည်းမဟုတ် တစ်နည်းအားဖြင့် အန္တရာယ်ပြုမှုအဖြစ် မှတ်ယူထားသည့် လုပ်ဆောင်ချက်များကို တားမြစ်ပိတ်ပင်ရန် ချမှတ်ထားခြင်း ဖြစ်သည်။ ပြစ်မှုဆိုင်ရာ ဥပဒေအများစုကို ဥပဒေပြု အာဏာပိုင် အဖွဲ့က ပြဋ္ဌာန်းသည့် ဥပဒေများအဖြစ် ထူထောင်ထားခြင်း ဖြစ်သည်။ ယင်းတွင် အဆိုပါဥပဒေများကို ချုးဖောက်သူများအား အပြစ်ပေးမှု ပါဝင်သည်။ ပြစ်မှုဆိုင်ရာ ဥပဒေများသည် တရားစီရင်ပိုင်ခွင့်အရ အမျုးမျုးကွဲပြားကြပြီး အငြင်းပွားမှု ဖြေရှင်းရေးနှင့် အပြစ်ပေးခြင်းထက် ထိခိုက် နစ်နာသူကို ပေးလျော်စေရေးတို့အပေါ် အဓိက ထားသည့် တရားမမှု များနှင့် ကွဲပြား ခြားနားသည်။ ပြစ်မှုဆိုင်ရာလုပ်ငန်းစဉ်ကို ပြစ်မှုကျူးလွန်ကြောင်း အချက်အလက်များဖြင့် သက်သေပြခြင်းနှင့် ကျူးလွန်သူကို အပြစ်ပေးပိုင်ခွင့်ရှိခြင်းတို့ ပါဝင်သည့် တရားဝင်လုပ်ဆောင်ချက်အဖြစ် ပုံသေသတ်မှတ်ထားသည်။

အပြစ်ဒဏ် ချမှတ်ခြင်းအားဖြင့် ပြစ်မှုဆိုင်ရာဥပဒေအား ဖော်ဆောင်မှုအတွက် အများလက်ခံထားသော ရည်ရွယ်ချက် ငါးရပ်ရှိသည်။ ၎င်းတို့မှာ ဒဏ်ခတ်ခြင်း၊ ဟန့်တားခြင်း၊ မကျူးလွန်နိုင်အောင်ပြုလုပ်ခြင်း၊ ပြန်လည်ထူထောင်ပေးခြင်းနှင့် ပြန်လည်ထိန်းသိမ်းပေး ခြင်းတို့ဖြစ်သည်။

ဒဏ်ခတ်ခြင်း - ပြစ်မှုကျူးလွန်သူများကို တစ်နည်းနည်းဖြင့် အပြစ်ပေးသင့်သည်သာဖြစ် သည်။ ယင်းကို အများစုက ရည်ရွယ်ချက်အဖြစ် ရှုမြင်ကြသည်။ ပြစ်မှု ကျူးလွန်သူများသည် အခြားသူများအပေါ် မလျော်ကန်သော အားသာချက် ရယူခြင်း သို့မဟုတ် မမျှတသော ထိခိုက်နစ်နာစေမှု ဖြစ်စေခြင်း ပြုခဲ့ကြပြီး ပြစ်မှုဆိုင်ရာဥပဒေအရ ပြစ်မှုကျူးလွန်သူများကို ပြန်လည်ပေးဆပ်မှုအနေဖြင့် မနှစ်မြို့ဖွယ်ကောင်းသော ဆိုးကျုးတစ်ရပ် ပြန်လည်ခံစား စေခြင်းဖြစ်သည်။ ပြည်သူများသည် ၎င်းတို့အနေဖြင့် အသတ်မခံရရေး အခွင့်အလမ်းကို ရရှိရန် ဥပဒေများကို လိုက်နာခြင်းဖြစ်ပြီး လူများသည် ယင်းဥပဒေများကို ချုးဖောက်ပါက ၎င်းတို့ကိုယ်တိုင်အပေါ် ဥပဒေက အာမခံ ပေးထားသည့် အခွင့်အရေးများကို စွန့်လွှတ် လိုက်ခြင်း ဖြစ်ပေသည်။ ထို့ကြောင့် လူသတ်မှုကျူးလွန်သူသည် မိမိကိုယ်မိမိ ကွပ်မျက်လိုက် သည့် သဘောပင်ဖြစ်သည်။

ဟန့်တားခြင်း - တစ်ဦးချင်းဆိုင်ရာ ဟန့်တားမှုသည် သက်ဆိုင်ရာကျူးလွန်သူအတွက် ရည်ရွယ်ပြီး ထိုသူအား ပြစ်မှုကျူးလွန်သည့် အမူအကျင့်ပပျောက်စေရန် လုံလောက်သည့် ပြစ်ဒဏ်ပေးခြင်းဖြစ်သည်။ အထွေထွေသဘော ဟန့်တားမှုသည် လူ့အဖွဲ့အစည်းတစ်ရပ် လုံးအတွက် ရည်ရွယ်ခြင်းဖြစ်သည်။ ပြစ်မှုကျူးလွန်သူများကို ပြစ်ဒဏ်ချမှတ်ခြင်းအားဖြင့် အခြားသူများကိုလည်း အလားတူကျူးလွန်မှုများ မပြုလုပ်စေရန် သတိပေးဟန့်တားခြင်း ဖြစ်သည်။

မကျူးလွန်နိုင်အောင်ပြုလုပ်ခြင်း - ပြည်သူများကို ၎င်းတို့၏ ကျူးလွန်မှုခံရခြင်းမှနေ၍ ကာကွယ် စောင့်ရှောက်သော အားဖြင့် ပြစ်မှု ကျူးလွန်သူများအား လူ့အဖွဲ့အစည်းမှ သီးခြား ခွဲထုတ်ကာ ထိန်းသိမ်း ထားလိုက်ခြင်း ဖြစ်သည်။ ယနေ့ခေတ်တွင် ယင်းရည်ရွယ်ချက် ပေါက်မြောက်ရန်အတွက် ထောင်ဒဏ်ချမှတ်မှုကို ကျင့်သုံးသည်။ သေဒဏ်ချမှတ်ခြင်းသည် လည်း ဖော်ပြပါရည်ရွယ်ချက်အတွက်ပင် ဖြစ်သည်။

ပြန်လည်ထူထောင်ပေးခြင်း - ပြစ်မှုကျူးလွန်သူကို လူ့အဖွဲ့အစည်း၏ တန်ဖိုးရှိသော အဖွဲ့ ဝင်တစ်ဦးအဖြစ် အသွင်ပြောင်းပေးရန်ရည်ရွယ်သည်။ ပြစ်မှုကျူးလွန်သူများအား ၎င်းတို့၏ လုပ်ရပ်သည် မှားယွင်းကြောင်း သိမြင် သွားစေခြင်းဖြင့် နောက်ထပ်ပြစ်မှု ထပ်မံ ကျူးလွန်ခြင်းမရှိအောင် ကာကွယ်ခြင်းသည် မူရင်းရည်ရွယ်ချက် ဖြစ်သည်။

ပြန်လည်ထိန်းသိမ်းပေးခြင်း - ကျူးလွန်သူက ကျူးလွန်ခံရသူအပေါ် ထိခိုက်နစ်နာစေသည့် ဒဏ်ရာကို နိုင်ငံတော်အာဏာဖြင့် ပြန်လည်ကုစားပေးရန် ရည်ရွယ်သည်။ ဥပမာအားဖြင့် အလွဲသုံးစားလုပ်ထားသူတစ်ဦးသည် မတရားသဖြင့် ရယူထားသည့်ပမာဏကို ပြန်လည် ပေးဆပ်ရန်လိုအပ်သည်။

မည်သို့ပင်ဆိုစေကာမူ ပြစ်မှုဆိုင်ရာဥပဒေများအရ ပြစ်ဒဏ်ပေးခြင်းသည် ဖော်ပြပါ ရည်ရွယ်ချက်များအား အကောင်အထည် ဖော်ခြင်းသာဖြစ်သင့်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

(မတ်လ ၃ ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့ အာဘော်)