ဒွန်းဘက်စ်မှ စသော ရုရှားကျူးကျော်စစ် ဘယ်လိုပြီးဆုံးမလဲ

ဒွန်းဘက်စ်မှ စသော ရုရှားကျူးကျော်စစ် ဘယ်လိုပြီးဆုံးမလဲ
Published 1 March 2022
ဇင်မျိုး 

ရုရှားစစ်သား ၁၉၀၀၀၀ အထိ ယူကရိန်းနိုင်ငံကို ကျူးကျော်ရန် အသင့်ဖြစ်နေခြင်းနှင့်အတူ ယူကရိန်းအရှေ့ပိုင်းက ခွဲထွက်ဒေသနှစ်ခု၏ လွတ်လပ်ရေးကို ရုရှားက ချက်ချင်း အသိအမှတ်ပြုတော့မည်ဟု ဖေဖော်ဝါရီ ၂၁ ရက်တွင် သမ္မတ ဗလာဒီမာပူတင်က ပြောကြားခဲ့သည်။ ရုပ်သံက တိုက်ရိုက်ထုတ်လွှင့်သော အစီအစဉ်တစ်ရပ်တွင် အဆိုပါဒေသနှစ်ခု၏ လွပ်လပ်ရေးကို အသိအမှတ်ပြုမည်ကိုထောက်ခံသည်ဟု မစ္စတာပူတင်က သူ၏လုံခြုံရေးကောင်စီအဖွဲ့ဝင်များကို ကြေညာစေခဲ့သည်။ နောက်ပိုင်းတွင် မိန့်ခွန်းရှည်ပြောကြားခဲ့ပြီးနောက် ပူတင်သည် ဖြစ်လာတော့မည့် နိုင်ငံငယ်လေးများဖြစ်သည့် ဒိုးနက်သမ္မတနိုင်ငံနှင့် လူဟန်သမ္မတနိုင်ငံတို့က  ခေါင်းဆောင်များနှင့်အတူ ချစ်ကြည်ရေး၊ ပူးပေါင်းဆောင်ရွက်ရေး၊ အပြန်အလှန်ကူညီရေးတို့နှင့် သက်ဆိုင်သော သဘောတူညီချက်များကို လက်မှတ်ရေးထိုးခဲ့သည်။ ဆုံးဖြတ်ချက်ကို လျင်မြန်စွာ အတည်ပြုပေးရန် ပူတင်က လွှတ်တော်ကို တိုက်တွန်းခဲ့သည်။ ရုရှားလွှတ်တော်သည် ယူကရိန်းခွဲထွက်ဒေသနှစ်ခုကို လွတ်လပ်သောနိုင်ငံများအဖြစ် အသိအမှတ်ပြုမည့်ကိစ္စအား ဖေဖော်ဝါရီလအစောပိုင်းတွင် ထောက်ခံထားသည်။ ရုရှားစကားပြောသူများ လွှမ်းမိုးထားသည့် ဒွန်းဘက်စ်ဒေသ၏ အစိတ်အပိုင်းဖြစ်သော ဒိုးနက်နှင့် လူဟန်တို့ကို ၂၀၁၄ ခုနှစ်ကတည်းက ခွဲထွက်ရေးသမားများ ထိန်းချုပ်ထားသည်။ စင်စစ်အားဖြင့် ယင်းဒေသနှစ်ခုကို ရုရှားက ထိန်းချုပ်ထားခြင်းဖြစ်သည်။ ဤဒေသနှစ်ခုသည် ဘာကြောင့်အရေးပါနေသနည်း။ အဆိုပါ ဒေသနှစ်ခု၏ လွတ်လပ်ရေးကို ရုရှားအသိအမှတ်ပြုခြင်းက အကျည်အတည်းလမ်းကြောင်း မည်သို့မည်ပုံ ပြောင်းလဲသွားစေနိုင်ပါသနည်း။

လမ်းပေါ်ကဆန္ဒပြပွဲများ လပေါင်းများစွာဖြစ်ပွားခဲ့ပြီးနောက် ယူကရိန်း၏ ရုရှားကျောထောက်နောက်ခံပြု သမ္မတ ဗစ်တာယာနူကိုဗစ်ချ်ကိယက်ဗ်မှ ထွက်ပြေးသွားသည့် ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလက ပေါ်ပေါက်ခဲ့သော မိုင်ဒန်တော်လှန်ရေးကတည်းက ယူကရိန်းနှင့် စစ်ရေးတင်းမာမှုများ စတင်သည်။ ၂၀၁၄ ခုနှစ် မတ်လတွင် တောင်ပိုင်းရှိ ခရိုင်းမီးယားကို ကျူးကျော်သိမ်းပိုက်ခြင်းဖြင့် ရုရှားက တုံ့ပြန်ခဲ့သည်။ မကြာမီယူကရိန်းအရှေ့ပိုင်းတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့တော့သည်။ ချိတ်ဆက်လှုပ်ရှားမှုအားနည်းသော စစ်သွေးကြွများသည် ဧပြီလတွင် ဒိုးနက်နှင့် လူဟန်ရှိ အစိုးရအဆောက်အအုံများကို စတင်သိမ်းယူကြသည်။ မကျေနပ်သောနယ်ခံများနှင့် ယူကရိန်း၏ အခြားနေဒေသများရှိ ထောက်ခံအားပေးသူ အားလုံးနီးပါးဖြင့် စုဖွဲ့ထားသော အဆိုပါအုပ်စုများသည် ၂၀၁၄ ခုနှစ် မေလတွင် ဒိုးနက်ပြည်သူ့သမ္မတနိုင်ငံ၊ လူဟန်ပြည်သူ့သမ္မတနိုင်ငံများအဖြစ် လွတ်လပ်ရေး ကြေညာကြသည်။ နိုင်ငံအလောင်းလျာများဖြစ်သော နိုင်ငံငယ်နှစ်နိုင်ငံက ကိုယ့်ကိုယ်ကိုယ် နိုဗိုရိုစီယာ (ရုရှားနိုင်ငံတော်သစ်)အဖြစ် သတ်မှတ်ခဲ့ကြသည်။ နိုဗိုရိုစီယာဆိုသော ဝေါဟာရမှာ ၁၈ ရာစုတွင် ရုရှားအင်ပါယာက သိမ်းပိုက်စိုးမိုးခဲ့သော တောင်ပိုင်းယူကရိန်းနယ်မြေအတွက် ပြန်လည်ဖော်ထုတ်ထားသော ဝေါဟာရ ဖြစ်သည်။

ယူကရိန်းတပ်ဖွဲ့များက ထိုးစစ်ဆင်ခဲ့ကြ သည်။ ခွဲထွက်ရေးသမားများ ထိန်းချုပ်ထားသည် နယ်မြေများကို ပြန်လည်သိမ်းပိုက်မည့် အနေအထားဖြစ်ခဲ့သည်။ သို့ရာတွင် ရုရှားစစ်ကူများ နယ်စပ်ဖြတ်၍ ဝင်လာခဲ့ရာ ယူကရိန်းအချက်အချာနေရာများအထိ ဝင်ရောက်ရန် ခြိမ်းခြောက်လာခဲ့သည်။ ယူကရိန်း၊ ရုရှားနှင့် ခွဲထွက်သွားသူများအကြား အလျင်စလိုနိုင်သော ငြိမ်းချမ်းရေးသဘောတူစာချုပ်က အပြင်းအထန်တိုက်ခိုက်မည့်အရေးကို တားဆီးပေးခဲ့သည်။ Minsk အမှတ်-၁ ဟု ခေါ်သော ဤငြိမ်းချမ်းရေးသဘောတူစာချုပ်မှာ မကြာမီပျက်သွားခဲ့သည်။ ၂၀၁၅ ခုနှစ် ဇန်နဝါရီလတွင် အင်ပြည့်အားပြည့် တိုက်ခိုက်မှုများ ထပ်မံဖြစ်ပွားသည်။

ဂျာမနီဝန်ကြီးချုပ်ဟောင်း အိန်ဂျယ်လာမာကယ်၊ ပြင်သစ်သမ္မတဟောင်း ဖရန်ဆွာအော်လွန်းဒ်တို့က အပစ်ရပ်စဲရေးအတွက် ကြားဝင်ဆောင်ရွက်ပေးခဲ့ကြသည်။ Minsk အမှတ်- ၂ ငြိမ်းချမ်းရေးသဘောတူညီချက်များရအောင် ၎င်းတို့က ဆောင်ရွက်ပေးခဲ့ကြသည်။ ထိုသဘောတူစာချုပ်အရ ဒွန်းဘက်စ်၏ ဒေသအများအပြားမှာ ခွဲထွက်ရေးသမားများ၏ ထိန်းချုပ်မှုအောက်ကို ရောက်သွားခဲ့ရသည်။ ကတုတ်ကျင်းများ၊ မြေမြှုပ်မိုင်းများဖြင့် ပြည့်နေသည့် ကီလိုမီတာ ၅၀၀ ရှည်လျားသော ပိုင်းခြားမျဉ်းသည် ဒွန်းဘက်စ်ကို ဖြတ်ထွက်သွားသည်။ အပစ်ရပ်စဲမှုကို စောင့်ကြည့်ရန် ပြည်ပစောင့်ကြည့်သူများရှိ နေလင့်ကစား ဒွန်းဘက်စ်သည် လုံးလုံးလျားလျား ငြိမ်သက်သွားခြင်းမျိုးမရှိခဲ့။ ၂၀၁၄ ခုနှစ်ကတည်းက လူ ၁၄၀၀၀ ကျော် သေဆုံးခဲ့သည်။

ကျူးကျော်မှု တရားမျှတကြောင်း ရှင်းချက်ထုတ်ရန် ရုရှားက လုပ်ဇာတ်ဖန်တီးရန် ကြိုးစားနေသည်ဟု အနောက်နိုင်ငံများက သတိပေးနေသည့်ကြားမှ ပိုင်းခြားမျဉ်းတစ်လျှောက် လက်နက်ကြီးများဖြင့် တိုက်ခိုက်မှုသည် ဖေဖော်ဝါရီလအတွင်း သိသိသာသာမြင့်တက်လာခဲ့သည်။ ခွဲထွက်ဒေသများက ခေါင်းဆောင်များက အရပ်သားများကို ရုရှားသို့ စတင်ပြောင်းရွှေခိုင်းခဲ့သော်လည်း တိုက်ခိုက်နိုင်သည့် အသက်အရွယ်ရှိ အမျိုးသားများကို ချန်ထားခဲ့သည်။ ယူကရိန်းက ရုရှားနိုင်ငံထဲသို့ အဖျက်သမားများ၊ သံချပ်ကာယာဉ်များ စေလွှတ်ထားသည်ဟူသော ရုရှားသတင်းများကို မဟုတ်မမှန်သတင်းများအဖြစ် ယူကရိန်းက ပယ်ချခဲ့သည်။

Minsk သဘောတူစာချုပ်များအရ ယူကရိန်းက ဒိုးနက်နှင့် လူဟန်တို့ကို အထူးအခြေအနေဖြင့် ပြန်လည်သိမ်းသွင်းရန် မျှော်မှန်းသည်။ နောက်ဆက်တွဲဆောင်ရွက်စရာအဆင့်များ၊ ပဋိပက္ခကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြသော ဒွန်းဘက်စ်ပြည်သူများ မဲပေးခွင့်ရှိမရှိဆိုသည့် ပြဿနာတို့ရှိနေသဖြင့် အထူးအခွင့်အရေးဆိုသည့်အချက်ကို သတ်မှတ်ခြင်းရခြင်း မရှိသေးပေ။

ရုရှားအတွက်မူ Minsk သဘောတူ စာချုပ်များသည် ယူကရိန်းကို ထိန်းချုပ်ခွင့်ရစေမည့် ထရိုဂျန်မြင်းကို ဖန်တီးပေးလိုက်ခြင်းဖြစ်သည်။ ယူကရိန်းနိုင်ငံတွင်းကနေ ယူကရိန်းကို မတည်မငြိမ်ဖြစ်အောင်လုပ်၍ ရမည်၊ ယူကရိန်း၏အနောက်ကို ယိမ်းမှုကို ရုရှားက ဗီတိုဖြင့် တားဆီးမည့် ဖွဲ့စည်းပုံဆိုင်ရာအပြောင်းအလဲများမှတစ်ဆင့်  ယူကရိန်း မတည်ငြိမ်အောင်လုပ်၍ ရမည်ဖြစ်သည်။ ယူကရိန်းအတွက်မူ Minsk သဘောတူစာချုပ်သည် ၂၀၁၅ ခုနှစ်ကတည်းက မျိုချရန် ငြင်းဆန်ခဲ့သော အဆိပ်ဆေးလုံးဖြစ်သည်။

ရုရှားအစိုးရက အသိအမှတ်ပြုလိုက်သော သမ္မတနိုင်ငံငယ်လေးနှစ်နိုင်ငံသည် ရုရှားနိုင်ငံသားများရှိနေသော နိုင်ငံများဖြစ်နေရာ ယင်းလုပ်ရပ်က ယူကရိန်းကို အလိမ္မာဖြင့် သိမ်းပိုက်သည့် သဘောပင်ဖြစ်သည်။ ထို့အပြင်ရုရှားသည် ဒွန်းဘက်စ်ဒေသခံအများစုကို နိုင်ငံကူးလက်မှတ်များ ထုတ်ပေးခဲ့သည်။ ထိုလူအများစုသည် လွန်ခဲ့သောနှစ်က ကျင်းပခဲ့သည့် ရုရှားပါလီမန်ရွေးကောက်ပွဲများတွင် မဲပေးခဲ့ကြသည်။ ယခုသော် ရုရှားလုပ်ရပ်က ရှင်းရှင်းလင်းလင်း ဖြစ်သွားပြီဖြစ်သည်။ ရုရှားသည်  ယူကရိန်းကို လားရာမျိုးစုံမှ ကျူးကျော်တိုက်ခိုက်နေပြီဖြစ်သည်။

ယူကရိန်းမြို့တော် ကိဗ်ကို ချီတက်လာသော ရုရှားတင့်ကားများနှင့် သံချပ်ကာယာဉ်ကားတန်းမှာ မိုင် ၄၀ ရှည်လျားသည်။ အဆိုပါယာဉ်တန်းသည် ဖေဖော်ဝါရီ ၂၈ ရက်တွင် ဘီလာရုစ်တောင်ပိုင်းမှ ထွက်ခွာလာခြင်းဖြစ်သည်။ မူလက ယာဉ်တန်းအရှည်မှာ ၁၇ မိုင်ရှိသည်ဟု ခန့်မှန်းခဲ့သော်လည်း အမေရိကန်ဂြိုဟ်တုဓာတ်ပုံများအရ ယာဉ်တန်းအရှည်မှာ မိုင် ၄၀ ရှိကြောင်း ခန့်မှန်းထားသည်။ စစ်ကားများ ဖြန့်ကြက်ထားမှုသည် ဘီလာရုစ်နယ်စပ်အထိ ရောက်နေသည်ဟု အမေရိကန်ကုမ္ပဏီ Maxar ၏ ထုတ်ပြန်သော ဂြိုဟ်တုပုံများအရ သိရသည်။

ယူကရိန်းမြို့တော်ကိဗ်နှင့် ဒုတိယအကြီးဆုံးမြို့ ခါကိဗ်တို့တွင် ပြင်းထန်သော တိုက်ပွဲများ ဖြစ်ပွားလျက်ရှိရာ ထိုတိုက်ပွဲများသည် ဖေဖော်ဝါရီ ၂၈ ရက်မှ မတ်လ ၁ ရက်အထိ ဆက်လက်ဖြစ်ပွားနေသည်။ ယူကရိန်းတပ်ဖွဲ့များ၏ ခုခံမှုများကြောင့် တိုက်ပွဲများ ပြင်းထန်နေခြင်ဖြစ်သည်။ အရပ်သားသေဆုံးမှုများရှိနေသည်ဟု ကုလသမဂ္ဂလူ့အခွင့် အရေးအဖွဲ့ကြီးက ပြောကြားခဲ့ပြီး ဖေဖော်ဝါရီ ၂၄ ရက်မှစ၍ အရပ်သား ၁၀၂ ဦး သေဆုံးခဲ့သည်ဟု ဆိုသည်။ သို့ရာတွင် ကျူးကျော်မှုစတင်ချိန်မှစ၍ အရပ်သား ၃၅၂ ဦး သေဆုံးသည်ဟု ယူကရိန်းအစိုးရက ထုတ်ပြန်ခဲ့သည်။ ဤသို့သောအနေအထားတွင် ယူကရိန်းအကျဉ်းသားများအနေဖြင့် မိမိတို့၏ပြစ်ဒဏ်များကို ပေးဆပ်ရန် ယူကရိန်းကာကွယ်ရေး တပ်သို့ဝင်မည်ဆိုပါက ၎င်းတို့ကို လွှတ်ပေးမည်ဟု သမ္မတဇယ်လန်းစကီးက ကြေညာခဲ့သည်။ ထို့ကြောင့်ယူကရိန်းခံစစ်က မကြာမီပိုမိုပြင်းထန်လာမည်ဟု ခန့်မှန်းရသည်။

ယူကရိန်းက လက်နက်များ ဝယ်ရေးအတွက် ရန်ပုံငွေချပေးသွားမည်ဟု ဥရောပသမဂ္ဂက ထုတ်ပြန်ခဲ့သည်။ ယင်းသို့လက်နက်များဝယ်ရန် ရန်ပုံငွေချပေးခြင်းသည် ဥရောပသမဂ္ဂသမိုင်းတွင် ပထမဆုံးအကြိမ်ဖြစ်သည်။ ထို့ကြောင့်ယူကရိန်းသည် ဂျက်တိုက်လေယာဉ်များကိုပါ ဝယ်ယူနိုင်မည်ဖြစ်သည်။

ပူတင်၏လုပ်ရပ်က နျူကလီးယားစစ်ပွဲအထိ ဦးတည်သွားစေနိုင်သလားဆိုသည်ကို လက်ရှိအချိန်တွင် မည်သူမျှ မပြောနိုင်သေးပေ။ ရုရှားနှင့် ဖြစ်ပွားနိုင်သည့် နျူကလီးယားစစ်ပွဲအတွက် အမေရိကန်ပြည်သူများ စိုးရိမ်စရာမလိုဟု သမ္မတဂျိုးဘိုင်ဒင်က ပြောကြားထားသည်။

ရုရှားကို နိုင်ငံတကာကလည်း ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်နေကြရာ ယခုနောက်ဆုံး ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က ရုရှားလက်ရွေးစင်ဘောလုံးအသင်းကို ၂၀၂၂ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ပလေးအော့ဖ်ခြေစစ်ပွဲမှ ထုတ်ပယ်လိုက်ရာ ပိုလန်အသင်းမှာ ရုရှားနှင့် ကစားရမည့်ပွဲကို မကစားရတော့ဘဲ ဘိုင်ရကာနောက်ဆုံးအဆင့်ခြေစစ်ပွဲ၌ ချက်နှင့် ဆွီဒင်ပွဲမှ နိုင်သောအသင်းနှင့်တွေ့ရတော့မည်ဖြစ်ပါသည်။ ထို့အပြင် ယူရိုပါလိဂ် ၁၆ သင်းအဆင့်ကို ရောက်နေသည့် ရုရှားကလပ်က စပါးစ်တပ်မော်စကိုကိုလည်း ပြိုင်ပွဲမှ ထုတ်ပယ်ကြောင်း ဥရောပဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ခဲ့သည်။ ယူကရိန်းကို ပွဲသိမ်းမတိုက်နိုင်သေးသည့်တိုင် ရုရှားသည် နိုင်ငံတကာ၌ မျက်နှာပန်းမလှဖြစ်နေသည်မှာ ထင်ရှားနေသည်။ ဒွန်းဘက်စ်မှစသော ဇာတ်လမ်းသည် မည်သို့မည်ပုံအဆုံးသတ်မလဲဆိုသည်ကို ကမ္ဘာ့ပြည်သူများက စောင့်ကြည့် လျက်ရှိသည်။