မြောက်ကိုရီးယားအနေဖြင့် ထောက်လှမ်းရေးဂြိုဟ်တု တီထွင်မှုအတွက် အလွန်အရေးပါသော စမ်းသပ်မှုတစ်ခုကို လုပ်ဆောင်ခဲ့သည်ဟု မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာက ဖေဖော်ဝါရီ ၂၈ ရက်တွင် ပြောကြားခဲ့သည်။
မြောက်ကိုရီးယားက ပဲ့ထိန်းဒုံးကျည် စမ်းသပ်ပစ်လွှတ်မှုတစ်ခု လုပ်ဆောင်ခဲ့သည်ကို သတိပြုမိကြောင်း တောင်ကိုရီးယားအစိုးရက ပြောကြားခဲ့ပြီး တစ်ရက်အကြာတွင် မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာက ယင်းကဲ့သို့ ဖော်ပြခဲ့ခြင်းဖြစ်သည်။
နိုင်ငံတကာ၏ ကျယ်ကျယ်ပြန့်ပြန့် ဒဏ်ခတ်ပိတ်ဆို့မှုများ ရှိနေသည့်တိုင် မြောက်ကိုရီးယားက ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း လက်နက်စမ်းသပ်မှုများကို စံချိန်တင်အရေအတွက်အထိ ပြုလုပ်ခဲ့ပြီး ပေကျင်းဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲကာလတွင်မူ ၎င်းတို့၏လက်နက်စမ်းသပ်မှုများကို ရပ်ဆိုင်းထားခဲ့သည်။
မြောက်ကိုရီးယား၏ ပဲ့ထိန်းဒုံးကျည်စမ်းသပ်မှုကို သတိပြုမိခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်က ဖေဖော်ဝါရီ ၂၇ ရက်တွင် ပြောကြားခဲ့ပြီး အဆိုပါပဲ့ထိန်းဒုံးကျည် စမ်းသပ်မှုကို ရွေ့လျားဒုံးပစ်လောင်ချာ တစ်ခုမှ ပစ်လွှတ်ခဲ့ပုံရကာ တာလတ်ပစ် ပဲ့ထိန်းဒုံးကျည်အမျိုးအစား ဖြစ်နိုင်ကြောင်း ယွန်ဟပ်သတင်းဌာနက ဖော်ပြခဲ့သည်။
မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းဌာနဖြစ်သော Korean Central News Agency (KCNA) ကမူ အစိုးရဌာနများသည် ဖေဖော်ဝါရီ ၂၇ ရက်၌ ထောက်လှမ်းရေးဂြိုဟ်တု တည်ဆောက်မှုတွင် အလွန်အရေးပါသော စမ်းသပ်မှုတစ်ခုကို လုပ်ဆောင်ခဲ့သည်ဟု ဖော်ပြခဲ့သည်။
ယင်းစမ်းသပ်မှုသည် HD ဓာတ်ပုံရိုက် ကူးမှုစနစ်၊ အချက်အလက်ထုတ်လွှင့်မှုစနစ်နှင့် တည်နေရာဖော်ထုတ်မှု ထိန်းချုပ်ကိရိယာများ၏ တိကျမှုနှင့် သဘောသဘာဝတို့ကို အတည်ပြုမှုတွင် အထောက်အကူဖြစ်စေခဲ့သည်ဟုလည်း KCNA က ဆိုသည်။
မြောက်ကိုရီးယားအာဏာရ အလုပ်သမားပါတီမှ ထုတ်ဝေသည့် သတင်းစာဖြစ်သော Rodong Sinmun ကလည်း အာကာသထဲမှ လှမ်းမြင်ရသည့် ကိုရီးယားကျွန်းဆွယ်၏ပုံဟု ယူဆရသော ဓာတ်ပုံနှစ်ပုံကို ဖော်ပြခဲ့သည်ဟု သိရသည်။
စစ်ဖက်သုံးထောက်လှမ်းရေး ဂြိုဟ်တုများ တီထွင်ခြင်းနှင့် မကြာသေးမီက စမ်းသပ်ခဲ့သည့် ဟိုက်ပါဆောနစ် ဒုံးကျည်များသည် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်၏ အဓိကကာကွယ်ရေး စီမံကိန်းများထဲတွင် ပါဝင်နေသည်။
ယင်းကဲ့သို့ ဂြိုဟ်တုမျိုးကို တီထွင်နိုင်ခြင်းအားဖြင့် မြောက်ကိုရီးယားသည် တားမြစ်ခံ တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်များ စမ်းသပ်မှုကို ဖုံးကွယ်နိုင်ရန် အထောက်အကူဖြစ်စေလိမ့်မည်ဟု သုံးသပ်သူများက ဆိုသည်။
မြောက်ကိုရီးယားသည် ပဲ့ထိန်းဒုံးကျည်အဖြစ် အသုံးပြုမည့် ဒုံးကျည်များစမ်းသပ်မှုကို ဖုံးကွယ်ရန်အတွက် အာကာသတွင်းသို့ ဂြိုဟ်တုလွှတ်တင်သည့် နည်းလမ်းကို အသုံးပြုနေသည်ဟု ကာလကြာမြင့်စွာ သံသယရှိနေခဲ့ခြင်းဖြစ်ကြောင်း ကျွမ်းကျင်ပညာရှင် တစ်ဦးဖြစ်သူ ဂျိုရှာပေါလက်ခ်က ဆိုသည်။
မြောက်ကိုရီးခေါင်းဆောင် ကင်ဂျုံအွန်သည် အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရန့်နှင့် ၂၀၁၇ ခုနှစ်တွင် အထင်ကရ ထိပ်သီးဆွေးနွေးပွဲများ စတင်ပြုလုပ်ခဲ့ပြီးနောက်ပိုင်း တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်စမ်းသပ်မှုများနှင့် နျူကလီးယားလက်နက်စမ်းသပ်မှုများကို တရားဝင် ဆိုင်းငံ့ထားခဲ့သည်။ မြောက်ကိုရီးယားသည် ၎င်းတို့၏အထင်ကရ အထိမ်းအမှတ်နေ့တစ်နေ့ ကျရောက်မည့် ဧပြီလထဲတွင် ဂြိုဟ်တုစမ်းသပ်မှုတစ်ခု လုပ်ဆောင်နိုင်ဖွယ်ရှိသည်ဟု သိရသည်။














