အဟောသိကံနှင့် ၀ိပ္ပတ္တိတရားလေးပါး

အဟောသိကံနှင့် ၀ိပ္ပတ္တိတရားလေးပါး
Published 23 February 2022

အဟောသိကံဟူသည် ရင့်ကျက်ချိန်မရဘဲ ပျက်စီးရသည့် ကံဖြစ်၏။ မိမိထက် ဆန့်ကျင်ဘက် ကံများက အလဲထိုးအနိုင်ယူလိုက်သောကြောင့် ပျက်စီးသွားရသော ကံများဖြစ်သည်။ မရင့်ကျက်သေးသော ကံတို့သည် ဖျက်ဆီးခံရပါက သက်ဆိုင်ရာအကျိုးတရားကို မပေးနိုင်တော့ပေ။ အပွင့်သာပွင့်သော်လည်း အသီးအဖြစ်သို့ မရောက်နိုင်သောဖြစ်ရပ်ကဲ့သို့ဖြစ်၏။ မကောင်းသော ကံများရှိသော်လည်း ကောင်းသော ကံအားကြီးစေရန် ကိုယ်တိုင်ပြန်လည်စီရင်နိုင်သည်။ (ဥပမာအားဖြင့် အရှင်အင်္ဂုလိမာလ၏ လူသတ်မှု အကုသိုလ်ကံများမှာ ရဟန္တာဘဝကို အကျိုးပေးခွင့်မရဘဲ အဟောသိကံဖြစ်သွားသည်။) ကောင်းသော ကံများရှိသော်လည်း မကောင်းသော ကံအားကြီးလွန်းသည့်အခါ အကျိုးပေးခွင့်မရနိုင်ရန် တားဆီးခြင်းငှာ မတတ်နိုင်တော့ပေ။ ဥပမာအားဖြင့် ပထမသင်္ဂါယနာ၏ ဒါယိကာဘုရင် အဇာတသတ်သည် အဖကို သတ်သည့် အကုသိုလ်ကြောင့် ဘုရားအား ကြည်ညိုသည့် ပုထုဇဉ်များထဲတွင် အသာဆုံးဖြစ်သော်လည်း လောကကုမ္ဘီငရဲတွင် လူနှစ် ၆၀၀၀၀  ခံရရှာဦးမည်ဖြစ်သည်။ သို့သော် ငရဲမှလွတ်သည့်အခါ  ၀ိစိတာဝီမည်သော ပစ္စေကဗုဒ္ဓ ဖြစ်ပေလိမ့်မည်။

၀ိပ္ပတ္တိတရားဆိုသည်မှာ ဖောက်ပြန်ချွတ်ယွင်းခြင်း၊ ပျက်စီးခြင်းဟု အဓိပ္ပာယ်ရ၏။ သတ္တဝါတို့၏ သန္တာန်၌ ရှေးရှေးဘဝပေါင်းများစွာက ပြုခဲ့သောကံတို့သည် လွန်စွာများပြားရကား အကျိုးပေးရန် အခွင့်မသာ၍ အကျိုးမပေးရသေးသမျှ ခန္ဓာအစဉ်တွင် အမြဲပါရှိသောကြောင့် သမ္ပတ္တိဆိုက်သောအခါ ကုသိုလ်ကံအကျိုးပေးခွင့်သာသကဲ့သို့ ၀ိပ္ပတ္တိဆိုက်သောအခါ၌လည်း အကုသိုလ်ကံ အကျိုးပေးခွင့်သာလေသည်။ ၀ိပ္ပတ္တိတရားလေးပါးရှိသည်။ ၎င်းတို့မှာ (၁) ကာလဝိပ္ပတ္တိ-အခါကာလမကောင်းခြင်း (မင်းဆိုးမင်းယုတ် အုပ်စိုးသောအခါကာလတွင် ဖြစ်ရခြင်း)၊ (၂) ဂတိ၀ိပ္ပတ္တိ-ရရှိသောဘဝ မကောင်းခြင်း (အပါယ်လေးပါးစသည့် မကောင်းသော ဂတိတို့၌ဖြစ်ရခြင်း)၊ (၃) ဥပဓိ၀ိပ္ပတ္တိ-ရုပ်ဆင်း အင်္ဂါချို့တဲ့ခြင်းနှင့် (၄) ပယောဂဝိပ္ပတ္တိ - ဉာဏ်ဝီရိယစသော ပယောဂမရှိခြင်း (အသိအလိမ္မာ ဉာဏ်ပညာ၊ သတိဝီရိယမရှိဘဲပြုမူ၊ ပြောဆိုကြံစည်မှုစသည့် မကောင်းသော အဖြစ်ဆိုးတို့နှင့် ကြုံဆုံရခြင်း) တို့ဖြစ်ကြသည်။

(၁) ကာလဝိပ္ပတ္တိ-မင်းဆိုးမင်းယုတ် ခေါင်းဆောင်အညံ့စားတို့ ရှေ့သွားဦးဆောင်လုပ်လျက် အုပ်စိုးနေသည့်အခါကို ကာလဝိပ္ပတ္တိဟု ခေါ်၏။ တိုင်းပြည်ပျက်သောအခါ တိုင်းပြည်၌ စစ်ဖြစ်နေကြသောအခါများသည်လည်း ကာလဝိပ္ပတ္တိပင်တည်း။ ထိုကဲ့သို့ ကာလဝိပ္ပတ္တိကြုံရသောအခါ၌ ရှေးကပါလာခဲ့သော အကုသိုလ်ကံတို့ အခွင့်သာကြသည်။ လူအများပင် ဆင်းရဲငတ်မွတ်ကြရ၏။ ကုသိုလ်ကံကြီးမားသူတို့ပင် ထိုကုသိုလ်ကံ အခွင့်မရဘဲ ရှိသမျှ ပုန်းရ၊လျှိုးရ၊ စားချင်သည်ကို မစားရ၊ ချစ်သူနှင့် ကွေကွင်းရ၊ အချို့မသေသင့်သော ရောဂါကလေးမျှနှင့် သင့်တော်သောဆေး၊ ကုသပေးသည့် ဆရာ မရသောကြောင့် သေရသည်အထိ ဒုက္ခရောက်ရလေသည်။

(၂) ဂတိ၀ိပ္ပတ္တိ-အပါယ်လေးပါးကို ဂတိ၀ိပ္ပတ္တိဟုခေါ်၏။ ထိုဂတိ၀ိပ္ပတ္တိ၌ ဖြစ်သောအခါ အကုသိုလ်ကံများ အခွင့်သာ၏။ ငရဲကျရောက်သူ၊ ပြိတ္တာဖြစ်သူတို့၌ အမြဲဒုက္ခရောက်၊ အမြဲအနှိပ်စက်ခံ၊ အမြဲပူလောင်နေရသဖြင့် အကုသိုလ်ကံများဝိုင်းလျက် အကျိုးပေးချင်တိုင်းပေးရန် အခွင့်သာကြပုံမှာ ဆိုဖွယ်မရှိ။ အထိုက်အလျောက် သက်သာသေးသည်ဟု ဆိုနိုင်သော တိရစ္ဆာန်သည်ပင် အစာငတ်၊ ရေငတ်၊ နေပူမိုးရွာ လွန်စွာဆင်းရဲ၊ တုတ် ဓားစသည်တို့ဖြင့် အရိုက်အနှက်အသတ်အဖြတ်ခံရ၊ တစ်ကောင်နှင့်တစ်ကောင် နှိပ်စက်သတ်ဖြတ် စားသောက်၊ ယင်းဒုက္ခစုကို ခံရရန် အကုသိုလ်ကံများ အကျိုးပေးခွင့်သာ၏။ အလွန်သေးငယ်သော ပိုးမွှားတိရစ္ဆာန်များသည်ကား သွားရင်းလာရင်း သူက နင်း၊ ငါက နင်းနှင့် သေခြင်းဆိုးဖြင့် သေရန်အကုသိုလ်ကံများ အလွန့်အလွန် အခွင့်သာကြပေသည်။

(၃) ဥပဓိ၀ိပ္ပတ္တိ -ဂတိ၀ိပ္ပတ္တိဖြစ်နေသော တိရစ္ဆာန်တို့၌ ရုပ်အဆင်း မလှမှုဟူသော ဥပဓိ၀ိပ္ပတ္တိကြောင့် ကုသိုလ်ကံ အခွင့်မရသည်မှာ ဆိုဖွယ်ရာမရှိပြီ။ ဂတိသမ္ပတ္တိဖြစ်သော လူ့ဘုံမှာပင် ဥပဓိ၀ိပ္ပတ္တိဖြစ်နေလျှင် ကုသိုလ်ကံ၏အကျိုးကို ရသင့်သလောက် မရဘဲ ရှိတတ်၏။ အမျိုးမြတ် ဥစ္စာရှင်ပင်ဖြစ်သော်လည်း အမျိုးတူဥစ္စာတူသူတို့က မကြည်ဖြူနိုင်ကြ။  အလောင်းတော်ကုသမင်းကို ပဘာဝတီကတော်တော်နှင့်  မကြည်ဖြူနိုင်ခြင်းမှာ ထင်ရှားသော သက်သေသာဓကကြီးပင်ဖြစ်၏။ ထိုသို့ဥပဓိ၀ိပ္ပတ္တိဖြစ်နေသောအခါ အကုသိုလ်ကံတို့က စွမ်းနိုင်သမျှ အကျိုးပေးသောကြောင့် အလောင်းတော်ကုသမင်းမှာ အိုးတော်လုပ်ရ၊ ဖျာတော်ရက်ရ၊ ပွဲတော်ချက်ရနှင့် သွက်သွက်လည်အောင် ဒုက္ခခံလိုက်ရပါသေးသည်။ ဇနီးခင်ပွန်းနှစ်ဦး ရုပ်အဆင်းချင်း ရှေ့သွားနောက်လိုက်မညီလျှင် ဥပဓိ၀ိပ္ပတ္တိဖြစ်နေသူကို အစေခံဟုပင် အထင်ခံရတတ်သေး၏။ ရုပ်အဆင်း မလှမှုဟူသော ဥပဓိ၀ိပ္ပတ္တိကား ဤမျှလောက်ပင် ဆိုးရွားလှပေသည်။

(၄) ပယောဂဝိပ္ပတ္တိ - ဉာဏ်ပညာကင်း၍ ဖျင်းအထိုင်းမှိုင်းမှု၊ သတိကင်းပေါ့၊ မေ့လျော့မှု၊ ဝီရိယကင်း၍ ပျင်းရိမှုများသည် ပယောဂဝိပ္ပတ္တိချည်းသာ ဖြစ်၏။ ထို့အပြင် တစ်ဦးအပေါ်တစ်ဦး ဣဿာမစ္ဆရိယ အားကြီးမှု၊ အရာရာ၌ စိတ်တိုလျက် ဒေါသကြီးမှု၊ မာန်မာနကြီးမှုများသည်လည်း ကြီးပွားရေး၊ စီးပွားရေးကို နှောင့်ယှက်တတ်သဖြင့် ပယောဂဝိပ္ပတ္တိများပင် ဖြစ်ကြသည်။

မည်သို့ပင်ဆိုစေ၊ မကောင်းကျိုးပေးမည့် အကုသိုလ်ကလေးများကား လူတိုင်းကိုယ်စီ၌ ပါရှိလာတတ်ကြသော်လည်း ပညာတတ်အောင်သင်ခြင်း၊ ဥစ္စာကို တရားနည်းလမ်းအတိုင်း ရအောင်ရှာဖွေခြင်း၊ ကံငါးပါးကို မကျူးလွန်ခြင်း အစရှိသည်ဖြင့် အပြစ်ကင်းအောင်နေသူတို့၌ အကုသိုလ်ကံပါရှိလာသော်လည်း ထိုအကုသိုလ်ကံက အကျိုးပေးခွင့်သာမည်မဟုတ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

ဖေဖော်ဝါရီ ၂၄ ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အဘော်

Most Read

Most Recent