နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် ဆက်စပ်နေသူ ၂၂ ဦးနှင့် ကုမ္ပဏီလေးခုကို ဥရောပသမဂ္ဂက ပိတ်ဆို့အရေးယူမှုစာရင်းတွင် ထည့်သွင်းကြောင်း ထုတ်ပြန်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် ဆက်စပ်နေသူ ၂၂ ဦးနှင့် ကုမ္ပဏီလေးခုကို ဥရောပသမဂ္ဂက ပိတ်ဆို့အရေးယူမှုစာရင်းတွင် ထည့်သွင်းကြောင်း ထုတ်ပြန်
Published 22 February 2022
Ref: AFP

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း လုပ်ဆောင်နေဆဲ ဖြိုခွင်းမှုများနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် ဆက်စပ်နေသော ကုမ္ပဏီလေးခုမှ တာဝန်ရှိသူ ၂၂ ဦးကို ဥရောပသမဂ္ဂ (အီးယူ) ၏ အရေးယူမှုစာရင်းတွင် ထည့်သွင်းခဲ့သည်ဟု ဖေဖော်ဝါရီ ၂၁ ရက်တွင် အီးယူက ထုတ်ပြန်ခဲ့သည်။

ဥရောပသမဂ္ဂ၏ ယခုကဲ့သို့ အရေးယူမှုကြောင့်၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း တပ်မတော်နှင့် ပတ်သက်ဆက်နွှယ်သူများ၏ ပိုင်ဆိုင်မှုများ ထိန်းချုပ်ခြင်းနှင့် ဗီဇာပိတ်ပင်ခြင်းများကို ဥရောပသမဂ္ဂက ပစ်မှတ်ထားလုပ်ဆောင်ရာ၌ ပိတ်ပင်ခံရသည့်လူပုဂ္ဂိုလ် ၆၅ ဦးအထိ ရှိလာကာ လုပ်ငန်း ၁၀ ခုအထိ ရှိလာခဲ့သည်။

ယခုနောက်ဆုံး ပစ်မှတ်ထား အရေးယူခြင်းခံရသောစာရင်းတွင် ရင်းနှီးမြှုပ်နှံမှုဝန်ကြီး၊ စက်မှုဝန်ကြီး၊ ပြန်ကြားရေးဝန်ကြီး၊ ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူများနှင့် တပ်မတော်ထိပ်တန်း ပုဂ္ဂိုလ်များ ပါဝင်ခဲ့သည်။

နိုင်ငံပိုင်သတ္တုတွင်းလုပ်ငန်းနှင့် စွမ်းအင်လုပ်ငန်းတို့လည်း ပိတ်ဆို့ခံရသည့်စာရင်းတွင် ပါဝင်ခဲ့သည်။ ထို့အပြင် နစကနှင့် ဆက်စပ်နေသည့် ပုဂ္ဂလိကလုပ်ငန်းနှစ်ခုလည်း ပိတ်ဆို့စာရင်းတွင် ပါဝင်ခဲ့သည်။

“မြန်မာနိုင်ငံမှာ အကြမ်းဖက်မှု အရှိန်ဆက်လက်မြင့်တက်နေတာကို ဥရောပသမဂ္ဂက အလွန်အမင်း စိုးရိမ်နေပါတယ်။ ဒေသတွင်းဂယက်ရိုက်တာတွေ ရှိနေခြင်းနဲ့အတူ ပဋိပက္ခကို ရှည်ကြာစေမယ့် ဆင့်ကဲပြောင်းလဲမှုကိုလည်း ဥရောပသမဂ္ဂက အလွန်စိုးရိမ်နေပါတယ်” ဟု ဥရောပသမဂ္ဂ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးကတည်းက အခြေအနေဟာ စဉ်ဆက်မပြတ် ယိုယွင်းနေခဲ့ပါတယ်” ဟု ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

အကြမ်းဖက်မှုအားလုံးကို ချက်ချင်းရပ်ရန်၊ အင်အားအလွန်အကျွံ့အသုံးပြုနေခြင်းကို ရပ်ရန်၊ အရေးပေါ်အခြေအနေ ထုတ်ပြန်ထားခြင်းကိုရပ်ရန် ဥရောပသမဂ္ဂက ထပ်လောင်းတောင်းဆိုခဲ့သည်။

မြန်မာနိုင်ငံသည် နိုင်ငံရေးအကျပ်အတည်းဖြစ်ပေါ်လျက်ရှိပြီး စီးပွားရေးအခြေအနေမှာလည်း ဆိုးရွားလျက်ရှိသည်။ ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း ဆန္ဒပြပွဲများကို အင်အားသုံးဖြိုခွင်းမှုများကြောင့် အရပ်သား သေဆုံးမှုများရှိခဲ့သည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ထုတ်ပြန်ထားသည်။

Most Read

Most Recent