အကြမ်းဖက်အဖွဲ့အစည်းများနှင့် ဆက်စပ်သည်ဟုဆိုကာ NLD ပါတီမှ ချောင်းဆုံမြို့နယ် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်းတို့၏နေအိမ်များ ချိပ်ပိတ်ခံရ

အကြမ်းဖက်အဖွဲ့အစည်းများနှင့် ဆက်စပ်သည်ဟုဆိုကာ NLD ပါတီမှ ချောင်းဆုံမြို့နယ် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်းတို့၏နေအိမ်များ ချိပ်ပိတ်ခံရ
ချိပ်ပိတ်ထားသည့် နေအိမ်တစ်လုံးကို တွေ့ရစဉ်
ချိပ်ပိတ်ထားသည့် နေအိမ်တစ်လုံးကို တွေ့ရစဉ်
Published 22 February 2022
ဘိုဘိုမြင့်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) မှ ချောင်းဆုံမြို့နယ် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်းတို့၏ နေအိမ်များအား အကြမ်းဖက် အဖွဲ့အစည်းများနှင့် ဆက်စပ်သည်ဟုဆိုကာ သက်ဆိုင်ရာက ဖေဖော်ဝါရီ ၂၁ ရက် ညနေပိုင်းက ချိပ်ပိတ်သွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ချောင်းဆုံမြို့နယ် ကွမ်သဲကျေးရွာတွင် နေထိုင်သည့် ဒေါ်မိချိုသဲ၏ နေအိမ်အား ဖေဖော်ဝါရီ ၂၁ ရက် ညနေပိုင်းက သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လာရောက်ချိပ်ပိတ်သွားခဲ့ကြောင်း ဒေသခံများ၏ပြောကြားချက်အရ သိရသည်။

ဒေါ်မိချိုသဲမှာ ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၌ ချောင်းဆုံမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် အနိုင်ရရှိခဲ့သူတစ်ဦးဖြစ်ကြောင်းနှင့် လက်ရှိတွင် ၎င်းအပေါ် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ည)၊ ၅၁ (ဂ)၊ ၅၂ (စ) တို့ဖြင့် အမှုဖွင့်တရားစွဲဆိုထားကြောင်း သိရသည်။

ထို့အတူ ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲနှင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် နှစ်ကြိမ်ဆက် အနိုင်ရရှိထားသည့် ချောင်းဆုံမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဟောင်းတစ်ဦး ဖြစ်သူ ဦးလင်းတင်ဌေး၏ ချောင်းဆုံမြို့နယ် သက္ကောကျေးရွာရှိ နေအိမ်ကိုလည်း ဖေဖော်ဝါရီ ၂၁ ရက် ညနေပိုင်းက သက်ဆိုင်ရာတာဝန်ရှိသူများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လာရောက် ချိပ်ပိတ်သွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

လက်ရှိတွင် ဦးလင်းတင်ဌေးအပေါ် ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က)၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ  ၅၀ (ည) တို့ဖြင့် အမှုဖွင့်တရားစွဲဆိုထားကြောင်း သိရသည်။

မွန်ပြည်နယ်အတွင်း ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်ကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ  ကျိုက်ထိုမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဒေါက်တာခင်ဆောင်၏နေအိမ်နှင့် ဆေးကုခန်း၊ ပေါင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဇော်ဇော်ထူး၏ နေအိမ်တို့ကိုလည်းကောင်း၊ ဖေဖော်ဝါရီ ၁၈ ရက်က ဘီးလင်းမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်သီရိရတနာ၏ နေအိမ် နှစ်လုံးကိုလည်းကောင်း အကြမ်းဖက်အဖွဲ့အစည်းနှင့် ဆက်စပ်သည်ဟုဆိုကာ သက်ဆိုင်ရာ တာဝန်ရှိသူများက ချိပ်ပိတ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) မှ မုဒုံမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်းဖြစ်သူ ဒေါ်ခင်ကျော့ဖြူ၏ နေအိမ်အား အကြမ်းဖက် အဖွဲ့အစည်းများနှင့် ဆက်စပ်နေသည်ဟုဆိုကာ ဖေဖော်ဝါရီ ၁၉ ရက် မွန်းလွဲပိုင်းက သက်ဆိုင်ရာ တာဝန်ရှိသူများက လာရောက်ချိပ်ပိတ်ခဲ့ကြောင်း သိရသည်။

အလားတူ ဖေဖော်ဝါရီ ၁၃ ရက်ကလည်း အကြမ်းဖက်အဖွဲ့အစည်းများနှင့် ဆက်စပ်သည်ဟုဆိုကာ သထုံမြို့ လိပ်အင်းရပ်ကွက် လေယာဉ်ကွင်းအနီးရှိ ဦးစောကျော်မိုးပိုင်ဆိုင်သည့် Second Cafe’ Garden စားသောက်ဆိုင်၊ သုဝဏ္ဏဝတီမြို့ ကျိုက္ကော်ရပ်ကွက်ရှိ ဦးဇော်မင်းသန့်ပိုင်ဆိုင်သည့် Peace Garden စားသောက်ဆိုင်နှင့် ကိုအောင်ကျော်ဌေးဆိုသူ ပိုင်ဆိုင်သော နေအိမ်တစ်လုံးတို့အား သက်ဆိုင်ရာက လာရောက်ချိပ်ပိတ်သွားခဲ့ကြောင်း သိရသည်။

ထို့ပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ၏ သထုံမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဟောင်းဖြစ်သူ ဦးအောင်ကျော်သူ၏ နေအိမ်ကိုလည်း အကြမ်းဖက်အဖွဲ့အစည်းနှင့် ဆက်စပ်သည်ဟုဆိုကာ ဖေဖော်ဝါရီ ၁၉ ရက်က သက်ဆိုင်ရာက လာရောက်ချိပ်ပိတ်သွားခဲ့ကြောင်း သိရသည်။

Most Read

Most Recent