အာဆီယံအထူးကိုယ်စားလှယ်အား CRPH၊ NUG တို့နှင့်ထိတွေ့ရန် အာဆီယံအဖွဲ့ဝင် နှစ်နိုင်ငံက အကြုံပြုခြင်းသည် အာဆီယံပဋိညာဉ်ကို ဆန့်ကျင်ရုံသာမက အာဆီယံ၏ အကြမ်းဖက်တိုက်ဖျက်ရေးကြိုးပမ်းမှုကို ထိပါးစေကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်

အာဆီယံအထူးကိုယ်စားလှယ်အား CRPH၊ NUG တို့နှင့်ထိတွေ့ရန် အာဆီယံအဖွဲ့ဝင် နှစ်နိုင်ငံက အကြုံပြုခြင်းသည် အာဆီယံပဋိညာဉ်ကို ဆန့်ကျင်ရုံသာမက အာဆီယံ၏ အကြမ်းဖက်တိုက်ဖျက်ရေးကြိုးပမ်းမှုကို ထိပါးစေကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်
Published 21 February 2022

အာဆီယံအထူးကိုယ်စားလှယ်အား CRPH၊  NUG တို့နှင့်ထိတွေ့ရန် အာဆီယံအဖွဲ့ဝင် နှစ်နိုင်ငံက အကြုံပြုခြင်းသည် အာဆီယံပဋိညာဉ်ကို ဆန့်ကျင်ရုံသာမက အာဆီယံ၏ အကြမ်းဖက်တိုက်ဖျက်ရေးကြိုးပမ်းမှုကို ထိပါးစေကြောင်း  နိုင်ငံခြားရေးဝန်ကြီးဌာန ဖေဖော်ဝါရီ ၂၀ ရက်တွင် သတင်းထုတ်ပြန်သည်။    

အဆိုပါသတင်းထုတ်ပြန်ချက်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနသည် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်တွင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ သီးသန့်အစည်းအဝေး ကျင်းပခဲ့သည့်ကိစ္စနှင့်ပတ်သက်၍ အစည်းအဝေးဥက္ကဋ္ဌ၏ သတင်းထုတ်ပြန်ချက်ကို မှတ်သားထားကြောင်း၊ အာဆီယံအသိုက်အဝန်း ထူထောင်ရေးနှင့်ပတ်သက်၍ ကမ္ဘောဒီးယားနိုင်ငံမှ ချမှတ်ထားသည့် ဦးစားပေးလုပ်ငန်းအစီအစဉ်များနှင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် အစီအစဉ်များအပေါ် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ကြိုဆိုကြောင်း ဖော်ပြထားသည်။

တူညီဆန္ဒ(၅)ရပ် အကောင်အထည်ဖော်ခြင်းနှင့်ပတ်သက်၍ သိသာထင်ရှားသည့် ဖြစ်ပေါ်တိုးတက်မှုများနှင့် စိန်ခေါ်မှုများကို နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်တွင် ရန်ကုန်မြို့၌ သံတမန်များကို ရှင်းလင်းပြောကြားခဲ့ပြီးဖြစ်ကြောင်း၊ အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာအထူး ကိုယ်စားလှယ်အဖြစ် ကမ္ဘောဒီးယားနိုင်ငံမှ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးနှင့်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ပရတ်ဆုတ်ခွန်းက တာဝန်ယူသွားမှုအပေါ် နိုင်ငံခြားရေးဝန်ကြီးဌာနက ကြိုဆိုကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

ထို့အတူအာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ သီးသန့်အစည်းအဝေးအပြီးဥက္ကဋ္ဌ၏ သတင်းထုတ်ပြန်ချက်၌ ဖော်ပြပါရှိသည့် မြန်မာ့ကိုယ်ပိုင်နည်းလမ်း၊ မြန်မာ့ဦးဆောင်မှုတို့နှင့်အညီ အထူးကိုယ်စားလှယ်အပါအဝင် အာဆီယံနှင့်လည်း အပြုသဘော ဆက်လက်ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။            

ယင်းအပြင် အစည်းအဝေး၌ တူညီဆန္ဒ(၅)ချက်အကောင်အထည်ဖော်ခြင်းနှင့် ပတ်သက်၍ အပြုသဘောပြောဆိုဆွေးနွေးမှုများရှိသော်လည်း အထူးကိုယ်စားလှယ်အား မြန်မာနိုင်ငံမှ အကြမ်းဖက်အဖွဲ့များအဖြစ်နှင့် တရားမဝင်အသင်းအဖွဲ့များအဖြစ် ကြေညာထားသည့်သူများနှင့် တွေ့ဆုံဆွေးနွေးရန် အဖွဲ့ဝင်နှစ်နိုင်ငံက အကြံံပြုခဲ့သည်ကို သတိပြုမိကြောင်း၊ မြန်မာနိုင်ငံအကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုကော်မတီက ၂၀၂၁ ခုနှစ်၊ မေ ၈ ရက်တွင် CRPH နှင့် NUG နှင့်ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများအားလုံးကို အကြမ်းဖက်အုပ်စုများအဖြစ် ကြေညာခဲ့ကြောင်းကို နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် ထပ်မံအသိပေးလိုကြောင်း၊ အထူးကိုယ်စားလှယ်အား ယင်းသို့အဖွဲ့အစည်းမျိုးဖြင့် ထိတွေ့ရန်အကြံံပြုခြင်းသည် အာဆီယံပဋိညာဉ်စာတမ်းပါမူများကို ဆန့်ကျင်ရုံသာမက အာဆီယံ၏အကြမ်းဖက်တိုက်ဖျက်ရေး ကြိုးပမ်းဆောင်ရွက်မှုကိုလည်း ထိပါးစေကြောင်း၊ ယင်းအဖွဲ့ဝင်နှစ်နိုင်ငံက အာဆီယံအစည်းအဝေးများကို အသုံးချ၍ ထိုသို့ပြောဆိုခြင်းမျိုး မပြုလုပ်ရန်နှင့်အကြမ်းဖက်လုပ်ရပ်များကို ဆန့်ကျင်ရှုတ်ချရန် ထပ်မံတိုက်တွန်းကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင်ပါရှိသည်

ထို့ပြင် နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် ဒေသတွင်းပေါင်းစည်းရေးကြိုးပမ်းဆောင်ရွက်မှုကို အာဆီယံပေါင်းစည်း ဆက်သွယ်မှုမဟာစီမံကိန်း ၂၀၂၅ နှင့်အာဆီယံ ကနဦးပေါင်းစည်းရေးဦးဆောင်ဦးရွက်ပြုမှုလုပ်ငန်းအစီအစဉ်-၄(၂၀၂၁-၂၀၂၅)မှတစ်ဆင့် အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ အရှေ့တောင်အာရှ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးစာချုပ်သည် နိုင်ငံများအကြား ဆက်ဆံရေးအပြင်ဒေသတွင်း တည်ငြိမ်အေးချမ်းမှုကို ထိန်းသိမ်းရေး၌ အဓိကကျင့်ဝတ်တစ်ရပ်ဖြစ်ကြောင်း ထပ်လောင်းအတည်ပြုဖော်ပြခြင်း၊ အရှေ့တောင်အာရှဒေသကို နျူကလီးယားလက်နက်ကင်းမဲ့ဇုန်နှင့် အစုလိုက်အပြုံလိုက် သေကျေပျက်စီးစေသော လက်နက်များကင်းမဲ့ဇုန်အဖြစ် ထိန်းသိမ်းနိုင်ရေးအတွက် ကတိကဝတ်ပြုခြင်း၊ အာဆီယံ၏ဗဟိုအချက်အချာကျမှု နှင့်စည်းလုံးညီညွတ်မှုကို အလေးအနက်ဖော်ပြခြင်း၊ အာဆီယံအသိုက်အဝန်းမျှော်မှန်းချက် ၂၀၂၅ ခုနှစ်အလွန် အကောင်အထည်ဖော်ခြင်းနှင့်အာဆီယံဘက်စုံ ပြန်လည်ထူထောင်ရေးမူဘောင်အပါအဝင် အာဆီယံ၏ ကိုဗစ်-၁၉ တုံ့ပြန်ရေးအစီအမံများကို အပြည့်အဝအကောင်အထည်ဖော်ဆောင်ရွက်ခြင်းတို့ကိုလည်း ကြိုဆိုကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက်က အသက်ဝင်ခဲ့သည့် ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်(RCEP)ကို မှတ်သားမိသကဲ့သို့ မြန်မာနိုင်ငံအနေဖြင့် ယင်းသဘောတူစာချုပ် အသက်ဝင်ရေးအတွက်စာချုပ်ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောလျင်စွာ ဆောင်ရွက်ခဲ့သည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်ကို နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် အသိပေးလိုကြောင်း၊ သို့ရာတွင် မြန်မာနိုင်ငံက RCEP သဘောတူစာချုပ်အပေါ် ပေးပို့ခဲ့သည့် အတည်ပြုပြဋ္ဌာန်းချက်နှင့်ပတ်သက်၍ အဖွဲ့ဝင်နိုင်ငံအချို့က မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေကို အကြောင်းပြုအဟန့်အတားပြုခဲ့မှုကြောင့် စာချုပ်စာတမ်းများထိန်းသိမ်းသူအနေဖြင့် စာချုပ်ပါပြဋ္ဌာန်းချက်များနှင့်အညီ မဆောင်ရွက်နိုင်ခဲ့သည့်အတွက် မြန်မာနိုင်ငံအတွက် သဘောတူစာချုပ် အသက်ဝင်မှုတွင် နှောင့်နှေးမှုများဖြစ်ပေါ်ခဲ့ရသည်ကို စိတ်မကောင်းဖြစ်ရကြောင်း၊  ယင်းသို့ဆောင်ရွက်ခြင်းသည် အာဆီယံအဖွဲ့အပေါ် ယုံ ကြည်ကိုးစားမှုကိုထိခိုက်ရုံသာမက အာဆီယံအတွင်းရေးမှူးချုပ်ရုံးအပေါ်ကိုလည်း ယုံကြည်ကိုးစားမှုကို ထိခိုက်လာစေကြောင်း၊ ဥပဒေကိုအခြေပြုသော အစိုးရအချင်းချင်း ဆိုင်ရာအဖွဲ့အစည်းတစ်ခုဖြစ်သည့်  အာဆီယံ၌ ယင်းသို့အဖြစ်မျိုးထပ်မံမဖြစ်ပေါ်စေရေး မြန်မာနိုင်ငံအနေဖြင့် မျှော်လင့်ပါကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

အလားတူအာဆီယံပဋိညာဉ်စာတမ်း၊ အရှေ့တောင်အာရှချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးစာချုပ်တွင် ပါရှိသည့် အာဆီယံစံနှုန်းနှင့်မူများမှတစ်ဆင့် အာဆီယံပြင်ပဆက်ဆံရေးတွင် ဗဟိုအချက်အချာကျမှုနှင့် စုစည်းညီညွတ်မှုအားကောင်းလာစေရန်  အာဆီယံဥက္ကဋ္ဌက အလေးထားဆောင်ရွက်မည့် အစီအစဉ်ကို မြန်မာနိုင်ငံက ကြိုဆိုပါကြောင်း၊ သို့ဖြစ်၍အရှေ့တောင်အာရှချစ်ကြည်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေး စာချုပ်သို့ ပြင်ပနိုင်ငံများက ပါဝင်ရန် စိတ်ပါဝင်စားမှု မြင့်မားလာခြင်းကို ကျေနပ်အားရမိကြောင်းနှင့် အဆိုပါနိုင်ငံများကို ဆောလျင်စွာ လက်ခံနိုင်ရေးကို မျှော်မှန်းကြောင်း၊  အရှေ့တောင်အာရှချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးစာချုပ်ကို လက်မှတ်ရေးထိုးရာ၌ လွန်ခဲ့သည့် နှစ် (၅၀)ကျော်တွင် အာဆီယံ၌ ကျင့်သုံးခဲ့သည့် ထုံးတမ်းစဉ်လာများကို ထိန်းသိမ်းရန် မြန်မာနိုင်ငံအနေဖြင့် အာဆီယံကို တိုက်တွန်းကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ မိမိဆန္ဒအလျောက် ဘေးကင်းလုံခြုံစွာ ပြန်လည်ဝင်ရောက်ရေးကို ပံ့ပိုးသည့်ကနဦး လိုအပ်ချက်ဆန်းစစ်လေ့လာခြင်းအစီရင်ခံစာပါ အကြံပြုချက်များကို ဆက်လက်အကောင်အထည်ဖော်နိုင်ရေး မြန်မာနိုင်ငံ၏ ပြန်လည်လက်ခံရေးလုပ်ငန်းများအတွက် ကြိုးပမ်းမှုများအပေါ်အာဆီယံက ဆက်လက်ထောက်ခံခြင်းအပေါ် နိုင်ငံခြားရေးဝန်ကြီးဌာနက မှတ်သားထားကြောင်း၊ ယင်းနှင့်ပတ်သက်၍အာဆီယံအတွင်းရေးမှူးချုပ်၏ ဘက်စုံလိုအပ်ချက် ဆန်းစစ်လေ့လာမှုတစ်ရပ်(CNA) အခွင့်အခါသင့်ချိန်၌ ပြုလုပ်နိုင်ရေးကို အာဆီယံအနေဖြင့် မျှော်လင့်သကဲ့သို့ ကနဦးလိုအပ်ချက် ဆန်းစစ်လေ့လာခြင်း အစီရင်ခံစာပါအကြံပြုချက်များကို အကောင်အထည်ဖော်ရန် ကျန်ရှိနေသည့် စီမံကိန်းများ အတည်ပြုနိုင်ရန်အတွက် လည်းကောင်း၊ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်၌ အာဆီယံမှ ထိထိရောက်ရောက် ပံ့ပိုးနိုင်မည့် ကဏ္ဍများကိုဆက်လက်၍ ရှာဖွေသတ်မှတ်ပေးရန်အတွက်လည်းကောင်း အဆင့်မြင့်ညှိနှိုင်းအစည်းအဝေး ပြန်လည်ကျင်းပသွားရန် အာဆီယံအတွင်းရေးမှူးချုပ်ကို မြန်မာနိုင်ငံက ထပ်မံတိုက်တွန်းကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

Most Read

Most Recent