ပြည်ထောင်စု သို့မဟုတ် ပြည်နယ်တစ်ခုကို တည်ငြိမ်အေးချမ်းဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရာတွင် ပါတီတစ်ခု၊ ခေါင်းဆောင်တစ်ဦးတည်းနှင့် တည်ဆောက်၍မရကြောင်း SNLD ပါတီဥက္ကဋ္ဌ ပြောကြား

ပြည်ထောင်စု သို့မဟုတ် ပြည်နယ်တစ်ခုကို တည်ငြိမ်အေးချမ်းဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရာတွင် ပါတီတစ်ခု၊ ခေါင်းဆောင်တစ်ဦးတည်းနှင့် တည်ဆောက်၍မရကြောင်း SNLD ပါတီဥက္ကဋ္ဌ ပြောကြား
Published 8 February 2022

ပြည်ထောင်စု သို့မဟုတ်  ပြည်နယ်တစ်ခုကို တည်ငြိမ်အေးချမ်းဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် ပါတီတစ်ခု၊ ခေါင်းဆောင်တစ်ဦးတည်းနှင့် တည်ဆောက်၍မရကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD)ပါတီဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်က ပြောကြားသည်။

ဖေဖော်ဝါရီ ၇ ရက်က ကျရောက်သည့် (၇၅) နှစ်မြောက် ရှမ်းအမျိုးသားနေ့ မိန့်ခွန်းပြောကြားရာတွင် ဦးစိုင်းညွန့်လွင်က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ပြည်ထောင်စုတစ်ခုလုံးကိုဖြစ်စေ၊ ပြည်နယ်တစ်ခုကိုဖြစ်စေ တည်ငြိမ်အေးချမ်းအောင် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်တဲ့အခါမှာ ပါတီတစ်ခုတည်းကနေပြီးတော့ လက်ဝါးကြီးအုပ်ပြီး လုပ်ကိုင်လို့မရပါဘူး။ အဲဒီလိုပဲ လူတစ်စုထဲက ဒါမှမဟုတ် ခေါင်းဆောင်တစ်ဦးတည်းရဲ့ သဘောထားနဲ့လည်း တည်ဆောက်လို့မရနိုင်ပါဘူး။ ပါတီတစ်ရပ်ဟာ ကိုယ့်သဘောထားနဲ့ တူညီမျှတတဲ့ တခြားပါတီကိုဖြစ်စေ၊ သဘောထားကွဲပြားတဲ့ ပါတီတွေနဲ့ဖြစ်စေ အစုအဖွဲ့တွေနဲ့ဖြစ်စေ ဆွေးနွေးတိုင်ပင်ဖို့ လိုအပ်ပါတယ်။ ဖြစ်နိုင်ရင် မဟာမိတ်ဖွဲ့နိုင်ရပါမယ်။ အနည်းဆုံးအဆင့်ကတော့ သဘောထားကွဲပြားသူတွေနဲ့ အတိုက်အခံဆွေးနွေးနိုင်ဖို့ လိုပါတယ်။ ခေါင်းဆောင်ဖြစ်ရလိုတာနဲ့ ကိုယ်တစ်ယောက်တည်း၊ ကိုယ့်တစ်ပါတီတည်း၊ ကိုယ့်တစ်ဖွဲ့တည်းနဲ့ အောင်မြင်အောင် ဆောင်ရွက်ဖို့ဆိုတဲ့ အလေ့အထက အောင်မြင်လေ့မရှိပါဘူး” ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်က ပြောကြားသည်။

ယနေ့ မြန်မာနိုင်ငံ၏ပြဿနာမှာ ရှုပ်ထွေးနက်နဲလွန်းကြောင်း၊ မည်သည့်နည်းလမ်းဖြင့် ဖြေရှင်းရမည်ကို ပညာရှင်များနှင့် တွေ့ဆုံမေးမြန်းကြည့်သော်လည်း မည်သူကမျှ မှန်ကန်သည့်နည်းလမ်းကို မတွေ့ကြသေးကြောင်း၊ လက်ရှိအချိန်သည် မြန်မာနိုင်ငံ၏ အကျပ်တည်းဆုံးနှင့် အခက်ခဲဆုံးအချိန်ဟုဆိုလျှင် မှားမည်မထင်ကြောင်း၊ ယင်းအခက်အခဲကာလမှာ အချိန်ကာလတစ်ခုအထိ ဆက်လက်ကြာရှည်နေမည်ဟု ပညာရှင်များက ခန့်မှန်းပြောဆိုမှုများရှိသည်ကို အသိပေးလိုကြောင်း ၎င်းက ဆိုသည်။

“အဓိကပြောချင်တာကတော့ အကျပ်အတည်းပေါင်းစုံ ဆုံစည်းခဲ့ကြတဲ့ကာလကို ခါတိုင်းထက်ပိုပြီးတော့ ညီညွတ်မှုကို ဦးထိပ်ထားကြဖို့ အခြေအနေကို သဘောပေါက်ပြီး တစ်ယောက်နဲ့တစ်ယောက် အကူအညီတွေပေးကြဖို့ လိုအပ်ပါတယ်။ အခက်အခဲကာလကို အားလုံးက လက်တွဲညီညီ ကျော်ဖြတ်ကြဖို့ အလေးအနက်ထား တိုက်တွန်းချင်ပါတယ်။ အခက်အခဲကာလရဲ့ နောက်ပိုင်းမှာ ကျွန်တော်တို့ လုပ်စရာကိုင်စရာအများအပြားက စောင့်ကြိုနေမှာမို့ ကျွန်တော်တို့အားလုံးက အကျအဆုံးအနည်းဆုံးနဲ့ ဆက်လက်ရပ်တည်နိုင်ဖို့ အထူးကြိုးစားဖို့ လိုအပ်ပါတယ်။ အဲဒီလိုအချိန်မျိုးဟာ အဆုံးအဖြတ်ကာလလည်း ဖြစ်တတ်တဲ့အတွက် အလွန်အရေးကြီးတယ်လို့ ကျွန်တော်တို့ ယူဆထားပါတယ်” ဟု  ဦးစိုင်းညွန့်လွင်က ပြောကြားသည်။

မြန်မာနိုင်ငံရှိ ပြည်သူများအနေဖြင့် ကိုဗစ်ရောဂါနှင့် ရင်ဆိုင်နေရချိန်တွင် တပ်မတော်က နိုင်ငံ့အာဏာကို ထိန်းသိမ်းရယူခဲ့ကြောင်း၊ ယင်းဖြစ်စဉ်နောက်ပိုင်းတွင် တိုက်ပွဲများဖြစ်ပွားလာသည့်အတွက် ပြည်သူများ၏ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်လာကြောင်း၊ ပြည်သူများအနေဖြင့် အလုပ်အကိုင်အခွင့်အလမ်းများနှင့် စီးပွားရေးအကျပ်အတည်းများ ကြုံတွေ့နေရကြောင်း၊ ရှမ်းပြည်နယ်တွင်လည်း ကြီးမားသည့်တိုက်ပွဲများဖြစ်ပေါ်နေသည်ကို အများအသိပင်ဖြစ်ကြောင်း၊ စစ်ဘောင်ကြီးမား ကျယ်ပြန့်လာပြီး နိုင်ငံရေးဘောင်မှာ ပျောက်ကွယ်လုလုဖြစ်နေခဲ့ကြောင်း၊ ယခုကာလအတွင်း နိုင်ငံရေးပါတီအားလုံး နိုင်ငံရေးကိစ္စများကို ဆောင်ရွက်နိုင်ခြင်းမရှိခဲ့ကြောင်း ၎င်းက ပြောကြားသည်။

“အများနည်းတူပဲ ကျွန်တော်တို့  SNLD ပါတီဟာလည်းပဲ လှုပ်ရှားမှုတွေ ပျောက်ကွယ်ခဲ့ရတယ်။ စုဖွဲ့မှုတွေနဲ့ တွေ့ဆုံမှုတွေ မရှိသလောက်ဖြစ်ခဲ့ရတယ်။ လူထုနဲ့ ထိတွေ့မှု နည်းပါးခဲ့ရတယ်။ သို့သော်လည်းပဲ ကျွန်တော်တို့ရဲ့ အဖွဲ့ဝင်တွေအတွက် တစ်ဖက်တစ်လမ်းကနေ တိုးတက်ရာတိုးတက်ကြောင်းတွေဖြစ်စေဖို့ သင်တန်းတွေ၊ ဆွေးနွေးပွဲတွေ ကျွန်တော်တို့စဉ်ဆက်မပြတ် ကျင်းပပေးနေတယ်ဆိုတာကို အသိပေးလိုပါတယ်။ တစ်ဖက်ကလည်း လက်ရှိနိုင်ငံရေးအခြေအနေတွေနဲ့ မကင်းကွာသွားရလေအောင် ပညာရှင်တွေနဲ့ ဆွေးနွေးတာတွေ၊ ဟောပြောပွဲပြုလုပ်တာတွေ အစဉ်မပြတ် ကျွန်တော်တို့ ဆက်လက်ဆောင်ရွက်နေတယ်ဆိုတာကို ပြောကြားလိုပါတယ်။ အခုလိုပဲ ခက်ခဲတဲ့ကာလတွေမှာ ကျွန်တော်တို့ ပါတီဝင်တွေအနေနဲ့ စိတ်ဓာတ်ကျခြင်းမရှိဘဲ တာဝန်သိသိ သတ္တိရှိရှိ ညီညီညွတ်ညွတ် စည်းစည်းလုံးလုံးနဲ့ အခက်အခဲတွေကို ကျော်ဖြတ်ကြဖို့ တိုက်တွန်းလိုပါတယ်” ဟု ဦးစိုင်းညွန့်လွင်က ပြောကြားသည်။

(၇၅) နှစ်မြောက် စိန်ရတုရှမ်းအမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် စစ်ဘေးရှောင်များအတွက် SNLD ပါတီက အလှူငွေ ၇၅ သိန်းကိုလည်း ဒေသအသီးသီးသို့ ဖြန့်ဝေလှူဒါန်းခဲ့ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်က ပြောကြားသည်။

Most Read

Most Recent