လက်ရှိ နိုင်ငံရေးအကျပ်အတည်းဖြေရှင်းရာတွင် နိုင်ငံတကာ၏ကူညီပံ့ပိုးမှုများဖြင့် အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးပွဲများကျင်းပ၍ ဝိုင်းဝန်းအဖြေရှာကြရန် RCSS/SSA တိုက်တွန်း

လက်ရှိ နိုင်ငံရေးအကျပ်အတည်းဖြေရှင်းရာတွင် နိုင်ငံတကာ၏ကူညီပံ့ပိုးမှုများဖြင့် အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးပွဲများကျင်းပ၍ ဝိုင်းဝန်းအဖြေရှာကြရန် RCSS/SSA တိုက်တွန်း
Published 7 February 2022

လက်ရှိ နိုင်ငံရေးအကျပ်အတည်းဖြေရှင်းရာတွင် နိုင်ငံတကာ၏ကူညီပံ့ပိုးမှုများဖြင့် သက်ဆိုင်ရာအဖွဲ့အစည်း အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးပွဲများကျင်းပ၍ ဝိုင်းဝန်းအဖြေရှာကြရန် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/SSA) က ဖေဖော်ဝါရီ ၇ ရက်တွင် ကျရောက်သည့် စိန်ရတုရှမ်းပြည်အမျိုးသားနေ့ ထုတ်ပြန်ချက်တွင် တိုက်တွန်းထားသည်။

ထို့ပြင် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု စုပေါင်းတည်ဆောက်ရေးကို ဆက်လက်ကြိုးပမ်းဆောင်ရွက်ကြရန်၊ ၂၀၁၅ ခုနှစ်နောက်ပိုင်းတွင် စတင်ဖြစ်ပွားခဲ့သည့် ရှမ်းပြည်ညီနောင်တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများအချင်းချင်းအကြား ဖြစ်ပွားခဲ့သော ရှမ်းပြည်မြောက်ပိုင်း စစ်ရေးပဋိပက္ခများကို တွေ့ဆုံဆွေးနွေး ညှိနှိုင်းခြင်းနည်းလမ်းများဖြင့် ကြိုးပမ်းဖြေရှင်းမည်ဖြစ်ကြောင်း RCSS/SSA ၏ကြေညာချက်တွင် ဖော်ပြထားသည်။

အဆိုပါတိုက်ပွဲများကြောင့် အတိဒုက္ခရောက်နေကြရသည့် စစ်ဘေးရှောင်ပြည်သူများ၏ စားဝတ်နေရေးအတွက် RCSS/SSA အနေဖြင့် တတ်အားသရွေ့ကူညီပံ့ပိုးနေပြီး ဆက်လက်ကူညီပံ့ပိုးနိုင်ရေးအတွက် နည်းလမ်းရှာကြိုးပမ်းဆောင်ရွက်မည်ဖြစ်ကြောင်း၊ ရှမ်းပြည်အမျိုးသားနေ့တွင် ရှမ်းပြည်တိုင်းရင်းသားများ လက်ခံသောဖက်ဒရယ်မူနှင့်အညီ ရှမ်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေကို တစ်ဆင့်ပြီးတစ်ဆင့်ရေးဆွဲနိုင်ရန် RCSS/SSA မှ ကမကထပြုလုပ်၍ ဖေဖော်ဝါရီ ၃ ရက်မှ ၇ ရက်အတွင်း ပြုလုပ်ခဲ့သည့် ရှမ်းပြည် ညီလာခံဖြစ်မြောက်ရေး တွေ့ဆုံဆွေးနွေးပွဲကို Video Conferencing ဖြင့် အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပြီး ဖြစ်မြောက်ရေးတွေ့ဆုံဆွေးနွေးပွဲအဆင့်ဆင့်ကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/SSA)က ကြေညာချက် ထုတ်ပြန်သည်။

စဝ်ဖများနှင့် ရှမ်းပြည်လူထုခေါင်းဆောင်များစုပေါင်း၍ ရှမ်းပြည်ကောင်စီကို ဖွဲ့စည်းနိုင်သည့်နေ့၊ ရှမ်းအမျိုးသားသီချင်းနှင့် ရှမ်းအမျိုးသားအလံကို ရွေးချယ်အတည်ပြုနိုင်သည့်နေ့ စသည်ဖြင့် ထူးမြတ်သော ဂုဏ်အင်္ဂါရပ်များနှင့်ပြည့်စုံသော ရှမ်းပြည်အမျိုးသားနေ့သည့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်တွင် စိန်ရတုတိုင်ခဲ့ပြီဖြစ်ကြောင်း၊ RCSS/SSA အနေဖြင့်ထူးကဲကြီးမြတ်သော ရှမ်းပြည်အမျိုးသားနေ့ကို ဦးညွတ်ဂုဏ်ပြုကြောင်း ကြေညာချက်၌ပါရှိသည်။

၂၀၁၅ ခုနှစ်နောက်ပိုင်းတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ မြို့နယ်အချို့တွင် ရှမ်းလက်နက်ကိုင်အဖွဲ့အစည်းနှစ်ခုဖြစ်သည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော်(SSPP/SSA) အကြားတွင်လည်းကောင်း၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/SSA)နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) အကြားတွင်လည်းကောင်း၊ SSPP/SSA၊ TNLA ပူးပေါင်းအဖွဲ့နှင့် RCSS/SSA အကြားတွင်လည်းကောင်း တိုက်ပွဲများ မကြာခဏဖြစ်ပွားခဲ့သည်။

Most Read

Most Recent