လူမှုဗေဒ၊ မနုဿဗေဒနှင့် ဘာသာဗေဒတို့တွင် ဖွဲ့ယှက်ပုံလေ့လာနည်း (Structuraliam) သည် နည်းနာတစ်ရပ်ကို ရည်ညွှန်းသည်။ ဖွဲ့ယှက်ပုံလေ့လာနည်း၏ အလိုအရ လူသားယဉ်ကျေးမှု၌ ပါဝင်သည့်အရာများကို ပို၍ကျယ်ပြန့်သော စနစ်များနှင့်ဖွဲ့စည်းပုံများ တစ်ခုနှင့်တစ်ခု လွှမ်းမိုးရောယှက်ပုံ ဆက်နွှယ်နေမှုကို လေ့လာခြင်းနည်းလမ်းဖြင့်သာ နားလည်နိုင်သည်ဟု ဆိုသည်။ လူသားတို့ပြုလုပ်သမျှ၊ စဉ်းစားသမျှ၊ တွေးထင်သမျှ၊ ခံစားသမျှ အရာအားလုံးတို့အား အခြေခံထားသည့် ဖွဲ့စည်းပုံကို ဖော်ထုတ်ခြင်းသည် ဖွဲ့ယှက်ပုံ လေ့လာနည်း၏ အလုပ်ဖြစ်သည်။ ဒဿနိကဗေဒပညာရှင် ဆိုင်မွန်ဘလက်ဘန်းက အတိုချုပ်ပြသကဲ့သို့ ဖွဲ့ယှက်ပုံလေ့လာနည်းသည် လူသားဘဝဖြစ်ရပ်ကို ၎င်းတို့၏ အပြန်အလှန်အတွင်း ချိတ်ဆက်ဆက်နွှယ်နေမှုမှတစ်ဆင့်မှလွဲ၍ သိနားလည်နိုင်ခြင်းမရှိဟူသည့် ယုံကြည်ချက်ဖြစ်သည်။ ယင်းဆက်နွှယ်မှုများတွင် ဖွဲ့စည်းပုံတစ်ရပ်နှင့် အပေါ်ယံဖြစ်ရပ်အတွင်းရှိ နောက်ကွယ်မှ အမျိုးမျိုးကွဲပြားခြားနားမှုများပါဝင်ပြီး ယင်းသည် ဒြပ်မဲ့ဖွဲ့စည်းပုံတစ်ရပ်၏ အမြဲတမ်းမှန်ကန်သော ဥပဒေသများ ဖြစ်ကြသည်။
ဖွဲ့ယှက်ပုံလေ့လာနည်းသည် ၁၉၀၀ ပြည့်လွန်နှစ်များအစောပိုင်းတွင် ဖွံ့ဖြိုး၍လာသည်။ ဖာဒီနန်ဒီဆောဆူး၏ ဖွဲ့ယှက်ပုံလေ့လာနည်းဆိုင်ရာ ဘာသာဗေဒအဖြစ် ထွန်းကားလာခြင်းဖြစ်သည်။ ယင်းနောက် ပရော့ဂ်၊ မော်စကိုနှင့် ကိုပင်ဟေဂင် ဘာသာဗေဒအုပ်စုများ ပေါ်ထွက်လာခဲ့သည်။ ၁၉၅၀ ပြည့်လွန်နှစ်များ အနှောင်းပိုင်းနှင့် ၁၉၆၀ ပြည့်လွန်နှစ်များ အစောပိုင်းကာလများတွင် ဖွဲ့ယှက်ပုံလေ့လာနည်းဆိုင်ရာ ဘာသာဗေဒသည် နိုအမ်ချွန်းစကီးကဲ့သို့သော ပညာရှင်များထံမှ ပြင်းထန်သောစိန်ခေါ်မှုများနှင့် ရင်ဆိုင်လာရသောကြောင့် အရေးပါမှုမှေးမှိန်၍လာသည်။ သို့သော်ဒီဆောဆူး၏ ဘာသာဗေဒမှ သဘောတရားများကို လူသားဘဝကို လေ့လာသူများက သက်ဆိုင်ရာပညာရပ် နယ်ပယ်များ၌ အသုံးပြု၍လာသည်။ မနုဿဗေဒပညာရှင် ကလော်ဒီလီဗိုင်းစထရောက်သည် အငြင်းပွားဖွယ်မရှိသည့် ယင်းကဲ့သို့သော ပထမဆုံးပညာရှင်ဖြစ်သည်။ လီဗိုင်းစထရောက်သည် ဖွဲ့ယှက်ပုံလေ့လာနည်းအား အကြီးအကျယ်စိတ်ဝင်စားလာအောင် နှိုးဆော်နိုင်ခဲ့သူလည်း ဖြစ်သည်။
ဖွဲ့ယှက်ပုံလေ့လာနည်း ကျင့်သုံးသူများ၏ ဆင်ခြင်မှုလမ်းကြောင်းကို အမျိုးမျိုးကွဲပြားခြားနားသော ပညာရပ်နယ်ပယ်များ၌ အသုံးပြုလာကြရာ မနုဿဗေဒ၊ လူမှုဗေဒ၊ စိတ်ပညာ၊ စာပေဝေဖန်ရေး၊ စီးပွားရေးပညာနှင့် ဗိသုကာပညာတို့ ပါဝင်သည်။ ဖွဲ့ယှက်ပုံလေ့လာနည်းနှင့်ပတ်သက်သော အထင်ရှားဆုံး တွေးခေါ်ရှင်များထဲတွင် ကလော်ဒီလီဗိုင်းစထရောက်၊ ဘာသာဗေဒပညာရှင် ရိုမန်ဂျာကော့ဆင်နှင့် ခွဲခြမ်းစိတ်ဖြာရေး စိတ်ပညာရှင် ဂျက်လာကန်တို့ပါဝင်သည်။ ဖွဲ့ယှက်ပုံလေ့လာနည်းသည် အသိပညာဆိုင်ရာ လှုပ်ရှားမှုတစ်ရပ်အဖြစ် ကနဦး၌ ဖြစ်တည်မှု ပဓာနဝါဒ (Existentialism) ကို အမွေဆက်ခံပုံရသည်ဟု ယူဆခံခဲ့ရသည်။ သို့သော် ၁၉၆၀ ပြည့်လွန်နှစ်များ အနှောင်းပိုင်းသို့အရောက်တွင် ဖွဲ့ယှက်ပုံလေ့လာနည်း၏ အခြေခံယုံကြည်မှုအများအပြားသည် ဒဿနိကဗေဒပညာရှင်နှင့် သမိုင်းပညာရှင် မိုက်ကယ်ဖူးကိုး၊ ဒဿနိကဗေဒပညာရှင် ဂျက်ဒါရီဒါ၊ မာ့က်စ်ဝါဒီတွေးခေါ်ရှင် လူးဝစ်အော်သူဆာနှင့် စာပေဝေဖန်ရေးပညာရှင် ရိုလန်ဘတ်တို့ကဲ့သို့သော ထင်ရှားလာသည့် ပြင်သစ်ပညာတတ်များ၏ ဝေဖန်တိုက်ခိုက်မှုခံလာရသည်။ ၎င်းတို့လက်ရာများ၌ပါဝင်သော အချက်များသည် မလွှဲမရှောင်သာ ဖွဲ့ယှက်ပုံလေ့လာနည်းနှင့်ပတ်သက်နေပြီး ယင်းမှအချက်အလက်ရရှိခြင်းဖြစ်သော်လည်း ဖော်ပြပါသဘောတရားရေးရာ ပညာရှင်များကို ဖွဲ့ယှက်ပုံလေ့လာနည်းအလွန် ပညာရှင်များ (Post Structrualists) များဟု ယေဘုယျသဘောအရ ရည်ညွှန်းခေါ်ဆိုကြသည်။ ၁၉၇၀ ပြည့်လွန်နှစ်များ၌ ဖွဲ့ယှက်ပုံလေ့လာနည်းသည် တင်းကျပ်လွန်းမှုနှင့် သမိုင်းကို ဂရုမစိုက်မှုတို့အတွက် ဝေဖန်ခံရသည်။ သို့သော်လာကန်ကဲ့သို့သော အမာခံပညာရှင်များသည် ကမ္ဘာ့ဒဿနိကဗေဒအပေါ် ဆက်လက်သြဇာလွှမ်းမိုးဆဲဖြစ်ပြီး Structuralism အပေါ် Post Structuralists များ၏ ဝေဖန်မှုအချို့၌ အခြေခံယူဆချက်အများအပြားသည် Structuralism ကို ရှေ့ဆက်ခြင်းဖြစ်သည်ဟု ယူဆကြသည်။
မည်သို့ပင်ဆိုစေကာမူ ဖွဲ့ယှက်ပုံလေ့လာနည်းသည် ပညာရပ်ဆိုင်ရာနယ်ပယ်များ၌ သိရှိနားလည်ထားသင့်သည့် သဘောတရားရေးရာ နည်းနာတစ်ရပ်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
ဖေဖော်ဝါရီ ၈ ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အဘော်