ပြောင်တလင်းခါအောင် ခိုးထုတ်ခံနေရတဲ့ ကသာခရိုင်က အဖိုးတန်သစ်များ

ပြောင်တလင်းခါအောင် ခိုးထုတ်ခံနေရတဲ့ ကသာခရိုင်က အဖိုးတန်သစ်များ
ဗန်းမောက်မြို့နယ်အတွင်းရှိ သစ်ခိုးထုတ်သည့်နေရာတွင် အသုံးပြုသော ပစ္စည်းကိရိယာများကို တွေ့ရစဉ်
ဗန်းမောက်မြို့နယ်အတွင်းရှိ သစ်ခိုးထုတ်သည့်နေရာတွင် အသုံးပြုသော ပစ္စည်းကိရိယာများကို တွေ့ရစဉ်
Published 6 February 2022
ထွန်းလင်းအောင် (မြစ်ကြီးနား)

“သစ်ခိုးထုတ်တယ် ပြောလို့ မရပါဘူး မောင်။ နေ့-ည ဗြောင် တွယ်နေကြတာကိုး။ လွန်ခဲ့တဲ့ နှစ် နှစ်ဆယ်ကျော်တုန်းက အစ်ကိုတို့ မြင်ဖူးတဲ့ ကျောက်မဲတောင်ကြိုးဝိုင်း၊ ရေဝေတောင်ကြော ကျွန်းသစ်တောကြီးတွေပြောင်သွားပြီ။ မဲဇာချောင်းဖျားက ကျွန်းသစ်ကောင်းတွေ၊ သစ်တောက ထိန်းသိမ်းထားတဲ့ မျိုးဆက်ပွား ကျွန်းတောကြီးတွေ ပြောင်ပြီ။ မနှစ်ကလည်း ဒေသခံတွေ အကြိုက်ထုတ်တာပဲ။ ဒါပေမဲ့ ဒီနှစ်က တရုတ်က လေးပေတို၊ ငါးပေတိုတွေ အဝယ်လိုက်တော့ သုံးထွာဆိုင်ကျော်တာနဲ့ ခုတ်နေကြတော့တာ။ ဒီနှစ်ကုန်တဲ့နှစ်လို့ မှတ်ရမှာပဲ။ တဲတိုင်ကို ရှာရခက်ပြီမောင်” ဟု ကသာခရိုင်၊ အင်းတော်မြို့နယ်၊ မဲဇာတိုက်နယ်က ငယ်သူငယ်ချင်းက ဒေသသံကလေးနဲ့ ဆိုပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးနောက်ပိုင်း ပြောင်းလဲသွားသည်က သစ်စက် များလာတာ၊ ရွှေမှော်တွေများလာတာက ကသာခရိုင်မှာ သိသိသာသာ ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး သံလမ်းရိုးတစ် လျှောက်က မြို့ရွာများနဲ့ မြန်မာနိုင်ငံအောက်ပိုင်း ဒေသများမှာ သစ်ကောင်းများ ရှားပါးလာခြင်းကလည်း ကသာခရိုင်က သစ်တောများ သစ်ခိုးထုတ်မှုများစေသည့် အကြောင်းတစ်ရပ်ဖြစ်နေပါတယ်။ လွန်ခဲ့တဲ့ ၂၀၂၁ ခုနှစ်ပွင့်လင်းရာသီ တစ်လျှောက်လုံး အုံနှင့်ကျင်းနဲ့ ထုတ်လုပ်ခဲ့သော်လည်း တရုတ်နယ်စပ်က ကိုဗစ်ရောဂါအကြောင်းပြကာ မှောင်ခိုဝင်ပေါက်များ တင်းကျပ်ခဲ့သဖြင့် ခိုးထုတ်မှုမှာ ယခုနှစ်လောက် မများခဲ့ပေ။ လွန်ခဲ့သည့် နှစ်က တောဖြစ်ကျွန်းသစ်တစ်တန် ကျပ်သုံးသိန်းခွဲဝန်းကျင်မှာ ယခုနှစ်တွင် ခြောက်သိန်းနီးပါး ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ကသာခရိုင်အတွင်းက ကသာ၊ အင်းတော်၊ ဗန်းမောက်၊ ထီးချိုင့်မြို့နယ်များအတွင်း ကြိုးဝိုင်း၊ ကြိုးပြင်ဧရိယာ ဧက ၁၃ သိန်း ကျော်ရှိ သစ်တောများမှာ အစုလိုက် အပြုံလိုက် ခိုးထုတ်ခံနေရပြီး ခေတ်ကာလတစ်လျှောက်လုံးတွင် အမြန်ဆုံးနှင့် အများဆုံး ခိုးထုတ်နေကြခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုပါတယ်။

မကြုံစဖူး သတင်း

လွန်ခဲ့တဲ့ ဖေဖော်ဝါရီ ၄ ရက်က အင်းတော်မြို့နယ်၊ တာပေါရွာက လူနာ မမိုးခိုင်ကို ကသာဆေးရုံ ပို့ခဲ့ရပါတယ်။ အင်းတော်-ကသာ လမ်းပေါ်ရှိ  ကင်းမလွတ်ကျေးရွာအဝင်မှာ ကားပေါ်ကျွန်းသစ်ပင်ပိကာ လူနာမှာ သေဆုံးခဲ့ပါတယ်။ လင်သားနဲ့ သားသမီးလေးဦး ကျန်ရစ်ခဲ့ပါတယ်။  မောင်ဖြစ်သူ စီးပွားရေးအဆင်မပြေတော့  အစ်မဖြစ်သူ ဒေါ်လှဝင်းက မောင်ဖြစ်သူ ဇနီးကို ကိုယ်ပိုင်ကားဖြင့် ပို့ခြင်းဖြစ်ရာ လမ်းတွင် မကြုံစဖူး ယခုလိုကြုံရခြင်းဖြစ်ပါတယ်။ ဒေါ်လှဝင်းမှာ ထိခိုက်ဒဏ်ရာ အနည်းငယ်သာရခဲ့ပါတယ်။

တာပေါကျေးရွာမှ သေဆုံးသူ၏ ရပ်ဆွေရပ်မျိုးဖြစ်သူ ဦးညွန့်လှိုင်က “အစ်မကြီးဖြစ်သူ ဒေါ်လှဝင်းက မောင်ဖြစ်သူရဲ့ မိန်းမကနေမကောင်း ဖြစ်နေတော့ သူ့ကားနဲ့ ကသာလိုက် ပို့တာ။ မနေ့ကဖြစ်တော့ လူနာကတော့ အဲဒီမှာတင်သေတာ။ ဒေါ်လှဝင်းရဲ့ သမီးအကြီး အင်းတော်ကို အိမ်ထောင်ကျတဲ့ ကလေးမက ခေါင်းကွဲပြီး မန္တလေးဆေးရုံကို ပို့လိုက်ပြီ။ စိုးရိမ်ရတယ်။ ဒေါ်လှဝင်းကြီးက သိပ်မထိလိုက်ဘူး။ စိတ်မကောင်းစရာတွေဗျာ။ သစ်ကလည်း ခိုးလှဲနေတော့ လမ်းပေါ်ဆင်းပြီး တားမယ့်လူလည်း ရှိပုံမရဘူး။ ကားအရောက် သစ်ပင်လဲ ပိပြီး သေသွားတာပေါ့။ သစ်တွေကလည်း အင်းတော်-ကသာလမ်းဘေး၊ အင်းတော် -ဗန်းမောက်လမ်းဘေးရှိတဲ့ဟာ အကုန်ခိုးထုတ်နေကြတာ” ဟု ဆိုပါတယ်။

သေဆုံးမှုတွေ ဖြစ်လာတော့ မည်သူမျှ တာဝန်ခံသူမရှိ။ လူမှုကယ်ဆယ်ရေးအဖွဲ့တွေ ၀ိုင်းဝန်းကြလို့သာ ကာယကံရှင် မိသားစုတွေ သက်သာနေပါတယ်။ ကယ်ဆယ်ရေးမှာ ပါဝင်သူတွေ ပြောပြချက်အရ အင်းတော်-ကသာလမ်း နံဘေးရှိ နှစ်ပေါင်း ၆၀၊ ၇၀ ကျော် သက်တမ်းရှိ ကျွန်းပင်ကြီးတွေလဲ နေတာလည်းရှိပါတယ်။ သင်းသတ်ထားတာလည်းရှိပါတယ်။ လဲတော့မလို တစ်ဖက်ခုတ်ထားတာလည်း ရှိနေပါတယ်။

ယင်းဖြစ်စဉ်ကို ကူညီခဲ့သူတစ်ဦးက “သစ်ခိုးတဲ့လူတွေက အင်းတော်-ကသာ ကားလမ်းမကြီး ဘေးက ကျွန်းပင်ကြီးတွေ နေ့နေ့ ညည ခုတ်နေကြတာ။ ကသာသွားရင် သစ်ကိုင်းတွေဖယ်ပြီး မောင်းနေကြရတာ။ လဲတော့မယ့် သစ်ပင်တွေတောင် ရှိသေးတယ်။ သင်းထားတဲ့ အပင်တွေလည်း အများကြီးပဲ။ အရင်က ဆိုင်ကယ်စီးခိုက်မိမလို ဖြစ်သေးတယ်။ အခုဖြစ်စဉ်မှာတော့ ဘယ်သူမှ တာဝန်ယူမလဲ။ထွက်ပြေးတာပေါ့။ သက်တမ်း နှစ် ၆၀၊ ၇၀ ရှိတဲ့ ကျွန်းပင်တွေ အကုန်ခုတ်နေတာ” လို့ ဆိုပါတယ်။ မကြုံစဖူးသော သတင်းပါတကား။

နေ့မြင်ညပျောက်  သစ်တောကြီးတွေ

“အများစုကတော့ ဒေသခံတွေ လုပ်အားစိုက်တာပေါ့။ လောပန်းတွေက အပိုင်းပိုင်းစျေးဖြစ်နေကြတာ။ စက်တွေကားတွေနဲ့ အစုံရောက်လာတာကိုး။ ဆိုင်ကယ်၊ ကားအကြီး၊ ကားအသေးတွေနဲ့တင်တာပဲ။ တရုတ်က အခုမှ အဝယ်လိုက်တယ်ပြောတယ်။ ပေတိုတွေ ဝယ်လိုက်တော့ ဒေသခံတွေ ချိန်းဆောတွေ ကိုယ်စီနဲ့ ဖြစ်ကုန်တာ။ အင်းတော်-ဗန်းမောက်လမ်းဘေး၊ မန်ကင်း၊ စုံးတော်၊ ကိုင်းကြီး၊ နန့်ဖား၊ ကနန်းဒေသဘက်က ကြိုးဝိုင်းအားလုံးဟာ ပွဲတော်ကြီးလိုပဲ အလုအယက် ခုတ်နေကြတာ။ မဲဇာမြစ် ဖျားချောင်းရိုးက ကျွန်းသစ်ကုန်ပြီ။

ချောင်းနဲ့ ချောင်းဘေးရွှေတူး။ ကျန်သစ် ကျွန်းသစ် အကုန်ခုတ်ပေါ့။ စက်တွေလည်း မျိုးစုံဆိုတော့ မျက်စိရှေ့တင်ကို လွန်ခဲ့တဲ့လနဲ့ မတူတော့ဘူး။ လင်းလင်းသွားတာ” ဟု အင်းတော်မြို့မှ ဗန်းမော်မြို့နယ်တွင် ရွှေတူးနေသူတစ်ဦးက ဆိုပါတယ်။

ကသာခရိုင်တွင် ကသာ၊ အင်းတော်၊ ဗန်းမောက်၊ ထီးချိုင့် စတဲ့ မြို့နယ် လေးခုရှိပြီး သစ်တောကြိုးဝိုင်း ၄၄ ခု၊ ဧရိယာ ဧက ၁၀၀၈၃၃၇ ဧက၊ ကြိုးပြင် ကာကွယ်တော ၂၀ ခု၊ ဧရိယာ ဧက ၃၀၈၂၁၁ ဧက၊ သဘာဝ ထိန်းသိမ်းရေ နယ်မြေ တစ်ခု၊ ဧရိယာဧက ၆၀၀၄၆ ဒသမ ၇၁ ဧက ရှိပါတယ်။ လက်ရှိအနေအထားအရဇလုံတောင် သဘာဝထိန်းသိမ်းရေး နယ်မြေမှလွဲ၍ ကျန်ဒေသများတွင် ရသည့်နည်းလမ်းဖြင့် သယ်ထုတ်နေကြကြောင်း၊ ကျွန်းသစ်၊ တမလန်းအပြင် အင်ကြင်း၊ သစ်ရာ စသည့် သစ်များကို ခုတ်ယူလာကြသည့် အခြေအနေဖြစ်ကြောင်း ဗန်းမောက်မြို့နယ်မှ စုံးတော်အုပ်စုမှ  အုပ်ချုပ်ရေးမှူးတစ်ဦးက ဆိုပါတယ်။

၎င်းက “ဒီလိုသာ ခုတ်နေကြရင် နောက်မြေးနောက်သားအတွက်တွေ အိမ်တစ်လုံး ဘယ်လိုဆောက်မလဲ။ ဒီတောထဲမှာ တစ်တန် သုံးသိန်းခွဲကောက်တယ်။ ကသာကိုပို့တယ်။ ဟိုမှာတော့ စျေး မသိဘူး။ သစ်အလုံးထောင်ချီပြီး လှဲသွားပြီ။ ရပ်ရွာကိုလည်း အကျိုးမပြုဘူး။ ဘုန်းကြီးကျောင်းကိုလည်း မလှူဘူး။ ဗြောင်ကို လာခိုးစားနေတာ။ ဒီကာလကြီး ဘယ်သူမှ တိုင်စရာမရှိဘူး။ ဒီတောကြီးတွေ ပြောင်သွားရင် နောက်လာနောင်သားတွေအတွက် ဘာမှမကျန်တော့မှာ စိတ်ပူတယ်” လို့  ဆိုပါတယ်။

ခေတ်အဆက် သစ်မှောင်ခိုလမ်းကြောင်းများနဲ့ စံချိန်တင်မယ့်နှစ်

လက်ရှိတွင် သစ်ခိုးထုတ်နေသည့် အနေအထားမှာ မန္တလေး-မူဆယ်လမ်းကြောင်းမှ တရုတ်နိုင်ငံသို့ လည်းကောင်း၊ အင်းတော်-ထီးချိုင့်လမ်းမှ ကသာမြို့နယ်ငအိုးကျေးရွာ လမ်းခွဲမှ ရှမ်းပြည်မြောက်ပိုင်း နှင့်ဗန်းမော်ခရိုင် မန်စီမြို့နယ်ကို ဖြတ်ကာ အင်ဘာပါမှ ကေအိုင်အို ထိန်းချုပ်နယ်မြေ မိုင်ဂျာယန်မှ တရုတ်နိုင်ငံသို့ လည်းကောင်း၊ အင်းတော်-ကသာ-ရွှေကူ-ဗန်းမော် လမ်းကြောင်းဖြင့် လည်းကောင်း  သယ်ထုတ်နေကြခြင်း ဖြစ်ကြောင်း သစ်မှောင်ခိုလုပ်ငန်းနှင့် နီးစပ်သည့် ကသာမြို့ခံတစ်ဦးက ဆိုပါတယ်။။

၎င်းက “အဓိကတော့ တရုတ် လောပန်း ကိုယ်စားလှယ်တွေက ကသာက ဟိုတယ်တစ်ခုမှာထိုင်ပြီး လမ်းကြောင်း ရှင်းတာပေါ့။ ဝယ်ကြတာတော့ အဆင့်ဆင့်လို့ သိရတယ်။ တရုတ်က ဝင်ပေါက်ခက်တော့ ရှမ်းမြောက် ချင်းရွှေဟော်ဘက်တစ်ပေါက်၊ ကေအိုင်အေ ထိန်းချုပ်တဲ့ မိုင်ဂျာယန်က တစ်ပေါက်လို့ပြောတယ်။ ငအိုးကနေ မဘိန်းဘက်ကို ထိုးတက်ပြီး မံစီအင်ဘာပါကနေ မိုင်ဂျာယန်ဘက် ဖြတ်ရတာပေါ့။ လွယ်ဂျယ်မြို့နဲ့ သုံးမိုင်လောက် ဝေးတယ်။ ဒီနှစ်တော့ အများဆုံး ဖြစ်မယ့် နှစ်ပဲ။ အားလုံး ကို ညှိထားပြီးပြီတဲ့။ သိန်းပေါင်း သိန်းထပ်နေတဲ့ လုပ်ငန်းကြီး ဘယ်လောပန်းက ဘလိုင်းဝင်မလဲဗျာ” ဟု ဆိုပါတယ်။

ကသာမှ ဗန်းမော်သို့ ရေကြောင်း၊ ကုန်းကြောင်းဆန်ကာ ဗန်းမော်-လွယ်ဂျယ်လမ်းအတိုင်း သယ်ယူပို့ဆောင်နေသည့် ကားများလည်း ရှိနေကြောင်း ယင်းလမ်းကြောင်းတွင် လိုက်ပါခဲ့သူများက ဆိုပါတယ်။

တရုတ်နိုင်ငံသို့ သစ်မှောင်ခို လုပ်ငန်းများသည် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းကို ကျော်ဖြတ်ကာ ၂၀၀၀ ပြည့်နှစ် နောက်ပိုင်းမှ စတင်ကာ NLD အစိုးရ နှစ်နှစ်တာကာလ ၂၀၂၂ ခုနှစ်အထိ  ပွင့်လင်းရာသီအစပိုင်းမှ စတင်ကာ မိုးကျသည်အထိ ကြီးမားသော မှောင်ခိုလုပ်ငန်းအဖြစ်ရှိနေဆဲ ဖြစ်ပါတယ်။

ဗန်းမော်ခရိုင်အတွင်းနဲ့ ရှမ်းပြည်မြောက်ပိုင်းများတွင် နှစ်စဉ် သစ်မှောင်ခိုလုပ်ငန်းများနှင့် ပတ်သက်ပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန်လက်ထက်တွင် လာဘ်ပေး လာဘ်ယူမှု၊ မူးယစ်ဆေးဝါးများ သုံးစွဲခြင်း မြင့်တက်လာမှု၊ လူမှောင်ခို ဖြစ်ပွားမှုများပါဖြစ်ပေါ်ခဲ့ပြီး ဒေသအတွင်း နှစ်ဖက်လက်နက်ကိုင်အဖွဲ့များနှင့် အစိုးရဝန်ထမ်းအရာရှိများ၊ လွှတ်တော်ကိုယ်စားလှယ်များပါ လာဘ်ပေးလာဘ်ယူမှုတွင် ပါဝင်ပတ်သက်နေကြောင်း သတင်းများ ထွက်ပေါ်ခဲ့သော်လည်း မည်သည့် စစ်ဆေးမှုမျှလုပ်ခဲ့သည်ကို မတွေ့ရပေ။

ဒေသခံတို့၏ စိုးရိမ်မှု

ကသာခရိုင်က ဒေသခံအများစုမှာ တောင်သူလုပ်ငန်းတွင် မျိုးဆက်နဲ့ချီကာ အသက်မွေးခဲ့ကြသူများဖြစ်သဖြင့် အလွန်ပင်ရိုးကြပါတယ်။ အိမ်ဆောက်၊ တဲဆောက်၊ တံတားဆောက်၊ ကျောင်းဆောက် အဆောက်အအုံနဲ့ ပတ်သက်ရင် စိတ်မပူရ။ အနီးဝန်းကျင်က ကြိုးပြင်ကာကွယ်တောက သစ်တွေအလွယ်တကူ ခုတ်ယူခဲ့ကြပါတယ်။ နှစ်ပေါင်း ၃၀ ကျော်အတွင်း ဒေသတွင်း သစ်တောများ သိသိသာသာ လျော့ကျလာကြောင်း၊ မိုးအလွန်အကျွံ ခေါင်တာလည်း နှစ်ဆက်နီးပါး ကြုံတွေ့လာရပြီဖြစ်ကြောင်း၊ မိုးခေါင်မှုနဲ့ သစ်တောပြုန်းတီးမှုမှာ တိုက်ရိုက်ဆက်စပ်နေကြောင်း မဲဇာတိုက်နယ်၊ အသက် ၇၀ ကျော်အရွယ် ဦးတင်အောင် ဆိုပါတယ်။

“စာမှာက “ဥတုရာသီ၊ တောကိုမှီ” လို့ ဆိုတာလေ။ တောတွေ ပြောင်တော့ ရာသီက ပူတာများတာပေါ့။ ဒီနှစ် သီတင်းကျွတ်မှာ ပူတဲ့နေဟာ နွေရာသီကို မီတယ်။ “ခံပျင်း ရွက်လိမ်၊ ခွေးရေစိမ်” ဖြစ်သွားတာ။ စပါးထွက်စဆိုတော့ ပင်သေ၊ ရေခန်းလိုက်ပြီး အစေ့မထည့်တော့ဘူး။ တောင်သူအားလုံး အထွက်လျော့တယ်။ ကျွဲ၊ နွားတိုက် ပစ်ရတယ်။ အခုသစ်တွေ နေ့နေ့ညညကြီး ခုတ်နေကြတော့ ကျောက်မဲတောင် အရှေ့ဘက်ခြမ်းမှာ ကျွန်းသစ်ကို မရနိုင်တော့ဘူး။ အရင်ကတော့ ဒီတစ်သက် ဒီတောတောင်တွေ မကုန်ဘူးထင်တာ။ အခုနှစ် ၂၀ ကျော်မှာ ပါးပါးသွားတာ။ အခု ပျောက်သွားပြီ။ သားကောင်တွေရောပဲ။ ဒီအတိုင်းသွားပြီ။ တောတောင်တွေပြောင်၊ မိုးတွေခေါင်ဆိုရင် မြေးတွေလက်ထက် လယ်လုပ်ဖို့ မလွယ်ဘူး” ဟု ဆိုပါတယ်။

ကသာခရိုင်အတွင်း ပုံမှန်မိုးရေချိန်မှာ ၆၀ ဒသမ ၁၅ လက်မ ရရှိပါတယ်။ ၂၀၂၁ ခုနှစ်မှာ ကသာခရိုင်အတွင်း ၃၈ ဒသမ ၃၉ လက်မသာ ရှိခဲ့ပါတယ်။

၂၀၁၉ ခုနှစ်တွင် ထိုထက်နည်းကာ  ၃၁ ဒသမ ၇၆ လက်မဖြင့် စံချိန်တင်ခဲ့ပါတယ်။ အရင်အနည်းဆုံးနှစ်တွေက ၂၀၀၂ ခုနှစ်က ၄၂ ဒသမ ၇၈ လက်မ၊ ၁၉၉၈ ခုနှစ်မှာ ၄၁ ဒသမ ၄၃ လက်မ၊ ၁၉၉၉ ခုနှစ် မှာ ၄၁ ဒသမ ၉၄ လက်မ တို့ဖြစ်ပါ တယ်။ ကသာခရိုင် မိုးလေဝသဌာနမှ မှတ်တမ်းများနှင့် ပတ်သက်၍ ကသာခရိုင် မိုးလေဝသနှင့် ဇလဗေဒစခန်းမှ ဒုတိယဦးစီး ဟန်ထက်အောင်က “မိုးရေချိန် လက်မ ၄၀ အောက်ကို ဆင်းတာ နှစ်နှစ်ရှိပြီပေါ့။ အရင်ကတော့ မြင်းခြံတို့၊ မုံရွာ၊ မန္တလေးတို့ပဲ ကြားဖူးတာ။ အခု ကိုယ်ဆီရောက်နေပြီ။ အဓိက တော့ Climate Change (ကမ္ဘာ့ ရာသီပြောင်းခြင်း) ပဲဗျ။ မိုးရွာတာ နေရာမညီဘူး။ ရွာသွန်းတဲ့ပုံစံ မမှန်ဘူး။ ဒေသတွင်း သစ်တောကြီးတွေ ပြုန်းလာတာလည်း ပါမှာပေါ့။ ကျွန်တော်တို့ဒေသက အကြီးဆုံး မိုးသစ်တောတွေက တဖြည်းဖြည်း ပျောက်လာပြီကိုး။ လာမယ့်နှစ်အတွက်တော့ မိုးလေဝသပညာရှင်များက လာနီညာဖြစ်စဉ်ကြောင့် မိုးကောင်းမယ်လို့ ပြောထားကြတယ်” ဟု ဆိုသည်။

အတိတ်က  သဘာဝသယံဇာတတွေကို လွမ်းကြသည်

ကသာခရိုင်သည် တော၊ တောင်၊ ချောင်း၊ မြောင်း၊ စိမ့်ကြီး၊ မြိုင်ကြီး အရပ်ဖြစ်ပါတယ်။ သား၊ ငါးပေါပါတယ်။ ကသာခရိုင်သည် စစ်ကိုင်းတိုင်း မြောက်ဘက်အကျဆုံး ခရိုင်တစ်ခုဖြစ်ပြီး မြောက်ဘက်တွင် ကချင်ပြည်နယ်၊ အရှေ့ဘက်တွင် ရှမ်းပြည်နယ်တို့နဲ့ ထိစပ်နေပါတယ်။ အနောက်ဘက်မှာ ထမံသီ ဘေးမဲ့တောရှိတဲ့ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်နှင့် ထိစပ်သွားပါတယ်။

မဲဇာတိုက်နယ် ၊ပင်သချေရွာမှ တောင်သူ ဦးမောင်ဦးက “ မဲဇာချောင်းထဲ ငါးရှားသွားတာ ၂၀၀၀ ခုနှစ် နောက်ပိုင်းပေါ့။ အဲဒီနောက်ပိုင်း ချောင်းဖျားမှာ ရွှေတွေ တအားကျင်လာတော့ ချောင်းရေက နောက်ပြီး သားငါးရှားသွားတာ။ အဲဒီမတိုင်ခင်ကဆိုရင် နှစ်စဉ် တန်ဆောင်မုန်းလဆိုရင် ငါးလူငါးတွေ တက်ကြတာပေါ့။ အိမ်တိုင်း ဖမ်းကြတယ်။ အချိန် လေးငါးပိဿာကနေ ပိဿာဆယ်ချီရကြတာပေါ့။ ချောင်းရိုးတစ်ရိုးလုံး ဘယ်ရွာမှ ဟင်းဝယ်စားကြတာ မဟုတ်ဘူး။ ချောင်းထဲမြောင်းထဲ ရှာစားကြရတာပဲ။ ရှာတိုင်းလည်း ရတာကိုး။ အခုက ရှာမရတော့ဘူး။ ချောင်းရေလည်း အခုအချိန် ပြန်ကြည်လင်တဲ့ အခြေအနေ မရှိတော့ဘူး” လို့ ဆိုပါတယ်။

အသက် ၇၀ အထက် မဲဇာချောင်းရိုး ဒေသခံများ ပြောပြချက်အရ ယင်းဒေသတွင် သစ်တောများ ပြုန်းတီးခြင်းနှင့် သားငှက်တိရစ္ဆာန် ရှားပါးခြင်းမှာ ၁၉၉၀ ခုနှစ်နောက်ပိုင်းမှသာ စတင်ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။ ပြောင်၊ တောဝက်၊ ဆတ်၊ ဒရယ်၊ ဂျီ၊ တောကြောင်၊ ဝက်ဝံ၊ တောင်ဆိတ်၊ ဖွတ်၊ ယုန်၊ သင်းခွေချပ်၊ ဖြူ၊ မျောက်မျိုးစုံ၊ ငှက်မျိုးစုံ ကျက်စားခဲ့ကြောင်း ဆိုပါတယ်။ 

“ ဒီဒေသဟာ ကိုယ်ရှေ့မှာ တင်ပဲ ပုံပြင်လို၊ ရာဇဝင်လို ဖြစ်သွားပြီ။ ငါတို့ တစ်သက်တော့ စားမကုန်၊ သုံးမကုန် အောက်မေ့တာ။ မြစ်တွေ လက်ထက်ကျ ဘာမှမကျန်နိုင်တော့ဘူး။ စျေးဆိုတာ အဝတ်အစားနဲ့ သံနဲ့လုပ်တဲ့ပစ္စည်းပဲ ဝယ်ခဲ့တာဟေ့” လို့ အသက်၈၀ နီးပါးရှိ မန်လည်တိုက်နယ်မှ ဦးအုန်းမောင်က ဆိုပါတယ်။

“တစ်နှစ်က မိုးခေါင်တော့ ၀ါဆိုလကြီး တံခွန်တိုင်ရွာက နတ်အင်းကြီး ခန်းသွားတယ်ပြောကြလို့ လေးငါးယောက် မေးယူရတယ်။ ဘယ့်နှယ် ငါငယ်ငယ်က နွေရာသီဝါးတစ်ရိုက်လောက် နက်တယ်” လို့ ဆိုပါတယ်။

တောတောင်ပြုန်းခြင်း အစဟာ ၁၉၉၀ ခုနှစ်နောက်ပိုင်း လာဘ်ပေးလာဘ်ယူမှုကြောင့် ပျက်စီးလာရခြင်းဖြစ်ကြောင်း ကိုယ့်တွေ့ကြုံရသူများက ဆိုပါတယ်။ အင်းတော်မြို့နယ် ကျေးလက်တစ်ခုမှ  အသက် ၇၀ ကျော်အရွယ် တောင်သူတစ်ဦးက “ ၁၉၉၄ ခုနှစ်နောက်ပိုင်းမှ ကျွန်းသစ်ကို စသုံးခွင့်ရတာ။ အရင်က ဘုန်းကြီးကျောင်းတောင် အင်ကြင်းနဲ့ အင်ပျဉ်တွေနဲ့ ဆောက်ရတာ။ သွားကြားထိုး၊ နားပန်ကို အစိုးရက ခွင့်မပြုဘူး။ ခြံဝင်းထဲ အိမ်ဝင်းထဲ ပေါက်ရင် အစိုးရမသိအောင် ခုတ်ပစ်ရတာ။ ဝန်ထမ်းတွေ လစာမလောက်တော့ နည်းနည်းပေးလိုက် တောထဲခုတ်လိုက် လုပ်ရာကနေ  ပေါ်ပေါ်တင်တင် ဖြစ်လာတာပေါ့။ အစကတော့ စားပွဲအောက် ပေးမှ။ ပေါ်တင်ပေးရင် မယူဘူး။ နောက်ကျတော့လည်း တောင်းတဲ့အဆင့်တွေ ရောက်လာတာပဲ။ ဒေသသုံးအတွက်ဆိုရင် ဒီဒေသက လူနည်းပြီး တောတောင်များတယ်။ ဘယ်ကုန်နိုင်မလဲ။ ၂၀၀၀ ခုနှစ်လောက်ကနေ တရုတ်ပို့ဖို့ တမလန်း ထုတ်တယ်။ လွန်ခဲ့တဲ့ အစိုးရလက်ထက်က  သစ်လုံးလူတစ်ရပ် လောက်မြင့်တဲ့ အင်၊ ကညင်တွေ ထုတ်တယ်။ ရေဝေတောင်တစ်ကြောလုံး လွှစက်တွေ  မနှစ်က တစ်နှစ်လုံး လည်တယ်။ ဒီနှစ်လည်း လယ်တယ်ဆိုတော့ ကျွန်းသစ်က မျိုးပျောက်သလောက်ကို ဖြစ်နေတာ။ ကြာရင် အောက်ပြည်အောက် ရွာတွေလို လွင်တီးခေါင် ဖြစ်တော့မှာ” လို့ ဆိုပါတယ်။

စာတစ်တန်၊ ပေတစ်ဖွဲ့ ကသာနယ်က တောကြီးများ

ကသာနယ်ဟု ပြောကြလျှင် မြန်မာသိ၊ ကမ္ဘာသိ စာရေးဆရာကြီး ဂျော့အော့လ်ဝဲ  (Gorge Orwell) ၏   ပထမဆုံး ပေါက်ဖွားခဲ့သည့် Burmese Days ဝတ္တုအခြေတည်ရာ ကသာမြို့ပေါ်တွင် ဖြစ်သောကြောင့် ဖြစ်ပါတယ်။ ဆရာကြီး ရွှေဥဒေါင်း၊ ဆရာကြီးသော်တာဆွေ၊ သိပ္ပံမှူးတင်တို့ လူသိများကြပါတယ်။ မန်လည်ဆရာတော်၊ တည်တောဆရာတော် စသည့် သူတော်ကောင်းတို့ပျော်မွေ့ရာ ဒေသ ဖြစ်ခဲ့ပါတယ်။ ဒေသတွင်း ရပ်ရွာတောတောင်ရေမြေတို့ကိုလည်း စာပေများတွင် မှတ်မှတ်ထင်ထင် ရေးဖွဲ့ခဲ့ကြပါတယ်။

ကသာဒေသ၏ တောတောင်များကို အစောဆုံးမှတ်တမ်းတင်ခဲ့သူမှာ မြန်မာသက္ကရာဇ် ၁၁၂၅ ခုနှစ်တွင် နယ်နှင်ဒဏ်ပေးခံရသည့် လက်ဝဲသုန္ဒရအမတ်ကြီး ဂန္ထဝင်ကဗျာဖြစ်သည့် “မဲဇာတောင်ခြေရတု” ဖြစ်ပါတယ်။ ၁၁၂၆ နှစ်တွင် ပြစ်ဒဏ်မှ လွတ်ကင်းသဖြင့် နှစ်နှစ်နီးပါးမျှ အမတ်ကြီး ခိုအောင်းခဲ့သည့် နေရာဖြစ်ပါတယ်။ ထီးချိုင့် မြို့နယ်အတွင်းရှိပြီး သံလမ်းဘူတာဆိုက်သည့် အင်းတော်မြို့နယ်က  မဲဇာကြီးနှင့် ၁၈ မိုင်ခန့်ဝေးပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၈၃ ခုနှစ်က စာဆိုအမတ်ကြီးက “စီးသွင်ညိုရစ်၊ မဲဇာမြစ်လည်း၊ ထစ်ထစ်ထွန်းဘိ၊ ချုံအတိနှင့် တောကြီးဆိတ်ညံ၊ ဆီးကျံကျံဝယ်၊ ဓူဝံမပေါ်၊ မမျော်ပါရ၊ နေကိုတလည်း၊ ဘယ်ကရှေ့နောက်၊ ဘယ်တောင်မြောက်ဟု၊ တွေးထောက်မမှန်၊ ဖန်ဖန်အံ့သြ၊ ကြံတိုင်းမောစွ” ဟု အရပ်မျက်နှာ မမှတ်မိလောက် တောကြီးမျက်မည်း ဖြစ်ခဲ့ကြောင်း ရေးဖွဲ့ခဲ့ပါတယ်။

“သံဝါဖျောက်ဖျောက်၊ ဆီးနှင်းပေါက်လည်း၊ မိုးလောက်ပြင်းထန်၊ သွန်ချပြန်သော်” “ရထားယာဉ်သာ၊ နေစကြာလည်း၊ ရောင်း ၀ါမထွန်း၊ ချမ်းရှာလွန်း၍၊ တည့်မွန်းချိန်နေ၊ ရောက်လွယ်စေဟု” တမ်းတခဲ့ရသည့် ဒေသဖြစ်ပါတယ်။ ဝန်ထမ်းများ အကြောင်းတစ်ခုခုကြောင့် နယ်ဝေးသို့ သွားရောက်တာဝန်ထမ်းရပါက “မဲဇာ အပို့ခံရသည်” ဟုပင် ရည်ညွှန်းပြောဆိုကြပါတယ်။

ဆရာကြီးရွှေဥဒေါင်းမှာ ကသာနယ်၊ ထီးချိုင့်တိုက်နယ်က မြတောင်ရွာသူနဲ့ အိမ်ထောင်ကျကာ ဒေသတွင်း လူမှုဘဝအထွေထွေကို ဆရာကြီး ဂန္ထဝင်လက်ရာဖြစ်သည့် “တစ်သက်တာမှတ်တမ်းနှင့် အတွေးအခေါ်များ” စာအုပ်မှာ အများအပြား တွေ့ရပါတယ်။

ဆရာကြီး၏ ငယ်သူငယ်ချင်းဖြစ်သူ သစ်တောဝန် ကိုဝင့်မော်ထံ အလည်ရောက်လာခြင်းဖြစ်ရာ ဆရာကြီး၏ ကသာခရိုင်အတွင်း သစ်တောနဲ့ပတ်သက်သည့် မှတ်တမ်းမှတ်ရာများက စုံစုံလင်လင် ရှိလှပါတယ်။ ဆရာကြီး၏ မှတ်တမ်းတွင် ဘုရင်ခံ ဆာဟာကုတ်ဘတ္တလာ ၁၉၁၈ ခုနှစ် ခရစ်စမတ်ကာလ ဒီဇင်ဘာ ၂၅ ရက်မှ ဇန်နဝါရီ ၁ ရက်အထိ အမဲပစ်ထွက်ခြင်းနှင့် ပတ်သက်၍ “ သားကောင်များ၏ သင်္ချိုင်း” ခေါင်းစဉ်အောက်တွင် ....ကသာဒိစကြိတ် နမ်းပေါင်တောမှာ တိရစ္ဆာန်ရိုင်းများ ပေါလည်းပေါ၊ စုံလည်းစုံသောကြောင့် မုဆိုးများ၏ နတ်ပြည် (Paradise of Hunters) ဟု ၎င်းတို့ ခေါ်ကြပါတယ်။ မြန်မာပြည်တစ်ပြည်လုံးတွင် ကြံ့များသည် ဤအပိုင်း၌သာ တွေ့ရသည်ဆိုရာ မုဆိုးများ တစ်ခါတစ်ရံ တွေ့ရတတ်သော်လည်း ပညတ်ထားသော တိရစ္ဆာန်မျိုးဖြစ်သောကြောင့် မည်သူမျှ ပစ်ခွင့်မရ ဆို၏။ ဘုရင်ခံနှင့် အဖွဲ့မူကား ဥပဒေအထက်မှ လူတစ်စု ဖြစ်သောကြောင့် ဘာကောင်မဆို ပစ်နိုင်ခွင့်ရှိကြရာ ပစ်လည်း ပစ်ကြသည် ဆိုပါတယ်။ မျက်နှာဖြူ အရာရှိများသည်လည်းကောင်း၊ သူတို့၏ အမိန့်နှင့်ပစ်သော မုဆိုးများသည် လည်းကောင်း နေ့ရောညပါ ပစ်လိုက်ကြသည်မှာ မိုးမွှန်သွားတော့သည်။ .....နှစ်ကုန်၍ ခရစ္စမတ် ရက်သတ္တပတ် ပြီးဆုံးသဖြင့် ဘုရင်ခံတို့လူစု ပြန်သွားကြသောအခါ နမ့်ပေါင်ဗိုလ်တဲ ပတ်ဝန်းကျင်တစ်ဝိုက်မှာ သားကောင်များ၏ သင်္ချိုင်းကုန်းပမာ ဖြစ်၍ ပုတ်စော်နံကျန်ရစ်သည်ဟု ပြောကြလေသည်။ “နမ်းပေါင်း ဗိုလ်တဲ” ခေါင်းစဉ်အောက် တွင်... နေရာဌာန ပြောင်းလဲရခြင်းကို အလွန်နှစ်သက်သူ ကျွနု်ပ်မှာ နမ်းပေါင်းဗိုလ်တဲ ဝရန်တာတွင် အမောပြေထိုင်လျက်ရှိစဉ် အရပ်လေးမျက်နှာ၌ တောကြီး၊ မြိုင်ကြီး၊ စိမ့်ကြီး၊ စမ်းကြီးများ ၀ိုင်းရံလျက် ရှိသော ရှုခင်းအသစ်အဆန်းကို မြင်ရသည်နှင့် စိတ်ထဲတွင် တစ်မျိုး ကြည်နူးမိပါတော့သည်...ဟု ရေး ဖွဲ့ခဲ့လေသည်။ ဆရာကြီး၏ တစ်သက်တာမှတ်တမ်းတွင် ကသာ ခရိုင်၏ တောရိပ်တောင်ရိပ် အမျိုးမျိုးကို အခန်းပေါင်းများစွာဖြင့် ရေးဖွဲ့ခဲ့သည်မှာ မြန်မာစာပေ သမိုင်း၏ အမွေကောင်းကြီးတစ်ခုဖြစ်ခဲ့ပါပေသည်။ သမိုင်းတွင်ခဲ့သည့် သစ်တောများမှာ ဒဏ္ဍာရီသဖွယ် ဖြစ်နေအောင် ခိုးထုတ်နေကြသည်မှာ ဝမ်းနည်းဖွယ်ရာ ဖြစ်ပါသည်။

ဆယ်စုနှစ် နှစ်ခုနီးပါးကြာ ခိုးထုတ်ခဲ့တဲ့ ဆိုးကျိုးများ

ကသာခရိုင်အတွင်း မိုးသစ်တောများ တရုတ်နိုင်ငံသို့ ခိုးထုတ်ခဲ့ကြသည်မှာ ၂၀၀၀ ပြည့်နှစ်နောက်ပိုင်းမှ ဖြစ်ပါတယ်။ ယင်းအချိန်က တမလန်းသစ် ၁၀ လက်မ ပတ်လည်၊ ကိုးပေတိုများ စတင်ထုတ်ခဲ့ကြောင်း ဒေသခံများ၏ မှတ်တမ်းများအရဆိုပါတယ်။

မဲဇာတိုက်နယ်မှ ဒေသခံတစ်ဦးက “အရင်က ဆေးပြားဆိုတာ ဒီဒေသက လူတွေ မမြင်ဖူးဘူး။ အဲဒီ သစ်ချတဲ့ ဆရာတွေက အလုပ်သမားတွေ တစ်ညလုံး အပင်ပန်းခံယူလာရင်းနဲ့ WY ဆေးပြားဆိုတာမြင်ဖူးကြတာ။ အခုတော့ တစ်နယ်လုံး ပြန့်နေပြီ။ အဲဒီတုန်းကဆိုရင် တမလန်းပင် ပြပေးတဲ့သူ၊ ဖြတ်တဲ့သူ၊ သယ်ပေးတဲ့သူ၊ ကားပေါ် ထမ်းတင်ပေးခဲ့သူ အမျိုးမျိုးငွေရကြတော့ လူငယ်တွေ အများကြီးပဲ ပျက်စီးကုန်တယ်။အခုကျတော့ တစ်နယ်လုံး ခေတ်ပျက်ထဲ ရောက်ကုန်တာ စပါးကွင်းထဲက ကောက်လှိုင်းပါ လူအိပ်စောင့်ရတော့တာလေ။ ခိုးကြလွန်းလို့” လို့ ဆိုပါတယ်။

သစ်တောတွေ ပြုန်းတီးလာတော့ ဒေသတွင်း ချောင်းငယ်၊ မြောင်းငယ်တွေ ပျောက်ပျက်လာပါတယ်။ ရေဝေရေလဲတွေ ပျက်ယွင်းလာပါတယ်။ အင်းငယ်၊ ကန်ငယ်တွေ ကွယ်ပျောက်လာပါတယ်။ သဘာဝ သား၊ ငါး ရှားပါးမှုတွေ ကြုံတွေ့လာပါတယ်။ အထူးသဖြင့် ဗန်းမောက်၊ အင်းတော်၊ ထီးချိုင့် မြို့ နယ်အတွင်း ဖြတ်သန်းစီးဆင်းလာတဲ့ မဲဇာမြစ်မှာ တဖြည်းဖြည်းကန်းလာနေပြီဖြစ်ပါတယ်။

မဲဇာမြစ်ဟာ ၈၆ မိုင်ခန့် ရှည်လျား၍ ဗန်းမောက်မြို့နယ်တွင် ၂၈ မိုင်၊ အင်းတော်မြို့နယ်တွင် ၃၈ မိုင်၊ ထီးချိုင့်မြို့နယ်တွင် မိုင် ၂၀ ဖြတ်သန်းပြီး ဧရာဝတီမြစ်အတွင်း စီးဝင်ပါတယ်။ ရေစီးနှုန်း တစ်နာရီလေးမိုင်ခန့်ရှိ၍ မိုးရာသီတွင် ရေအနက် ၁၂ ပေခန့် နက်ပါတယ်။ မြစ်ရိုးတစ်လျှောက်မှာ ရှမ်း၊ ကတူး၊ ကနန်းလူမျိုးတို့ နေထိုင်ကြပါတယ်။ ကုန်းဘောင်ခေတ်မှာ ကူးသန်းရောင်းဝယ်ရေးကိစ္စ၊ အခွန်တော်ကိစ္စရပ်များအတွက် ရေကြောင်းကို အသုံးပြုခဲ့ကြောင်း မှတ်တမ်းများအရ ဆိုပါတယ်။ ယင်းအချိန်က အသုံးပြုခဲ့သည့် မန်လည်တိုက်နယ်၊ တံခွန်တိုင်ကျောင်းတွင် စေတီဟုအမည်တွင်တဲ့ အလျား ၅၇ ပေ၊ အနံ ၆ ပေ ၅ လက်မရှိ မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံး ကျွန်းသစ်လုံးထွင်း လှေကြီးကိုလည်း ယနေ့တိုင် တွေ့မြင်နိုင်ပါတယ်။ ယင်းလှေထက်ကြီးတဲ့ ကျွန်းသစ်လုံးထွင်းလှေမှာ မြန်မာသက္ကရာဇ် ၁၂၂၄ ခုနှစ်က ကချင်သူပုန်ထသည့်အခါ မင်းခွန်တော် ဆက်သသည့်လှေဟု အကြောင်းပြကာ မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

ယခင်ကာလက ကောင်းမွန်လှသောမြစ်ကြောင်းမှာ မြစ်အထက်ပိုင်းတွင် ရွှေတူးခြင်း၊ ရေဝေရေလဲ သစ်တောများ ပြုန်းတီးလာခဲ့ကြောင့် တဖြည်းဖြည်းကောလာခဲ့ခြင်းဖြစ်ရာ နွေရာသီတွင် တစ်ပေအောက်သာ နက်တော့ကြောင်း သိရပါတယ်။ ဘိုးဘွားစဉ်ဆက် လုပ်ငန်းတစ်ခုဖြစ်ခဲ့တဲ့ ၀ါးဖောင်မျှော ရောင်းချသည့် လုပ်ငန်းများလည်း  ၂၀၀၀ ပြည့်နှစ်နောက်ပိုင်းတွင် ပပျောက်သွားကြောင်း သိရပါတယ်။

မဲဇာတိုက်မှ ကိုထွန်းသိန်းက “ မဲဇာချောင်းထဲက ငါးမစားရတာ ဆယ့်ငါးနှစ်ရှိတော့မယ်။ ရွာပေါင်း ငါးဆယ်ကျော်၊ အိမ်ပေါင်း ငါးထောင်ကျော် အနည်းဆုံး တစ်အိမ် ငါးပိဿာနှုန်းနဲ့ အလုပ်အကျွေး ပြုခဲ့တဲ့ချောင်းပေါ့။ တစ်ပိဿာ ၄၀၀၀ နှုန်းနဲ့ တွက်လို့ တစ်နှစ်ကို သိန်းပေါင်း တစ်ထောင် အကျိုးပြုခဲ့တဲ့ မြစ်ပေါ့။ အခုတောတွေပါးပြီး မိုးခေါင်နေတော့ မဲဇာချောင်းရေမကြီးတာ ခုနစ်နှစ်ကျော်ပြီ။ ချောင်းဘေးအတွင်း နှစ်တိုင်း ကြွက်ဘေးကျနေတာ။ စဉ်းစားကြည့်ရင် သဘာဝတွေ ပျက်စီးသွားတာဟာ ဒီဒေသအတွက် အရှုံးချည်းပဲဗျ” ဟု ဆိုသည်။

သစ်တောပြုန်းတီးမှု အမြင့်ဆုံး စာရင်းဝင်နေဆဲ မြန်မာနိုင်ငံ

ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (WFO) ၏ ၂၀၁၅ ခုနှစ် စက်တင်ဘာ ၇ ရက်က အာဖရိက ဒါဘင်မြို့တွင် ကျင်းပခဲ့တဲ့ ကမ္ဘာ့သစ်တောများ ကွန်ဂရက် ထုတ်ပြန်ချက်တွင် ၂၀၁၀ မှ ၂၀၁၅ ခုနှစ်အတွင်း ကမ္ဘာ့သစ်တောပြုန်းတီးမှုစာရင်းတွင် အဆင့် (၃) အဖြစ် ရပ်တည်နေကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

ငါးနှစ်တာကာလအတွင်း တစ်နှစ်လျှင် သစ်တောဟက်တာ ငါးသိန်းလေးသောင်းနှုန်း ပြုန်းတီးနေခြင်းဖြစ်ပြီး အဓိကအကြောင်း တရားများတွင် အိမ်နီးချင်းနိုင်ငံများသို့ သစ်ခိုးထုတ်မှု၊ ဒေသတွင် ထင်းသုံးစွဲမှု၊  လယ်ယာမြေချဲ့ထွင်လာမှုတို့ကြောင့် ဖြစ်ကြောင်း သိရပါတယ်။

လက်ရှိ တွေ့မြင်ကြားသိရမျှ အချက်အလက်များအရ သစ်မှောင်ခို ခိုးထုတ်မှုမှာ အမြင့်မားဆုံးနှင့် အမြန်ဆုံး အခြေအနေတွင်ရှိနေရာ သစ်တောပြုန်းတီးမှုအဆင့်မှာ ကျရိပ်မမြင်ရသေးပေ။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း မြန်မာနိုင်ငံတွင် နိုင်ငံရေးအခြေအနေ ပြောင်းလဲလာပြီးနောက်ပိုင်း ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှ အဖိုးတန်သစ်အများအပြား ခိုးထုတ်ခံနေရခြင်းကြောင့်ဖြစ်ပါတယ်။

ကမ္ဘာ့ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးမွေးမြူရေးအဖွဲ့ချုပ် အစီရင်ခံစာအရ မြန်မာနိုင်ငံဟာ ၁၉၉၀ ခုနှစ်-၂၀၁၀ ခုနှစ်အတွင်း သစ်တော ၁၉ ရာခိုင်နှုန်း၊ ၇၄၄၅၀၀၀ ဟက်တာ၊ စတုရန်းမိုင်ပေါင်း ၂၈၇၅၀ ဆုံးရှုံးခဲ့ပါတယ်။ လွတ်လပ်ရေးရပြီးချိန်တွင် သစ်တောဖုံးလွှမ်းမှု ၇၀ ရာခိုင်နှုန်းရှိခဲ့သော်လည်း ၂၀၁၄ ခုနှစ်တွင် ၄၈ ရာခိုင်နှုန်းသာ ရှိပါတယ်။ မြန်မာနိုင်ငံမှာ ၁၉၉၀ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ သစ်တောပြုန်းတီးမှု နှစ်စဉ် ၀ ဒသမ ၉၅ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၀ ဒသမ ၃ ရာခိုင်နှုန်းသို လျှော့ချခဲ့ပါတယ်။

သစ်တောပြုန်းတီးခြင်း၏ အဓိကအကြောင်းတရားများမှာ တရားမဝင် သစ်ခိုးထုတ်ခြင်း၊ လယ်ယာမြေများ ချဲ့ထွင်လာခြင်း၊ မြေယာပြဿနာများ ဖြစ်ခြင်းတို့ကြောင့် ဖြစ်ကြောင်း မှတ်တမ်းများက ဆိုပါတယ်။

ကသာခရိုင် သစ်တောဦးစီးဌာနမှ ခရိုင်မှူး ဦးတင်စိုးက “သက်ဆိုင်ရာအဖွဲ့တွေ စုပြီး လုံခြုံရေး အခြေအနေကောင်းတဲ့နေရာတွေမှာ ဖမ်းဆီးတာတွေ ရှိပါတယ်။ လွန်ခဲ့တဲ့ရက်ပိုင်းကပဲ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးအဖွဲ့ ဝန်ထမ်းတွေ၊ လွန်ခဲ့တဲ့ သုံးလေးလကဆိုရင်ဗန်းမောက်နယ်မှာ တောအုပ်နဲ့ အထွေထွေ အုပ်ချုပ်ရေးဝန်ထမ်းတွေ ဖမ်းဆီးခံရတာတွေရှိတယ်။ အခြေအနေက သီးသန့်ကွင်းဆင်းလို့ မရတဲ့ အခြေအနေဖြစ်နေတယ်။ ဇလုံတောင် သဘာဝထိန်းသိမ်းရေးနယ်မြေဆိုရင် ဒေသခံတွေကို ရနိုင်သလောက် စည်းရုံးထားနိုင်တယ်။ တခြားနေရာတွေမှာလည်း စည်းရုံးထားတာတွေရှိတယ်။ ကသာခရိုင် မိုးသစ်တောကြီးတွေက စစ်ကိုင်းတိုင်းဒေသကြီးအခြားနေရာနဲ့ စာရင်အတော်များများ ကျန်ရှိနေသေးတယ်လို့ သုံးသပ်ရမှာပေါ့။ ဒါတွေထိန်းသိမ်းဖို့ဆိုတာ အားလုံးပါဝင်မှ ရမှာပါ” လို့ ပြောကြားပါတယ်။

ကသာခရိုင်မိုးသစ်တောများ ရေရှည်တည်တံ့ရေးမှာ လက်ရှိတွင် ထိန်းသိမ်းရန် အလွန်ခက်ခဲပါတယ်။ လုံခြုံရေးယူထားသည့် လမ်းဂိတ်များတွင် ပိတ်ဆို့အရေးယူမှု တင်းကျပ်ခြင်း၊ ဒေသတွင်း လက်နက်ကိုင်များက ဟန့်တားခြင်း၊ သစ်မှောင်ခိုများ ဖြတ်သန်းသွားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက တားမြစ်ခြင်းပြုလုပ်နိုင်လျှင် သက်သာလျော့ပါးမည့် အခြေအနေရှိပါတယ်။ နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးမရှိခြင်းက ကသာဒေသမှ မိုးသစ်တောများ ကာကွယ်ရန်မှာ အလွန်ခက်ခဲသော အခြေအနေ တစ်ရပ်ဖြစ်နေပါတယ်။

Most Read

Most Recent