ကိုဗစ်အတားအဆီးများကြားက အသွားရော အပြန်ပါ ဖမ်းဆီးခံ​နေရတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားများ

ကိုဗစ်အတားအဆီးများကြားက အသွားရော အပြန်ပါ ဖမ်းဆီးခံ​နေရတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားများ
ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်သူမြန်မာရွှေ့ပြောင်းလုပ်သားအချို့အား ဖမ်းဆီးထားသည်ကို တွေ့ရစဉ်
ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်သူမြန်မာရွှေ့ပြောင်းလုပ်သားအချို့အား ဖမ်းဆီးထားသည်ကို တွေ့ရစဉ်
Published 6 February 2022
ကိုရွှေသိန်း၊ ဇော်မိုးဦး

ကိုဗစ် ကန့်သတ်ချက် အတားအဆီးတွေကြားက အိမ်လွမ်းစိတ်ကိုရှေ့တန်းတင်ပြန်လာကြတဲ့ မြန်မာ့ရွှေ့ပြောင်းလုပ်သားတွေကို တစ်ပတ်မှာ သုံးရက်၊ တစ်ရက်ကို ၂၀၀ နှုန်းနဲ့ လက်ခံကြိုဆိုလျက်ရှိပါတယ်။

ပြန်လာတဲ့နှုန်းနဲ့ လက်ခံကြိုဆိုတဲ့နှုန်းမျှခြေမညီတဲ့အတွက် မဲဆောက်အချုပ်မှာ အမိ မြန်မာနိုင်ငံဘက်သို့ ပြန်ရမယ့်ရက် စောင့်ဆိုင်းရင်း အခက်အခဲတွေနဲ့ နေရသူတွေလည်း အများအပြားရှိနေပါတယ်။

အချုပ်ခန်းဆိုတာ ဟိုတယ်၊ တည်းခိုခန်း မဟုတ်လေတော့ ဘယ်လိုပင်လူ့အခွင့်အရေး၊ အချုပ်သား အခွင့်အရေး ရှိတယ်လို့ပြောပြော နှစ်ရက်တာ စောင့်ဆိုင်းရတာကို ရက်တာရှည်လွန်းတဲ့ ငရဲခန်း ရောက်နေရသလိုပဲလို့ ဆိုကြပါတယ်။

ကိုဗစ် စည်းမျည်းအရ မြို့နယ် ချင်းဖြတ်ကျော်ပြီး ယခင်ကလို လိုင်းကားနဲ့ ပြန်လာလို့မရလေတော့ ပွဲစားတွေမှတစ်ဆင့် ထိုင်းပုလိပ်နဲ့ ချိတ်ဆက်ကာ ဟန်ဆောင်အဖမ်းခံပြီး ပြန်လာခဲ့ရတယ်လို့ သိရပါတယ်။

ဟန်ဆောင်ဖမ်းဆီးခံကြရပေမဲ့ အပြစ်သား၊ အကျဉ်းသားအဖြစ်နဲ့ အချုပ်ထဲမှာနေကြရပြီး ထိုင်းကို ပြန်လာလို့ မရတော့တဲ့ ဆုံးရှုံးမှုနဲ့လည်း ရင်ဆိုင်ကြရပါတော့တယ်။ နေရပ်ပြန်လာတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေ ထိုင်းကိုပြန်သွားလို့ မရအောင် ထိုင်းလဝကက စာရွက်စာတမ်း Passport တွေကို Cancel တုံးထုပြီး ပယ်ဖျက်လိုက်တဲ့အခါကျ​​​​တော့ ပြည်ဝင်ခွင့်မရတော့ပါဘူး။ စာရွက်စာတန်းတွေကလုပ်တဲ့အခါ ရွှေငွေ လက်ဝတ်ရတနာတွေကို ပေါင်နှံရောင်းဝယ်ပြီး လုပ်ရတဲ့အတွက် နေရပ်ပြန်လုပ်သား အများစုက  နှမြောတသ စိတ်မကောင်းဖြစ် နေရပါတယ်။

မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက “Cancel တုံးကို ဘာလိုထုလဲဆိုတော့ ငွေပေးပြီး အဖမ်းခံကာ လာရတဲ့အတွက် ထိုင်း လဝက ဥပဒေမှာ ရာဇဝတ်သားအဖြစ် သတ်မှတ်ပြီး Cancel တုံးထု လိုက်တာပါပဲ” လို့ ဆိုပါတယ်။

မြန်မာရွှေ့ပြောင်းလုပ်သား အများစုကတော့ နောက်ချန်မိသားစုတွေရဲ့ဘဝလှပရေး၊ မိသားစုဝမ်းရေး ပြဿနာကို ဖြေရှင်းမယ်ဆိုတဲ့ မျှော်လင့်ချက် မိုးကောင်းကင်ကြီးတွေနဲ့ ထိုင်းကိုသွားခဲ့ကြတာပေါ့။ သူတို့တွေဟာ သား၊ သမီး၊ မိဘတွေ၊ ဆွေမျိုးတွေနဲ့ ရင်နင့်စွာခွဲခွာလာရသူမို့ အိမ်လွမ်းစိတ်နဲ့ အပြေး ပြန်လာသူတွေလည်းဖြစ်ပါတယ်။

နေရပ်ပြန်တွေ ဟန်ဆောင် အဖမ်းခံမှုတွေအတွက် ဘတ် ၄၀၀၀ မှ ဘတ် ၈၀၀၀ အထိကုန်ကျနေသလို တစ်ဖက်မှာလည်းငွေရလိုမှုကြောင့် အမှန်တကယ်လွတ်ရက်စေ့ အချုပ်သား၊ အချုပ်လွတ်မြန်မာ လုပ်သားတွေ ငွေမပေးနိုင်လို့ ပြန်ခွင့်မရဘဲ ဆက်လက်အချုပ်ကျခံနေရသူတွေလည်း ရှိတယ်လို ဆိုပါတယ်။

ထိုင်းနိုင်ငံရဲ့ ရဲ၊ လဝကနဲ့ အထူးထိန်းသိမ်းရေးကနေပြန်လာသူတွေ ဖြစ်ပါတယ်။ ရာဇဝတ်မှု ဥပဒေတစ်ခုခု မကျူးလွန်ပါဘဲနဲ့ အမိမြေကိုပြန်ချင်လွန်းတဲ့ အိမ်လွမ်းစိတ်တွေနဲ့ ထိုင်းလဝကကို ပိုက်ဆံပေးပြီး ပြန်လာကြတာဖြစ်ပါတယ်။

မဲဆောက်မြို့မှာ အခြေစိုက်နေပြီး မြန်မာအလုပ်သမားတွေကို ကူညီဆောင်ရွက်ပေးနေတဲ့ မြန်မာ ပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက “နေရပ်ပြန်လာသူတွေဟာ ထိုင်း လဝက၊ ရဲ ဝန်ထမ်းတွေကို ပွဲစားတွေကတစ်ဆင့် ပိုက်ဆံပေး ပြီး လာကြတာပါ။ ငွေကြေးပေးရတယ်။ ငွေကြေးပေးတိုင်းလည်း ချက်ချင်းပြန်လို့ရတာမဟုတ်ပါဘူး။ ဘန်ကောက်မှာ ရက်စောင့်ရတယ်။ သူပေးတဲ့ငွေပမာဏ အနည်းအများပေါ်လည်းမူတည်သေးတယ်။ ပိုက်ဆံဘတ် ၃၀၀၀ လောက် ပေးထားသူနဲ့ ဘတ် ၈၀၀၀ ပေးထားတဲ့သူနဲ့ စောင့်ရတာချင်းတော့ မတူဘူး။ ဒီလို ငွေပေးပြီး ပြန်လာကြပေမဲ့ ထိုင်းနိုင်ငံကိုပြန်သွားလို့ မရတော့တဲ့ အခက်အခဲပေါ့။ သူတို့ရဲ့စာရွက်စာတမ်း​​တွေအားလုံးကို ထိုင်းလဝကကနေ Cancel တုံးထု လိုက်တယ်။ အမိနိုင်ငံမှာအကြောင်း အမျိုးမျိုးနဲ့အလုပ်အကိုင်တွေ အခက်အခဲတွေ့လို့ ထိုင်းနိုင်ငံကို ပြန်ဝင်မယ်ဆိုရင် ပြည်ဝင်ခွင့်မရတော့ဘူး။ သူတို့မှာ ငွေကုန်ကြေးကျ အများကြီး ကုန်ကျခံထားရတဲ့ စာရွက်စာတမ်း အထောက်အထား ဆုံးရှုံးရတယ်။ အထောက်အထား၊ စာရွက်စာတမ်းနဲ့ပတ်သက်ရင် မိန်းကလေးတွေဆိုရင် ဆွဲကြိုး၊ နားကပ်၊ လက်စွပ်၊ လက်ကောက်စတဲ့ စုမိဆောင်းမိတာတွေကို ပေါင်နှံ ရောင်းချပြီးလုပ်ကြရတယ်။ ယောကျ်ားလေးတွေကတော့ ရှိတာကို ပေါင်နှံရောင်းချပြီး ပြုလုပ်ခဲ့ကြတာပါပဲ။ စာရွက်စာတမ်း အထောက်အထားတွေကို ပြည်ဝင်ခွင့်မရအောင် Cancel တုံးထုလိုက်တာကတော့ အရမ်း နှမြောဖို့ကောင်းပါတယ်” လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံမှပြန်လာတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေကို မြဝတီမြို့မှာရှိတဲ့ Quarantine Centre တွေမှာ ၁၀ ရက်စောင့်ကြည့်စစ်ဆေးပြီး ကိုဗစ်ရောဂါပိုးရှိသူတွေကို မြဝတီမြို့ ကိုဗစ်စင်တာမှာ ကုသမှုခံယူစေမည်ဖြစ်ပြီး ရောဂါပိုးမ တွေ့သူတွေကို သတ်မှတ်ရက်ပြည့်ရင် နေရပ်ဒေသအသီးသီးသို့  ပို့ဆောင်ပေးလျက်ရှိပါတယ်။

မိုးပျံပူဖောင်းစီးပြီး မြင့်တက်သွားတဲ့ ကုန်စျေးနှုန်းကို ဇက်လည်အောင် မော့ကြည့်ကာ ပြည်တွင်းမှာ ရရှိလာတဲ့ လုပ်အားခနဲ့ ထိန်းညှိနိုင်တဲ့ အခြေအနေမရှိတော့တဲ့အတွက်  မိသားစုစားဝတ်နေရေးကို ပြေလည်စေချင်လို့ ထွက်ခွာခဲ့သူတွေ၊  ပြည်တွင်းမှာ အလုပ်အကိုင် အခွင့်အလမ်း ရှားပါးပြီးအိမ်နီးချင်း နိုင်ငံတွေနဲ့နည်းတူ ခေတ်ရေစီးကြောင်းအလျောက် အခြေခံလုပ်ခ လစာ မသတ်မှတ်နိုင်ဘဲ လုပ်အားခနှုန်း နည်းပါးခြင်းတို့ကြောင့်လည်း အိမ်နီးချင်း ထိုင်းနိုင်ငံသို့ထွက်ခွာသူများပြားပြီး လူ့စွမ်းအားအရင်းအမြစ်တွေ ဆုံးရှုံးနေခဲ့တာလည်းဖြစ်ပါတယ်။

ခုနေအခါမှာ ပြည်တွင်းနိုင်ငံရေးအပြောင်းအလဲ၊ အလုပ်အကိုင် ရှားပါးမှုနဲ့ မိသားစုဝမ်းရေးအတွက် တရားဝင် နယ်စပ်ဖြတ်ကျော်သွားလာခွင့်မရပေမဲ့ တရားမဝင်သွားလာခြင်းကြောင့် ဖမ်းဆီးခံရသူတွေ နေ့စဉ် ရာနဲ့ချီ ရှိနေပါတယ်။

ဒါကလည်း ဘန်ကောက်နဲ့ ပတ်ဝန်းကျင်မှာ အထောက်အထားမဲ့တွေကို အထောက်အထား ပြုလုပ်ပေးမယ်ဆိုတဲ့ သတင်းစကားကို ညွှတ်ကွင်းသဖွယ်အသုံးချလာတဲ့ လူကယ်ရီပွဲစားတွေကြောင့် တစ်ယောက်ကို ဘတ် ၁၅၀၀၀ ကနေ ၂၅၀၀၀ အထိ အကုန်အကျခံပြီး အဖမ်းသွားခံနေသလိုဖြစ်နေပါတယ်။

အလုပ်အကိုင်ရှားပါးမှု၊ အလုပ်အကိုင် အခွင့်အလမ်းရရှိဖို့ သက်ဆိုင်သူတွေအနေနဲ့ တရားဝင် ဖြစ်ရေး တွန်းတွန်းတိုက်တိုက် ဆောင်ရွက်ရမယ့် အချိန်ဖြစ်နေပြီလို့ အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူတွေကဆိုပါတယ်။

အေဂျင်စီတွေအနေနဲ့ MoU လုပ်သားစေလွှတ်ခွင့်ရဖို့ ကြိုးစားဆောင်ရွက်နေမှုတွေရှိနေပြီး လွန်ခဲ့တဲ့ရက်က ကမ္ဘောဒီးယားနိုင်ငံမှ အလုပ်သမား ၁၅၀ ကို ထိုင်းနိုင်ငံသို့ MoU လုပ်သားအဖြစ် စေလွှတ်ခဲ့တဲ့ သတင်းတွေ နဲ့အတူ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်တဲ့ မြန်မာလုပ်သား​​တွေရဲ့ ဖမ်းဆီးခံရမှုသတင်းတွေကလည်း ရင်နင့်စရာကောင်းလှပါတယ်။

ထိုင်းနိုင်ငံနဲ့ ထိစပ်နေတဲ့ နယ်စပ်တွေအနက် ယခင်က မြဝတီ-မဲဆောက်လမ်းက တရားမဝင် ဝင်ရောက်မှုများပြားခဲ့ပေမဲ့ ယခုအခါ တနင်္သာရီတိုင်းဒေသကြီးနဲ့ ထိစပ်နေတဲ့ နယ်စပ်ဂိတ်တွေမှတစ်ဆင့် ထိုင်းနိုင်ငံဘက်သို့ သွားရောက်သူတွေ ပိုမိုများပြားလာတယ်လို့ဆိုပါတယ်။

တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်သူတွေဟာ ပွဲစားတွေဆီကတစ်ဆင့် သွားရောက်ကြတာဖြစ်ပြီး ပွဲစားတွေရဲ့ ပစ်မှတ်အဖြစ်  ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းနဲ့  ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလအတွင်း တနင်္သာရီတိုင်းဒေသကြီးဘက်ကို ဦးတည်လာတာတွေ့ရတယ်။ တနင်္သာရီတိုင်းဒေသကြီးနဲ့ နယ်ချင်း ထိစပ်နေတဲ့ ထိုင်းနိုင်ငံအတွင်းက ကန်ချနာဘူရီ၊ ပရာကျွတ်ခီရီခံနဲ့ ရနောင်း ခရိုင်ဘက်ကို ခြေဦးလှည့် လာတာတွေ့ရတယ်။ ကန်ချနာဘူရီခရိုင်က ထားဝယ်ခရိုင်နဲ့ ထိစပ်နေပြီး ပရာကျွတ်ခီရီခံခရိုင်က မြိတ်ခရိုင်နဲ့ ထိစပ်နေကာ ရနောင်းခရိုင်က ကော့သောင်းခရိုင်နဲ့ထိစပ်နေတာ ဖြစ်ပါတယ်။ ကော့သောင်း ခရိုင်မှာရှိတဲ့ ရနောင်းခရိုင်အတွင်းကို နယ်စပ်ဖြတ်ကျော်ဝင်ရောက်တဲ့အခါ မှာ ရေလမ်းခရီးကိုအသုံးပြုရတာဖြစ်ပြီး ကျန်နှစ်ခရိုင်ကတော့ နယ်စပ်တောလမ်းတွေကို ဖြတ်သန်းဝင်ရောက်ကြတာ ဖြစ်တယ်လို့သိရပါတယ်။

“ပွဲစားတွေကနယ်စပ်တော လမ်းမှာ လာချထားမယ်။ ပြီးရင် ထိုင်းလုံခြုံရေးတွေ အခြေအနေကို စောင့်ကြည့်ပြီး ထိုင်းနိုင်ငံထဲကို ပုံစံအမျိုးမျိုးနဲ့ ဝင်ရောက်ဖို့ ကြိုးစားကြတယ်။ ထိုင်းဘက်မှာက လမ်းကြောင်းတွေကို လုံးဝပိတ်ချထားပြီး နေ့ညမပြတ် စောင့်ကြည့်နေကြတယ်။ တောလမ်းကပဲ ဖြတ်သွားတာဖြစ်ပါစေ။ ကားလမ်းအတိုင်းသွားတာပဲဖြစ်ပါစေ။ လွတ်ဖို့မလွယ်ဘူး။ အတော်လေးကံကောင်းမှ နည်းနည်းပါးပါး လွတ်သွားတာမျိုးရှိပါတယ်။ ပွဲစားတွေကတော့ ငွေကျပ်သိန်းဆယ်ဂဏန်းအထိ တောင်းယူမယ်။ ဖမ်းမိရင်သူတို့လည်း ပြေးကြတယ်။ ဖမ်းမိနေတာက ထိုင်းနိုင ်ငံသားလမ်းပြတွေ၊ မြန်မာနိုင်ငံသားတွေပဲဖြစ်တယ်။ တချို့လယ်ပေါင်၊ မြေပေါင်ပြီးလာကြတယ်။ စိတ်မကောင်းလည်းဖြစ်ရတယ်။ နေ့စဉ်နီးပါးဒီအဖြစ်အပျက်တွေကို ကြားနေမြင်နေရတယ်” လို့ မြန်မာ-ထိုင်းနယ်စပ် မောတောင် မြို့ခံတစ်ဦးက ဆိုပါတယ်။

ထိုင်းနိုင်ငံဝန်ကြီးချုပ်က နယ်စပ်တောလမ်းတွေကတစ်ဆင့် တရားမဝင် ဝင်ရောက်မှုကို တင်းကျပ်စွာကိုင်တွယ်ဖို့ ညွှန်ကြားထားတာကြောင့် လုံခြုံရေးတွေ ထပ်တိုးမြှင့်ထားတယ်။ ကိုဗစ်ရောဂါ ထိန်းချုပ်မှုတွေလည်းရှိသေးတော့ မြန်မာနိုင်ငံသား အလုပ်သမားတွေအတွက် MoU က ကြန့်ကြာနေဆဲ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံအတွင်းမှာ မြန်မာအလုပ်သမားသိန်းနှင့်ချီပြီး အရေးပေါ်လိုအပ်နေတာကြောင့် ထိုင်းလုပ်ငန်းရှင်တွေကလည်း အလုပ်သမားရရှိရေးကို အဓိကကြိုးစားနေပြီး လုပ်ငန်းခွင်ထဲရောက်မှ တရားဝင်ဖြစ်အောင် စာရွက်စာတမ်းတွေ လုပ်ပေးဖို့စီစဉ်နေတာမျိုးလည်းရှိပါတယ်။ ထိုင်းထဲမှာရှိနေတဲ့ မြန်မာအလုပ်သမားတွေက လက်ရှိလုပ်ငန်းခွင်မှာ ပိုမိုပင်ပန်းနေကြတယ်” လို့ ရနောင်းမြို့မှာရှိနေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦးက ပြောကြားပါတယ်၊၊

မြန်မာနိုင်ငံမှာ ၁၉၉၀ ပြည့်နှစ်ကျော်ပိုင်းလောက်က တနင်္သာရီတိုင်းဒေသကြီးဘက်မှ ဖြတ်သန်းပြီး ထိုင်းနိုင်ငံကိုသွားရောက်ကြတဲ့ သူတွေကို ဒေသခံတွေက “ဘောလုံး” လို့ခေါ်ဆိုကြပြီး ယခုနှစ်ပေါင်း ၃၀ ကြာတဲ့အခါမှာ “ဘောလုံး” တစ်ခေတ်ပြန်ရောက်လာပါတယ်။ တိုင်းပြည်အတွင်း စီးပွားရေးကျပ်တည်းလာမှု၊ နိုင်ငံရေး မတည်ငြိမ်မှု၊ ကပ်ရောဂါအခြေအနေများနဲ့ အလုပ်အကိုင်ရှားပါးလာမှုများက ဒီခေတ်ကာလမှာ “ဘောလုံး” တွေသိန်းနှင့် ချီပြီးထွက်ခွာဖို့ဖြစ်လာပြန်တယ်။ ယခင်နှစ်ပေါင်း ၃၀ ကျော်အချိန်ကလို သိန်းနှင့်ချီပြီး နိုင်ငံကထွက်ခွာသွားကြဖို့ ကြိုးစားနေကြပြီး ၂၀၂၁ ခုနှစ်မှ ၂၀၂၂ ခုနှစ်အစပိုင်း လများအတွင်း မြန်မာနိုင်ငံသားတွေ သောင်းနဲ့ချီ ထွက်ခွာသွားနေကြသလို ထောင်နှင့်ချီပြီးလည်း ဖမ်းဆီးခံထားရပြီးဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နဲ့ မွန်ပြည်နယ်ဘက်က မြန်မာနိုင်ငံသားတွေ အဓိက သွားရောက်နေကြတာဖြစ်ပြီး သူတို့ဟာ ထိုင်းနိုင်ငံအတွင်းမှာရှိတဲ့ ဘန်ကောက်၊ မဟာချိုင်၊ စမုစခွန်၊ ပသုန်ထာနီ၊ ချွန်ဘူရီ၊ ကန်ချနာဘူရီ၊ ပရာကျွတ်ခီရီခံ၊ ရနောင်းနှင့် တခြားဒေသတွေကို သွားရောက်ဖို့ ကြိုးစားနေကြတာဖြစ်ပါတယ်။ ရေလုပ်ငန်းများ အဓိကရှိရာအဆိုပါဒေသတွေ မှာ မြန်မာရွှေ့ပြောင်းလုပ်သား သန်းနှင့်ချီရှိနေပြီး အလုပ်အကိုင်တစ်ခုရရှိဖို့ စွန့်စားထွက်ခွာနေကြတာဖြစ်ပါတယ်။

နိုင်ငံရေးမတည်ငြိမ်မှု၊ ပြည်တွင်းအလုပ်အကိုင်ရှားပါးမှု၊ လုပ်ခ လစာနည်းပါးမှုတွေကြောင့် မိသားစု ဝမ်း​​ရေးဖြေရှင်းဖို့ လုပ်ခလစာပိုရတဲ့၊ အလုပ်ရုံစက်ရုံတွေများပြားပြီး လုပ်ငန်းခွင်ရှိရာ ထိုင်းနိုင်ငံသို့ တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်မှုဖြင့် ဆက်လက်ပြီး မည်ရွေ့မည်မျှ ဖမ်းဆီးခံကြရဦးမလဲဆိုတာကိုတော့ဖြင့်  . . .။       

Most Read

Most Recent